မြန်မာ အားကစားသမား တဝက် အိုလံပစ်က ထွက်ပြီ

  • 29 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ပထမနေ့ ပွဲစဉ်မှာ ရှုံးခဲ့တဲ့အတွက် အကောင်းဆုံး အရှုံးသမား ရှစ်ယောက် ဒီကနေ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်

မြန်မာ လှေလှော်မယ် ရွှေဇင်လတ်ဟာ ဒုတိယနေ့ ပွဲစဉ်အဖြစ်၊ မီတာ ၂၀၀၀ တဦးချင်း လှေလှော်ပွဲမှာ ဒီကနေ့ ယှဉ်ပြိုင်ရာ၊ လေးယောက်ပြိုင်တဲ့ သူ့အုပ်စုမှာ တတိယ နေရာသာ ရခဲ့တဲ့ အတွက် ကွာတားတက်ဖို့ လက်လျှော့ လိုက်ရပါတယ်။

မရွှေဇင်လတ်ဟာ ပထမနေ့ ပွဲစဉ်မှာ ရှုံးခဲ့တဲ့ အတွက် အကောင်းဆုံး အရှုံးသမား ရှစ်ယောက်ရဲ့ ပြိုင်ပွဲ အဖြစ် ဒီကနေ့ ပြန်ပြီး ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာအနေနဲ့ အတော့်ကို ကြိုးစားရဦးမှာ ဖြစ်ကြောင်း ဦးနောတောင်က ပြောပါတယ်

မြန်မာ နိုင်ငံ ကို ကိုယ်စားပြု ပြိုင်ပွဲဝင်တဲ့ သေနတ်ပစ် Air Pistol သေနတ်ပစ် ပြိုင်ပွဲ မှာ မောင်ကြူး ယှဉ်ပြိုင်ရာ၊ အမှတ် ၆ဝဝ အနက် ၅၆၅ မှတ်သာ ရတဲ့ အတွက် ရှုံးနိမ့်ခဲ့ပြီး၊ ပြိုင်ပွဲက ထွက်သွားရပြီ ဖြစ်ပါတယ်။

၂၀၀၈ ဘေဂျင်း အိုလံပစ်မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ဘူးတဲ့ မြားပစ်ပြိုင်ပွဲက ကိုနေမျိုးအောင်ကတော့ အဆင့်သတ်မှတ်ပွဲမှာ၊ အမှတ် ၇၀၀ အနက် ၆၄၆ မှတ် ရရှိပြီး၊ ဝင်ပြိုင်သူ ၆၄ ဦးမှာ အဆင့် ၅၆ ပဲ ချိတ်ခဲ့ပါတယ်။

အခု မြန်မာအသင်း ပြိုင်ဖို့ ကျန်ရှိနေသေးတဲ့ ပွဲတွေကတော့ အမျိုးသား မီတာ ၄၀၀ အတွက် ကိုသက်ဇော်၀င်းနဲ့ မာရသွန် ပြေးပွဲအတွက် မနီလာစန်းတို့ ယှဉ်ပြိုင်ကြမယ့် ပွဲတွေပဲ ဖြစ်ပါတယ်။

ဂျူဒိုမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကျန်နေသေးတဲ့ မအေးအေးအောင်ကတော့ သြဂုတ်လ ၂ ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။ ဒီပွဲကို ယှဉ်ပြိုင်ဖို့ကတော့ သိပ်မလွယ်လှဘူးလို့ လန်ဒန်ကို ရောက်နေတဲ့ အားကစား ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနောတောင်က ပြောပါတယ်။

တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ကတော့ အိုလံပစ်ကို ထိုးဖေါက်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အနေနဲ့ကတော့ အတော့်ကို ကြိုးစားရဦးမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ