အိုလံပစ် သတ္တမနေ့ အမေရိကန် ဇယားထိပ်ရောက်

  • 4 ဩဂုတ် 2012
Phelps ဓာတ်ပုံ မူပိုင် AFP
Image caption ၁၇ ခုမြောက် အိုလံပစ် ရွှေယူပြီး ကန်ထဲက တက်လာတဲ့ မိုက်ကယ်ဖဲ့

လန်ဒန် အိုလံပစ် ခုနှစ်ရက်မြောက်နေ့မှာ အမေရိကန် ရေကူး အားကစားသမားတွေက ရွှေသုံးခု ယူပေးခဲ့ပြီး အမေရိကန် အသင်း ဇယားထိပ် တက်လာခဲ့ပါတယ်။

အမျိုးသမီး မီတာ နှစ်ရာ ပက်လက်ကူးမှာ အမေ ရိကန်က မစ်စီ ဖရန်ကလင် ရွှေရပြီး အမျိုးသား မီတာ တရာ လိပ်ပြာကူးမှာ လက်ရှိ အိုလံပစ် ချံပီယန် မိုက်ကယ်ဖဲ့က ရွှေရပြီး အိုလံပစ် ချံပီယန်ဘွဲ့ကို ထိန်းသိမ်း နိုင်ခဲ့ပါတယ်။

ဒီရွှေတံဆိပ်ဟာ မိုက်ကယ်ဖဲ့ရဲ့ အခု နှစ်ဆယ်မြောက် အိုလံပစ် ရွှေဖြစ်ပါတယ်။

ဒီနေ့ ရေကူးမှာ အမေရိကန် အသင်းအတွက် တတိယနဲ့ နောက်ဆုံးရွှေကို အမျိုးသမီး မီတာ ရှစ်ရာ လက်ပစ်ကူးမှာ အသက် ဆယ့်ငါးနှစ် အရွယ် ကေတီ လဒက်ကီက ၈ မိနစ် ၁၄.၆၃ စက္ကန့်နဲ့ ကမ္ဘာ့စံချိန် ချိုးပြီး ယူသွားခဲ့ပါတယ်။

မနေ့က ရေကူးကနေ ရွှေတံဆိပ် လေးခုပေးရာမှာ အမေရိကန်တွေက သုံးခုယူပြီး ကျန်တဲ့တခုကို အမျိုးသား မီတာ ငါးဆယ်မှာ ပြင်သစ်က ဖလောရင့် မနောဒိုးက ယူသွားပါတယ်။

တရုတ်ကလည်း ကြက်တောင် ကျားမ နှစ်ယောက်တွဲနဲ့ အမျိုးသား ထရင်ပိုလင် တို့ကနေ ရွှေတခုစီ ယူသွားပါတယ်။

ပြေးခုန်ပစ် ပြိုင်ပွဲတွေ မနေ့ညက စတင်ပြီး ပြေးခုန်ပစ်ရဲ့ ပထမဆုံး ရွှေကို ပိုလန်က တောမတ် မာဂျဝက်စကီက အမျိုးသား သံလုံးပစ်မှာ ၂၁ ဒဿမ ၈၉ မီတာ ပစ်ပြီး ယူသွားပါတယ်။

ပြေးခုန်ပစ် ပြိုင်ပွဲတွေ စတင်ပြီမို့ ခုလာမယ့် အပတ်မှာ အာဖရိကတိုက်က နိုင်ငံတွေ ဆုရရှိမှု ဇယား အပေါ်ကို တက်လာတာ မြင်ရဖွယ် ရှိပါတယ်။

မနေ့က အမျိုးသမီး မီတာ တသောင်းမှာ အိုလံပစ်နဲ့ ကမ္ဘာ့ ချံပီယန် အကြိမ်ကြိမ် ဖြစ်ဖူးတဲ့ အီသီယိုးပီးယားက တီရူနက်ရှ ဒီဘာဘာက မိနစ် သုံးဆယ် နှစ်ဆယ် ဒဿမ ၇၅ စက္ကန့်နဲ့ အီသီယိုးပီးယား နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို ယူသွားခဲ့ပါတယ်။