မိုက်ကယ်ဖဲ့ အိုလံပစ် ဆုတံဆိပ် စံချိန်တင်ရ

  • 1 ဩဂုတ် 2012
Phelps ဓာတ်ပုံ မူပိုင် AFP
Image caption အိုလံပစ် ဆုတံဆိပ် ၁၉ ခုနဲ့ ဆုတံဆိပ် အများဆုံး စံချိန်တင်ခဲ့တဲ့ မိုက်ကယ်ဖဲ့

အမေရိကန်က နံမယ်ကြီး ရေကူးသမား Michael Phelps ဟာ လန်ဒန် အိုလံပစ် စတုထ္ထနေ့မှာ ရွှေတခုနဲ့ ငွေတခု ထပ်ယူခဲ့ပြီး နောက် စုစုပေါင်း အိုလံပစ် ဆုတံဆိပ် ၁၉ ခုနဲ့ ဆုတံဆိပ် အများဆုံး ရတဲ့ အိုလံပစ် အားကစား သမား ဖြစ်လာခဲ့ပါတယ်။

Phelps ဟာ သူ့စိတ်ကြိုက် မီတာ နှစ်ရာ လိပ်ပြာ ကူးမှာ တောင်အာဖရိကက Chad La Clos ချတ်လကလော့စကို 0.05 စက္ကန့်နဲ့ ကပ် အရေးနိမ့်ခဲ့ပေမယ့် မိနစ်ပိုင်း အကြာမှာ မီတာ ၈၀၀ လက်ဆင့်ကမ်း လက်ပစ်ကူးမှာ အမေရိကန် အသင်းနဲ့ အတူ ရွှေတံဆိပ် ရရှိခဲ့ပါတယ်။

ဒီရွှေတံဆိပ်နဲ့ အတူ Phelps ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျောက် ဆိုဗီယက် ကျွမ်းဘား အားကစားသမား လတ်တီညီနာ တင်ထားတဲ့ ဆုတံဆိပ် ၁၈ ခု စံချိန်ကို ကျော်ပြီး ဆုတံဆိပ် ၁၉ ခုနဲ့ စံချိန်သစ် တင်ခဲ့ပါတယ်။

စတုထ္ထနေ့မှာပေးတဲ့ ရေကူး ရွှေလေးခုမှာ အမေရိကန်တွေက နှစ်ခု ယူသွားပြီး တရုတ်နဲ့ တောင်အာဖရိကတို့က တခုစီ ထပ်ယူခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ယိရှိဝမ် မီတာ နှစ်ရာ တဉီးချင်း လေးမျိုးစုံမှာ အိုလံပစ် စံချိန်တင်

တရုတ်က အသက် ဆယ့်ခြောက်နှစ်အရွယ် ကမ္ဘာ့ စံချိန် လောလောလတ်လတ် တင်ထားတဲ့ အမျိုးသမီး ရေကူးသမား ယိရှိဝမ်က မီတာ နှစ်ရာ တဉီးချင်း လေးမျိုးစုံမှာ အိုလံပစ် စံချိန်တင်ပြီး ရွှေရပါတယ်။

ရေကူးက ကျန်တဲ့ ရွှေတခုကိုတော့ အမျိုးသမီး မီတာ နှစ်ရာ လက်ပစ်ကူးမှာ အမေရိကန်က အယ်လီဆင် ရှမစ်က ယူသွားပါတယ်။

စတုထ္ထနေ့က ပေးတဲ့ ရွှေတံဆိပ် အများစုကို တရုတ်နဲ့ အမေရိကန်တို့က ခွဲယူသွားကြပါတယ်။

ရေကူး အပြင် skeet လို့ခေါ်တဲ့ ရွှေ့လျားနေတဲ့ ပစ်မှတ်ကို မှန်အောင် ပစ်ရတဲ့ သေနတ်ပစ်နဲ့ အမျိုးသမီး အသင်းလိုက် အလှပြ ကျွမ်းဘာကနေ အမေရိကန်တွေ ရွှေတခုစီ ထပ်ယူခဲ့ကြသလို တရုတ်က အမျိုးသား အလေးမနဲ့ အမျိုးသမီး နှစ်ယောက်တွဲ ဒိုင်ဗင်ကနေ ရွှေတခုစီ ထပ်ယူသွားပါတယ်။

အိုလံပစ် ပြိုင်ပွဲ လေးရက်ရှိလာချိန်မှာ တရုတ်က ရွှေ ၁၃ ခု အပါအဝင် ဆုတံဆိပ် ပေါင်း ၂၃ ခုနဲ့ ထိပ်က ပြေးနေပြီး အမေရိကန်က ရွှေ ၉ ခုနဲ့ ဒုတိယ လိုက်နေပါ တယ်။

ပြင်သစ်က အမျိုးသား တဉီးချင်း ကနူးလှေလှော် ပြိုင်ပွဲကနေ ရွှေတံဆိပ်ထပ်ယူပြီး ရွှေ လေးခုနဲ့ တတိယနေရာမှာ ရှိပါတယ်။

တောင်မြောက် ကိုရီးယား နှစ်နိုင်ငံနဲ့ ကာဇက်စတန်တို့က ရွှေ သုံးခုစီနဲ့ နောက် ကနေ လိုက်နေပါတယ်။

အိမ်ရှင် ဗြိတိန်အသင်းကတော့ ပြိုင်ပွဲ လေးရက်ရှိလာချိန်ထိ ရွှေတံဆိပ်တခု မရသေးဘဲ ရှိနေပါတယ်။

မနေ့က အသင်းလိုက် မြင်းအလှစီး ပြိုင်ပွဲကနေ ဗြိတိန်က ငွေတခု ယူနိုင်ခဲ့ပြီး နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု ဇယားမှာ နံပါတ် ၂၁ နေရာမှာ ရှိနေပါတယ်။

ဒီကနေ့မှာ စက်ဘီးပြိုင်ပွဲတွေ ပြန်စမှာဖြစ်ပြီး အိမ်ရှင် အသင်းအတွက် ပထမဆုံး ရွှေတံဆိပ်ကို ငါးရက်မြောက်နေ့မှာ မြင်ရနိုင်စရာ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ