အိုလံပစ် ဒဿမနေ့ ရွှေရ နိုင်ငံ ၃၇ နိုင်ငံရှိလာ

  • 7 ဩဂုတ် 2012
Grenada ဓာတ်ပုံ မူပိုင် AFP
Image caption Grenada နိုင်ငံရဲ့ ပထမဆုံး ရွှေတံဆိပ်ရှင် ဆယ်ကျော်သက်ရွက် ကီရာနီဂျိမ်းစ

အိုလံပစ် ဆယ်ရက်မြောက်နေ့ အပြီးမှာ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု ဇယားမှာ ရွှေတံဆိပ် ရတဲ့ နိုင်ငံသစ်တွေ ပိုပိုများလာခဲ့ပြီး အခု ဆယ်ရက် ရှိလာချိန်မှာ ရွှေတံဆိပ် ရထားတဲ့ နိုင်ငံ ၃၇ နိုင်ငံ ရှိသွားပြီဖြစ်ပါတယ်။

မနေ့ညက နောက်ဆုံးကျင်းပတဲ့ ပြေးခုန်ပစ် အမျိုးသား မီတာ လေးရာပြေးပွဲမှာ အလယ်ပိုင်း အမေရိကက ကျွန်းနိုင်ငံလေး ဖြစ်တဲ့ ဂရက်နက်ဒါး နိုင်ငံက ဆယ်ကျော်သက်ရွယ် ကီရာနီဂျိမ်းစက သူ့နိုင်ငံအတွက် ပထမဆုံး သမိုင်းဝင် ရွှေတံဆိပ်ဆုကို ယူပေးခဲ့ပါတယ်။

စိတ်လှုပ်ရှားစရာ ကောင်းတဲ့ မြင်ကွင်းတွေကိုလည်း မနေ့က တွေ့ခဲ့ရပြီး အမျိုးသားမီတာ လေးရာ တန်းကျော်မှာ အလယ်ပိုင်း အမေရိကားက နောက်ကျွန်းနိုင်ငံလေးတခု ဖြစ်တဲ့ ဒိုမီနီကန် သမ္မတ နိုင်ငံက အသက် ၃၅ နှစ်အရွယ် ဖီးလစ် ဆန်းချက်က ရွှေတံဆိပ်ရပါတယ်။

ဆုယူဖို့ စင်မြင့်ပေါ် မတက်ခင် ဆန်းချက်စဟာ ဝမ်းသာလွန်းလို့ ရှိုက်ကြီးတငင် ငိုကြွေးနေတာကို အိုလံပစ်ကွင်းကြီးက ပရိသတ်တွေတင်မက ကမ္ဘာတဝှမ်းက ကြည့်နေတဲ့ ပရိသတ်တွေပါ တွေ့ခဲ့ကြရပါတယ်။

ဒီပွဲမှာ ဗြိတိန်က လက်ရှိ မီတာလေးရာ တန်းကျော် ကမ္ဘာ့ချံပီယန် ဒိုင်းဂရင်းလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စတုထ္ထနေရာကပဲ ပန်းဝင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အိမ်ရှင် ဗြိတိန် အသင်းအတွက် ရွှေတံဆိပ် နှစ်ခု မနေ့က ထပ် ယူခဲ့ပါတယ်။

မိုးလုံလေလုံ ကွင်းထဲက စက်ဘီးပြိုင်ပွဲမှာ ဂျေဆင် ကင်နီက ရွှေတခုယူပြီး နောက်ရွှေတခုကိုတော့ မြင်းအလှစီးမှာ နစ်စကယ်လတန်က ယူပေးခဲ့ပါတယ်။ ဒီရွှေဟာ ဗြိတိန်အသင်း မြင်းအလှစီးမှာ နှစ်ခြောက်ဆယ် အတွင်း ပထမဆုံး ရတဲ့ ရွှေလည်း ဖြစ်တာမို့ ဗြိတိန် အားကစား လောကမှာတော့ ပြောမဆုံး ဖြစ်နေပါတယ်။

ကျွမ်းဘားမှာ ရွှေရနေကြ တရုတ် အသင်း မနေ့က အလှပြ ကျွမ်းဘား ပြိုင်ပွဲ သုံးခုမှာ ရွှေနဲ့လွဲခဲ့ပေမယ့် အမျိုးသမီး လှေလှော်ရွက်တိုက်မှာတော့ တရုတ်က ရွှေတံဆိပ် တခု ယူပြခဲ့ပါတယ်။

တရုတ်နဲ့ ထိပ်နေရာကို ပြိုင်လုနေတဲ့ အမေရိကန်တွေ မနေ့က ရွှေမကပ် ဖြစ်နေတဲ့ အတွက် ဆယ်ရက်မြောက်နေ့ အပြီးမှာ နိုင်ငံအလိုက် ဇယားကို တရုတ်က ရွှေ ၃၁ ခုနဲ့ ဆက်ဉီးဆောင်နေပြီး အမေရိကန်က ရွှေ ၂၉ ခုနဲ့ ဒုတိယ လိုက်နေပါတယ်။

ဗြိတိန်က ရွှေ ၁၈ ခုရထားပြီး ပေကျင်းရွှေ အရေအတွက်ကို မှီဖို့ တခုပဲ လိုပါတယ်။

သူ့နောက်မှာ တောင်ကိုရီးယား၊ ပြင်သစ်၊ ရုရှ၊ အီတလီတို့ ရှိနေပါတယ်။