ကြက်တောင် အသင်း ၄ သင်း ကို အိုလံပစ်က ထုတ်ပယ်

  • 1 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption စုစုပေါင်း ၄ သင်းပြိုင်ပွဲက ထုတ်ပယ် ခံလိုက်ရ ပါတယ်

အိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ၂ ဦးတွဲ အမျိုးသမီး ကြက်တောင် အသင်း ၄ သင်း က စုစုပေါင်း အားကစား သမား ၈ ဉီး ကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက် ပါတယ်။

၂ သင်းလုံး ရှုံးထွက်အဆင့် ကွာတားဖိုင်နယ်တက်ဖို့ သေချာပြီ ဖြစ်နေတဲ့ တရုတ်အသင်းနဲ့ တောင်ကိုရီးယားအသင်း ကစားနေကြတုန်းမှာ တဖက်နဲ့ တဖက် ရေကုန် ရေခမ်း ကစားတာ မရှိပဲ မရှုံး ရှုံးအောင် ကစားခဲ့တာပါ။

အဲဒီလို လုပ်တဲ့ အကြောင်းရင်းက လည်း ပွဲစဉ် ဇယားအရ အနိုင်ရတဲ့ အသင်းက ကွာတားဖိုင်နယ်မှာ သူတို့ထက် အရည်အချင်း ပိုသာတဲ့ အသင်းနဲ့ တွေ့ရမှာဖြစ်ပြီး ရှုံးခဲ့ရင် အရည်အချင်းအရ အခုန အသင်းထက် နိမ့်တဲ့ အသင်းနဲ့ တွေ့ရမှာမို့ အခုလို တမင်အလျှော့ ပေး ကစား ခဲ့ကြတာပါ။

ဘယ်လောက်အထိ တောင်ဖြစ်သလည်း ဆိုတော့ နှစ်ဖက် အပြန်အလှန် ရိုက်ကြတာ အများဆုံးက ၄ ချက် လောက်ပဲ ရှိတာတို့၊ ဆာဗင်ပေးတော့လည်း ပိုက်တိုး အောင်ထိုးတာတို့၊ ဆာဗင် ပေးရင် ပေးရတဲ့ အကွက်ကို ကျော်အောင် ထိုးတာလို့တွေ ကို နှစ်ဖက်စလုံး က လုပ်ကြပါတယ်။

ပွဲကစားချိန်မှာပဲ ဒိုင်လူကြီး Thorsten Berg က ပွဲရပ်ပြီး သတိပေးခဲ့ရပါပြီး၊ ပွဲကြည့်ပရိသတ်တွေကလည်း လှောင်ပြောင် အော်ဟစ်ခဲ့ကြပါတယ်။

ပွဲအပြီးမှာတော့ ရှုံးနိမ့် ခဲ့တဲ့ တရုတ် အသင်းက yu yang က သူတို့ဟာ နောက်တဆင့် တက်ဖို့ သေချာနေတာ ဖြစ်လို့ အလဟဿ အားကုန်အောင် မကစားတာ ပါလို့ ပြောပါတယ်။

ဒါပေမယ့်လည်း အားကစားစိတ်ဓာတ်နဲ့ မကိုက်ညီတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။

တရုတ်အစိုးရ သတင်းစာဖြစ်တဲ့ ရှင်ဟွာ သတင်းဌာနကတော့ ရွှေတံဆိပ် ရဖို့ထက် သန့်ရှင်းတဲ့ အားကစား စိတ်ဓာတ်နဲ့ ကစားဖို့က ပိုပြီးအရေးကြီးတယ်လို့ ဝေဖန် ရေးသားပြီး အခု အဖြစ်ပျက်နဲ့ ပတ်သက်ပြီး တရုတ် အိုလံပစ် အသင်းက စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဖော်ပြပါရှိပါတယ်။

အလားတူပဲ တခြား တောင်ကိုရီးယားအသင်း နဲ့ အင်ဒိုနီးရှား အသင်း တို့ကလည်း အားကောင်းတဲ့ တရုတ်အသင်း ကို ရှောင်ဖို့ တမင် တကာ မရှုံး ရှုံးအောင် ကစား ခဲ့တာကြောင့် အရေးယူခံရပါတယ်။ ကွားတား ဖိုင်နယ်ပွဲစဉ်တွေ ကတော့ မကြာမှီ အချိန်အတွင်းမှာ စတင်ကစား ကြတော့မှာ ဖြစ်ပါတယ်။

နှစ်ဦးတွဲ အမျိုးသမီး ကြက်တောင် အသင်း ၄ သင်းကတော့ တောင်ကိုးရီးယား က ၂ သင်း၊ တရုတ်အသင်း ၁ သင်း နဲ့ အင်ဒိုနီးရှား ၁ သင်း စုစုပေါင်း ၄ သင်းဖြစ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ