BBC navigation

အီတလီ အင်္ဂလန်ပွဲ လူငယ်တွေ စမ်းဖို့ နည်းပြပြော

နောက်ဆုံး ရေးသားချိန် 14 သြဂုတ်လ 2012 - 23:01 GMT
rooney

ဝဲလဘက်၊ ရူနီနဲ့ တယ်ရီ

ဒီနေ့ အီတလီနဲ့ အင်္ဂလန် ခြေစမ်းတဲ့အခါ အင်္ဂလန် အသင်းက လူငယ်တွေကို အဓိက ထုတ်သုံးမယ်လို့ မန်နေဂျာ ရွိုင်းဟော့ဂျေန်က ပြောပါတယ်။

အင်္ဂလန်က အဓိက ကစားသမားတွေ ဖြစ်တဲ့ ဂျဲရတ်၊ တယ်ရီနဲ့ ရူနီတို့ကို ချန်ခဲ့ပြီး မန်ယူက ကလဲဗာလီ၊ ဘာမင်ဟန် ဂိုးသမား ဂျက်ဘတ်တလင်းနဲ့ နောရစ်ချ က ဂိုးသမား ဂျွန်ရပ်ဒီတို့ဟာ လူကြီး အသင်းအတွက် ပထမဆုံး စ ကစားခွင့် ရကြမှာ ဖြစ်ပါတယ်။

တယ်ရီ၊ ရူနီနဲ့ ဂျဲရတ်တို့ အပြင် ဂိုးသမား ဂျိုးဟတ်နဲ့ သီအိုဝီးလကော့တို့လည်း ဒဏ်ရာတွေ ရထားတာမို့ အီတလီ လိုက်မသွားကြပါဘူး။

တခါ ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒီနှစ် အကောင်းဆုံး ဘောလုံးသမားဆု အတွက် စကာတင် စာရင်း မနေ့က ထွက်လာပြီး စီရော်နယ်ဒို၊ မက်ဆီနဲ့ သူ့အသင်းဖော် အင်နီယက်စတာတို့ သုံးယောက်ကို ရွေးထားပါတယ်။

ဆုရှင်ကို သြဂုတ်လ သုံးဆယ်ရက်နေ့ ဥရောပ ကလပ်အသင်းများ ချံပီယန်ရွေးပွဲ အုပ်စု ပွဲစဉ်တွေ မဲနှိုက် ဆုံးဖြတ်တဲ့ နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ သတင်းတွေ ကြည့်မယ်ဆိုရင် မန်ချက် မန်နေဂျာ အဲလက်စ ဖာဂူဆန်က အာဆင်နယ် မန်နေဂျော အာဆင်းဗင်းဂါးဆီ တယ်လီဖုန်းဆက်ပြီး ရော်ဘင် ဗင်ပါစီကို ဝယ်ဖို့ ကိစ္စ ဆွေးနွေးခဲ့တယ်လို့ ယူကေထုတ် နေ့စဉ် ကြေးမုံ သတင်းစာက ရေးပါတယ်။

မန်ချက်ရဲ့ ပထမ ကမ်းလှမ်းမှုကို အာဆင်နယ်က ပယ်ချခဲ့ပြီး နောက် လေးဆယ့် ရှစ်နာရီ အတွင်းမှာ ပေါင်စတာလင် သန်းနှစ်ဆယ်ကျော်နဲ့ ဒုတိယ အကြိမ် ကမ်းလှမ်းလိမ့်မယ်လို့ ကြေးမုံက ရေးပါတယ်။

မန်ချက် ပရိသတ်တွေ အတွက် စိတ်လှုပ်ရှားစရာ နောက်သတင်း တပုဒ်ကတော့ မနှစ်က နိုဝင်ဘာလ ကတည်းက နားနေရတဲ့ အလယ်တန်းလူ ဒါရင် ဖလက်ချာဟာ မနေ့ညက အယ်ဘာဒင်းနဲ့ပွဲမှာ ပထမဆုံး အကြိမ် အဖြစ် မန်ချက် အတွက် ကစား ခဲ့တဲ့ သတင်းပဲ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။