အိုလံပစ် ဆဌမနေ့ ဗြိတိန် ရွှေ သုံးခု ယူ

  • 2 ဩဂုတ် 2012
britain cyclin ဓာတ်ပုံ မူပိုင် PA
Image caption အမျိုးသား အသင်းလိုက် စက်ဘီးပြိုင်ပွဲ ရွှေရသွားတဲ့ ဗြိတိန်အသင်း

လန်ဒန် အိုလံပစ် ဆဌမမြောက်နေ့မှာ ဗြိတိန် အသင်းက တရက်ထဲ ရွှေ သုံးခု ယူပြီး နိုင်ငံအလိုက် ဆုရရှိမှု ဇယားမှာ နံပါတ် ငါးနေရာထိ တက်လာခဲ့ပါတယ်။

အမျိုးသား အသင်းလိုက် စက်ဘီးမှာ ဗြိတိန်က ခရစ်ဟွိုင်း၊ ဂျေဆင်ကယ်နီနဲ့ ဖိလစ် ဟိုင်းဒက်စတို့ အတွဲက ဖိုင်နယ်အတွက် လူရွေးပွဲမှာ သူတို့ကိုယ်တိုင် တင်ထားတဲ့ ကမ္ဘာ့စံချိန်ကို ချိုးနိုင်ခဲ့သလို ဖိုင်နယ် မှာလည်း ပထမ ရွှေတံဆိပ် ရပါတယ်။

အမျိုးသမီး အသင်းလိုက်မှာ တရုတ်က ပထမရပေမယ့် စည်းကမ်းနဲ့ ငြိတဲ့အတွက် ဒုတိယရတဲ့ ဂျာမနီ အသင်းကို ရွှေတံဆိပ် ပေးလိုက်ရပါတယ်။

ဗြိတိန် အသင်းအတွက် ကျန်တဲ့ ရွှေနှစ်ခုမှာ တခုက အမျိုးသား နှစ်ယောက်တွဲ ကနူး လှေပြိုင်ပွဲကလာပြီး နောက်တခုကတော့ အမျိုးသား သေနတ်ပစ်ကနေ ရတာ ဖြစ်ပါတယ်။

ပြိုင်ပွဲ ဆဌမနေ့ တရက်ထဲမှာ အမေရိကန်တွေက ရွှေတံဆိပ် ၆ ခု ယူသွားပြီး တရုတ်နဲ့ ရွှေတံဆိပ် အရေအတွက်တူ ဆယ့်ရှစ်ခု ရလိုက်ပါတယ်။

အမျိုးသမီး ဂျူဒို ၇၈ ကီလိုတန်းမှာ အမေရိကန်က ကေလာ ဟယ်ရစ်ဆင် ရွှေတံဆိပ်ရပြီး အမေရိကန်တွေထဲမှာ အမျိုးသမီး ဂျူဒိုမှာ ပထမဆုံး အိုလံပစ် ရွှေရသူ ဖြစ်လာပါတယ်။

ဂျူဒိုအပြင် အမျိုးသမီး တဉီးချင်း ဂျွမ်းဘားနဲ့ အမျိုးသမီး ရှစ်ယောက်တွဲ လှေလှော်တို့ကနေ အမေရိကန်တို့က ရွှေတံဆိပ် တခုစီ ယူပေးခဲ့ပါတယ်။

Image caption အမျိုးသား မီတာ ၂၀၀ တဉီးချင်း လေးမျိုးစုံကနေ မိုက်ကယ်ဖဲ့ ရွှေရ

ဒီကနေ့မှာ ရေကူးရွှေလေးခု ပေးရာမှာ သုံးခုကို အမေရိကန်တွေက ယူသွားပါတယ်။

အမျိုးသား မီတာ နှစ်ရာ တဉီးချင်း လေးမျိုးစုံမှာ အိုလံပစ် ဆုတံဆိပ် အများဆုံး ရထားပြီးသား မိုက်ကယ်ဖဲ့က ရွှေတခု ထပ်ယူခဲ့သလို အမျိုးသား မီတာ နှစ်ရာ ပက်လက်ကူးမှာ တိုင်လာ ကလာရီနဲ့ အမျိုးသမီး မီတာ နှစ်ရာ ရင်ဘောင်တန်းမှာ ရက်ဘက်ကာ ဆိုနီတို့က USA အသင်းအတွက် ရွှေသုံးခု ယူပေးခဲ့ပါတယ်။

ဆဌမနေ့ရဲ့ ရေကူးနောက်ဆုံး ရွှေကိုတော့ အမျိုးသမီး မီတာ တရာ လက်ပစ်ကူးမှာ နယ်သာလန်က ခရိုမိုဝစ်ဂျိုဂျိုက ယူသွားပါတယ်။ ဒီရွှေတံဆိပ်ဟာ နယ်သာလန် ရဲ့ ဒုတိယမြောက် ရွှေဖြစ်ပါတယ်။

ရေကူးမှာ အမေရိကန်တွေ ကြီးစိုးထားသလို ပင်ပေါင်နဲ့ ကြက်တောင်ကို တရုတ် တွေ ကြီးစိုးထားပါတယ်။

အမျိုးသား တဉီးချင်း စားပွဲတင် တင်းနစ် ဗိုလ်လုပွဲကို တရုတ် ကစားသမား နှစ်ယောက် တက်လာခဲ့ပြီး ကျန်းကျိုက်က တနိုင်ငံထဲသား ဝမ်းဟောင်ကို လေးပွဲ တပွဲနဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

ရေကူးပွဲစဉ် အားလုံးနီးပါး မနက်ဖန်မှာ ပြီးဆုံးမှာ ဖြစ်ပြီး ဒီကနေ့မှာ ပြေးခုန်ပစ် အားကစားပွဲတွေ စပါပြီ။

ပြေးခုန်ပစ် ပထမနေ့မှာ အမျိုးသမီး မီတာ တသောင်းနဲ့ အမျိုးသား သံလုံးပစ် တို့ကနေ ရွှေတံဆိပ် ဆုရှင် နှစ်ယောက် ဒီည ပေါ်ထွက်လာမှာ ဖြစ်ပြီး ဘယ်သူတွေ ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။