BBC navigation

ပါရာလမ်ပစ်ပြိုင်ပွဲ ဝင်နွဲနေတဲ့ မြန်မာ

နောက်ဆုံး ရေးသားချိန် 30 သြဂုတ်လ 2012 - 16:49 GMT
paralympics

ပါရာလမ်ပစ် ရေကူးပြိုင်ပွဲ

လန်ဒန်မြို့မှာ ကျင်းပနေတဲ့ ၂၀၁၂ ပါရာလမ်ပစ် ခေါ် မသန်စွမ်းသူတွေရဲ့ အိုလံပစ် ပြိုင်ပွဲကြီးမှာ နိုင်ငံတကာက အားကစား သမားတွေနဲ့ အပြိုင် မြန်မာ အားကစား သမား တွေလည်း ဝင်ရောက် ယှဉ်ပြိုင် နေကြပါတယ်။

မြန်မာအားကစား အဖွဲ့က ရေကူးမှာ ကိုနိုင်စစ်အောင် နဲ့ ပြေးခုန်ပစ်ဘက်မှာ ကိုဝင်းနိုင်က လှံတံပစ် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

ကိုနိုင်စစ်အောင်ဟာ ရေကူးမှာ ကမ္ဘာ့ အဆင့် ၉ မှာရှိနေပြီး အရှေ့တောင်အာရှ ပြိုင်ပွဲမှာ ရွှေတံဆိပ် ရရှိထားတဲ့ နိုင်ငံတကာ ပြိုင်ပွဲ တွေမှာ အောင်မြင်မှု ရထားတဲ့ အားကစား သမား တဦး ဖြစ်ပါတယ်။

အလားတူ ကိုဝင်းနိုင်ကလည်း အရှေ့တောင်အာရှ ရွှေတံဆိပ် ရရှိဖူးတဲ့ ဘေကျင်း ပါရာလမ်ပစ် မှာလည်း ယှဉ်ပြိုင်ဖူးတဲ့ အားကစား သမား တဦးဖြစ်ပါတယ်။

ဒီနေ့မှာ ကိုနိုင်စစ်အောင်က မီတာ ၁၀၀ ပက်လက်ကူးမှာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ရာမှာတော့ အဆင့် ၉ ရရှိခဲ့ပါတယ်။ တကယ်လို့သာ အဆင့် ၈ ရခဲ့ရင် နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက် နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် လာမယ့် စက်တင်ဘာ ၇ ရက်နေ့မှာ တော့ မီတာ ၅၀ လိပ်ပြာကူး ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ဦးမှာ ဖြစ်ပါတယ်။

မြန်မာ အားကစား အဖွဲ့က အုပ်ချုပ်သူနဲ့ ရေကူး နည်းပြ ဦး အောင်မြင့်ထွန်းက ကိုနိုင်စစ်အောင် အနေနဲ့ ဂျပန်နဲ့ ကိုရီးယား တို့က အားကစား သမားတွေကို အနိုင်ရ ဖူးတဲ့ အကြောင်းနဲ့ အဓိက ယှဉ်ပြိုင်သွား ရမှာကတော့ တရုတ်က အားကစား သမား တွေဖြစ်ကြောင်း ပြောပါတယ်။

ဂရိတ် ဗြိတိန်၊ စပိန်နဲ့ အမေရိကန် တို့ကအားကစား သမားတွေကိုလည်း ယှဉ်ပြိုင်သွား ရမှာ ဖြစ်ကြောင်းနဲ့ ဗိုလ်လုပွဲ ရောက်နိုင်ဖို့ ကြိုးစား သွားမယ့် အကြောင်း ကိုလည်း ပြောကြား သွားပါတယ်။

အခက်အခဲ အနေနဲ့ကတော့ ဒီနေ့ ပြိုင်ရာမှာ ဖီနာ ရေကူး အဖွဲ့ချုပ်ရဲ့ အသိအမှတ်ပြု ရေကူး ဝတ်စုံ မရှိလို့ ပြိုင်ပွဲဝင်ဖို့ ကို ကန့်ကွက်ခံရတာမျိုး ကြုံခဲ့တဲ့ အကြောင်း၊ အရင် ဘေကျင်းပွဲမှာ ပြိုင်တုန်းက ဝတ်ခဲ့တဲ့ ရေကူး ဝတ်စုံနဲ့ ဝင်ပြိုင်တာကိုတောင် ကန့်ကွက်ခံခဲ့ရတဲ့ အကြောင်းကို ပြောပြသွားပါတယ်။

ဒီလို အခက်အခဲ ကြုံခဲ့ရပေမယ့် ဒီနေ့ ယှဉ်ပြိုင်ခဲ့ရာမှာတော့ သူကူးနေကျ စံချိန် ကိုတော့ ပြန်ရအောင် ကူးသွား နိုင်ခဲ့တယ် လို့လည်း ပြောကြား သွားပါတယ်။

ကိုဝင်းနိုင်ကတော့ လာမယ့် စက်တင်ဘာ ၈ ရက်နေ့မှာ လှံတံပစ် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။