အိုလံပစ် ပထမဆုံး ရွှေတံဆိပ် တရုတ်ဆွတ်ခူး

  • 28 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Getty
Image caption Siling Yi က အမျိုးသမီး မီတာ ၁၀ ရိုင်ဖယ် သေနတ်ပစ် ပြိုင်ပွဲကနေ ပထမဆုံး ရွှေတံဆိပ်ကို ရရှိ

၂၀၁၂ အိုလံပစ် အားကစား ပြိုင်ပွဲရဲ့ ပထမ ဦးဆုံး ရွှေတံဆိပ် ဆုကို တရုတ်နိုင်ငံ ကနေ ဆွတ်ခူး ရရှိသွားပါတယ်။

အမျိုးသမီး မီတာ ၁၀ ရိုင်ဖယ် သေနတ်ပစ် ပြိုင်ပွဲမှာ တရုတ်နိုင်ငံက ယီ ဆီလင်းက ပထမ ဆု ရရှိသွားတာ ဖြစ်ပါတယ်။

ဒီသေနတ်ပစ် ပြိုင်ပွဲမှာပဲ တရုတ်နိုင်ငံက ယူဒန်က ကြေးတံဆိပ် တခု ထပ်မံ ရရှိသွားပြီး ပိုလန်က ဘိုဂါကာ ဆီဝီယာက ငွေတံဆိပ် ဆွတ်ခူးသွားပါတယ်။

စနေနေ့ ကစားမယ့် အဓိက အားကစားပွဲတွေ ထဲမှာ အမျိုးသား စက်ဘီးစီး ပြိုင်ပွဲ၊ ဂျွမ်းဘား၊ ရေကူး၊ လှေလှော် နဲ့ ဘတ်စကက်ဘော ပြိုင်ပွဲတို့ ပါဝင်ကြ ပါတယ်။

အဲလ်ဘေးနီးယားနိုင်ငံ အလေးမ အားကစားသမား တဦး ကတော့ ဆေးစစ်ရာမှာ မအောင်တဲ့ အတွက် သူ့ကို ပြိုင်ပွဲကနေ ပိတ်ပင် လိုက်ပါတယ်။

၂၀၁၂ လန်ဒန် အိုလံပစ် ဖွင့်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဌက အံ့ဘွယ်မခန်း အခမ်းအနား ဖြစ်တယ်လို့ ချီးကျူး ပြောကြားပါတယ်။

ဗြိတိသျှတို့ရဲ့ တီထွင် ဖန်တီးနိုင်မှုနဲ့ ပတ်သက်တဲ့ သရုပ် ဖေါ်ချက် အားလုံးဟာ အင်မတန် ကောင်းမွန်တယ်လို့ သူက ပြောပါတယ်။

ဒါပမေယ့်လည်း အိုလံပစ် ဖွင့်ပွဲ အခမ်းအနားနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

တရုတ်အစိုးရ သတင်းစာ ဖြစ်တဲ့ ရှင်ဝှာ မှာတော့ ဗြိတိန်ဟာ ခေတ်အဆက်ဆက် ကမ္ဘာ့ကို လွှမ်းမိုးထားပြီး၊ ရှေ့အနာဂတ် မှာလည်း ကမ္ဘာကြီးကို ဆက်လက် ကြီးစိုးသွားမှာ ကို ဖေါ်ကျူးဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ ရေးသားထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ