ယူစိန်ဘော့ မီတာ နှစ်ရာ အနိုင်ရ

  • 10 ဩဂုတ် 2012
jamaica ဓာတ်ပုံ မူပိုင် Reuters
Image caption အမျိုးသား မီတာ နှစ်ရာ ရွှေ၊ ငွေ၊ ကြေးကို ဂျမေကာ တနိုင်ငံထဲက ရယူသွား

မနေ့က လန်ဒန် အိုလံပစ် ပြေးခုန်ပစ်ပြိုင်ပွဲ တွေမှာ ကမ္ဘာကျော် အပြေးသမား နှစ်ယောက် ရွှေတံဆိပ် အသီးသီး ယူခဲ့ကြပါတယ်။

လက်ရှိ ကမ္ဘာမှာ အကျော်ကြားဆုံး အပြေးသမားလို့ ပြောနိုင်မယ့် ဂျမေကာက ကမ္ဘာ့ အမြန်ဆုံး လူသား ယူစိန်ဘော့ဟာ အိုလံပစ် မီတာ နှစ်ရာ ချံပီယန်ဆုကို ကာကွယ် ထိန်းသိမ်းနိုင်ခဲ့ပြီး မီတာ တရာနဲ့ နှစ်ရာ ချံပီယန်ဘွဲ့ နှစ်ခုလုံးကို ထိန်းသိမ်းနိုင်တဲ့ ပထမဆုံး အပြေးသမား ဖြစ်လာခဲ့ပါတယ်။

မီတာ နှစ်ရာ ဖိုင်နယ်ကို ဂျမေကာ အပြေးသမား သုံးယောက် တက်လာခဲ့ပြီး ရွှေ၊ ငွေ၊ ကြေး သုံးခုစလုံးကို ဂျမေကာ အပြေးသမား သုံးယောက်က ယူသွားခဲ့ပါတယ်။

သုံးယောက်စလုံး မီတာ နှစ်ရာကို စက္ကန့် နှစ်ဆယ်အောက် ပြေးနိုင်ပြီး ယူစိန် ဘော့က ဆယ့်ကိုး ဒဿမ ၃၂ နဲ့ ရွှေ၊ ယိုဟန်ဘလိတ်က ငွေနဲ့ အသက် နှစ်ဆယ့်နှစ်နှစ် အရွယ် ဝါရင်ဝီယာက ကြေးရပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption ကင်ညာက ဒေးဗစ် ရူဒီးရှား မီတာ ရှစ်ရာမှာ ကမ္ဘာ့ စံချိန်တင်ပြီး ပန်းဝင်လာ

မနေ့ညက ယူစိန်ဘော့လို ရွှေကျိန်းသေ ရမယ် မှန်းထားပြီး မှန်းထားတဲ့ အတိုင်း ရွှေတံဆိပ် ယူ ပြသွားတဲ့ နောက် အပြေးသမား တယောက်က ကင်ညာက ဒေးဗစ် ရူဒီးရှားပါ။

အမျိုးသား မီတာရှစ်ရာ ပြေးပွဲမှာ ကင်ညာက နံမယ် ကြီး ရူဒီးရှားဟာ တမိနစ် လေးဆယ့် ဒဿမ ၉၁ စက္ကန့်နဲ့ ကမ္ဘာ့ စံချိန်သစ် တင်ပြီး ကင်ညာ အသင်း အတွက် ဒုတိယ ရွှေတံဆိပ်ကို ယူသွားခဲ့ပါတယ်။

တခါ မနေ့က အမျိုးသမီး ဘောလုံးဖိုင်နယ် အဖြစ် အမေရိကန်နဲ့ ဂျပန်တို့ ယှဉ်ပြိုင် ကစားခဲ့ရာမှာ အမေရိကန်က နှစ်ဂိုးတဂိုးနဲ့ နိုင်ပြီး ရွှေတံဆိပ်ဆု ယူသွားပါတယ်။

မနေ့က အမေရိကန် အားကစားသမားတွေက ဘောလုံးအပြင် ပြေးခုန်ပစ်၊ အမျိုးသမီး လက်ဝှေ့နဲ့ အမျိုးသမီး ဝါတာပိုလို တို့ကနေ တရက်ထဲ ရွှေတံဆိပ် ငါးခုတောင် ယူသွားပြီး ရွှေ ၃၉ ခုနဲ့ တရုတ်ကို ကျော်တက်ပြီး ဇယားထိပ်ကို တက်လာခဲ့ပါတယ်။

အမေရိကန် အသင်းဟာ အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောနဲ့ အမျိုးသမီး ဗော်လီဘောတို့ကနေ ရွှေရနိုင်တဲ့ အခွင့်အလမ်း ကောင်းကောင်း ရှိနေသေးတာမို့ ပွဲပြီးချိန်မှာ ဆုတံဆိပ် လေးဆယ်ကျော်နဲ့ ရွှေ အများဆုံးရတဲ့ နိုင်ငံ ဖြစ်လာနိုင် ပါတယ်။

ဗြိတိန် အသင်းကတော့ မနေ့က အမျိုးသမီး လက်ဝှေ့၊ အမျိုးသမီး တိုက်ကွမ်ဒိုနဲ့ မြင်းအလှစီးတို့ကနေ ရွှေ တခုစီ ထပ်ယူနိုင်ခဲ့ပါတယ်။

မနေ့က အမျိုးသမီး လက်ဝှေ့မှာပဲ အိုင်ယာလန်က သူတို့ အသင်းအတွက် ပထမဆုံး လန်ဒန် အိုလံပစ် ရွှေတံဆိပ်ကို ယူသွားခဲ့ပါတယ်။