အိုလံပစ် ဆယ့်လေးရက်နေ့ စံချိန်သစ်တွေ ထပ်တင်

  • 11 ဩဂုတ် 2012
olympics ဓာတ်ပုံ မူပိုင် AP
Image caption အမျိုးသမီး မီတာ တရာ လက်ဆင့်ကမ်းမှာ ကမ္ဘာ့ စံချိန် တင်ခဲ့တဲ့ အမေရိကန် အသင်း

အိုလံပစ် ဆယ့်လေးရက်မြောက်နေ့မှာ အမေ ရိကန်က ပြေးခုန်ပစ်နဲ့ နဘန်းကနေ ရွှေနှစ်ခု ထပ်ယူခဲ့ပြီး ရွှေတံဆိပ် ၄၁ ခုနဲ့ ဒုတိယ နေရာက တရုတ်ကို ရွှေလေးခု ဖြတ်ပြီး နိုင်ငံ အလိုက် ဆုရရှိမှု ဇယားကို ပိုပြီး ပြတ်ပြတ် သားသား ဉီးဆောင်နေတာ တွေ့ရပါတယ်။

အမျိုးသမီး မီတာ တရာ လက်ဆင့်ကမ်း ပြိုင်ပွဲမှာ အမေရိကန် အပြေးသမား လေးယောက်က လွန်ခဲ့တဲ့ နှစ်အစိတ်ကျော် ၁၉၈၅ တုန်းက အရှေ့ ဂျာမနီ အသင်း တင်ထားတဲ့ ကမ္ဘာ့ စံချိန်ကို ချိုးပြီး လေးဆယ့် ဒဿမ ရှစ်နှစ် စက္ကန့်နဲ့ ရွှေတံဆိပ် ယူသွားခဲ့ပါတယ်။

ဂျမေကာက ငွေရပြီး ယူကရိန်းက ကြေးရပါတယ်။

USA အသင်း အမျိုးသမီး မီတာတရာ လက်ဆင့်ကမ်းမှာ ကမ္ဘာ့စံချိန် တင်နိုင် ပေမယ့် မီတာလေးရာ လက်ဆင့်ကမ်းမှာတော့ ရွှေရမယ်လို့ မှန်းထားတဲ့ အမေရိကန်အသင်း ငွေနဲ့ပဲ ကျေနပ်ခဲ့ရပြီး အလယ်ပိုင်း အမေရိကက ကျွန်း နိုင်ငံလေးဖြစ်တဲ့ ဘဟားမားစက ရွှေတံဆိပ်ယူသွားပါတယ်။

မနေ့က ပြေးခုန်ပစ်ကနေ ရွှေခြောက်ခု ပေးပြီး အမျိုးသမီ မီတာ ထောင့်ငါးရာမှာ တူရကီနိုင်ငံကလည်း ပြေးခုန်ပစ်ကနေ ပထမဆုံး အိုလံပစ်ရွှေကို ယူနိုင်ခဲ့ပါတယ်။

မီတာ ငါးထောင်မှာတော့ အီသီယိုပီးယားက Meseret Defar မဲဇရက်ဒီဖာက ရွှေရပြီး အရင် ကမ္ဘာ့ချံပီယန် တနိုင်ငံထဲက တီရူနက်ရှ ဒီဘားဘားက တတိယ နေရာကပဲ ပန်းဝင်ခဲ့ပါတယ်။

ဒီကနေ့မှာ အမျိုးသား မီတာတရာ လက်ဆင့်ကမ်း ပြေးပွဲ ဗိုလ်လုပွဲ ကျင်းပမှာ ဖြစ်ပြီး မီတာ နှစ်ရာတုန်းက ရွှေ၊ ငွေ၊ ကြေး သုံးခုလုံး ယူသွားတဲ့ ဂျမေကာ အသင်းက ရွှေတံဆိပ်ရလိမ့်မယ်လို့ မှန်းနေကြပါတယ်။

ဘောလုံး ပရိသတ်အတွက်လည်း ဒီည အမျိုးသား ဖိုင်နယ်ပွဲ ကစားဖို့ ရှိပြီး ဘရာဇီးနဲ့ မက္ကဆီကိုတို့ ရွှေတံဆိပ် လုကြမှာ ဖြစ်ပါတယ်။

အိုလံပစ်ရွှေ တခါမှ မရသေးတဲ့ ဘရာဇီး အသင်း ဗိုလ်စွဲမလားဆိုတာ ဒီည စောင့်ကြည့်ကြရမှာပါ။

မနေ့ညကတော့ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ကြေးတံဆိပ် လုခဲ့ကြပြီး တောင်ကိုရီးယားက နှစ်ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။