သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တပတ်အတွင်း အားကစား သတင်း

  • 2 စက်တင်ဘာ 2012
ဓာတ်ပုံ မူပိုင် Getty
Image caption ဆောက်သမ်တန်နဲ့ ပွဲမှာ ၃ ဂိုးသွင်းပြီး ဟက်ထရစ်ယူသွားတဲ့ မန်ယူက ဗန်ပါစီ

အမေရိကန် အိုးပင်း တင်းနစ် ပြိုင်ပွဲ အမျိုးသားနဲ့ အမျိုး သမီး ပွဲစဉ် တချို့ရဲ့ ရလဒ်တွေနဲ့ ဩဂုတ်လ ၃၁ ရက် ဘောလုံး သမား အရောင်းအဝယ် တံခါး မပိတ်ခင် ပြုလုပ်ခဲ့ကြတဲ့ အရောင်းအဝယ် သတင်းများ အပြင် ပရီးမီးယား လိဂ် တတိယပတ်ပွဲစဉ် တွေအကြောင်းကို သုံးသတ်ချက်များ နဲ့ အတူ တင်ဆက် ပေးထားပါတယ်။

အရင်ဆုံး အမေရိကန် အိုးပင်း တင်းနစ်နဲ့ စပါမယ်။

အမေရိကန် အိုးပင်း တင်းနစ် ပြိုင်ပွဲ တွေမှာတော့ အမျိုးသား ပွဲစဉ်တွေမှာ ဗြိတိန်က နိုင်ခြေအဆင့် ၃ သတ်မှတ်ခံ ရတဲ့ အင်ဒီမာရေးက စပိန်က ဖလစ်စီယာနို လိုပက်ဇ်ကို ၃ပွဲ ၁ ပွဲနိုင်ပြီး စတုတ္ထ အဆင့် ကို တက်သွား ပါတယ်။ အင်ဒီမာရေး အဖို့ ဒီလို အနိုင်ရခဲ့ပေမယ့် သူနိုင်ခဲ့တဲ့ ပွဲကြီး တွေအကုန်လုံးကို တိုင်ဘရိတ် အထိ ကစားပြီးမှ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အခုနောက်တဆင့်မှာတော့ သူဟာ စပေးဘော ရိုက်ရာမှာ အင်မတန် ကောင်းတယ်လို့ နာမည်ကြီးတဲ့ ကနေဒါက မီလို့စ် ရာအိုနစ်ချ်နဲ့ တွေ့မှာ ဖြစ်ပါတယ်။

နာမည်ကြီး ရော်ဂျာ ဖက်ဒရာကတော့ ဖာနန်ဒို ဗာဒက်စကို ကို ၃ ပွဲပြတ်နိုင်ပြီး နောက်တဆင့် ကို တက်သွားပါတယ်။ သူကတော့ ရီးလ် ဆီမွန်းကို နိုင်ပြီး တက်လာတဲ့ အမေရိကန်က မာဒီဖစ်ရှ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

အမျိုးသမီး ပွဲစဉ်တွေမှာတော့ ဆရီနာ ဝီလီယံ က အက်ခ်တာရီနာ မာခါရိုဗာကို နိုင်ပြီး စတုတ္ထ အဆင့်ကို တက်သွားပါတယ်။ ပိုလန်က အဂ်နက်ရှ်ကာ ရာဗန်စခါ ကလည်း ယယ်လေနာ ယန်ကိုဗစ်ချ်ကို နိုင်ပြီး နောက်တဆင့် တက်သွားပါတယ်။

ဒီနှစ် အမေရိကန် အိုပင်း အမျိုးသမီး ပွဲစဉ်တွေက အံ့ဩစရာ ကစားသမားလေးကတော့ ဗြိတိန်က လော်ရာ ရော့ဘ်ဆင်ပါ။ သူဟာ ဘဲလ်ဂျီယံက အရင် ချန်ပီယံဟောင်း ကင်မ် ကလိုရှ်စတားကို အနိုင်ကစား ပြီး နောက်တဆင့်မှာလည်း တရုတ်က နာမည်ကြီး လီနားကို ၂ ပွဲ ၁ ပွဲနဲ့ ထပ်နိုင်လို့ ၁၄ နှစ် အတွင်း ဂရင်းစလင်း ပြိုင်ပွဲတွေမှာ စတုတ္ထအဆင့် ကိုတက်နိုင်တဲ့ ပထမဆုံး ဗြိတိသျှ အမျိုးသမီး ကစားသမား ဖြစ်သွား ခဲ့ပါတယ်။

အခု စတုတ္ထအဆင့်မှာတော့ သူဟာ လက်ရှိ ချန်ပီယံ ဩစတေးလျက ဆမ်စတိုဆာနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဘောလုံးသမား အပြောင်းအရွေ့ သတင်းတွေကတော့ ဒီလိုပါ။

ဩဂုတ်လ ၃၁ ရက် အရောင်းအဝယ် အပြောင်းအရွေ့တွေရဲ့ နောက်ဆုံး နေ့မှာတော့ ဘောလုံး ကလပ် အသင်းတွေ တော်တော်ကို အလုပ်ရှုပ်ခဲ့ကြပါတယ်။

ထူးထူးခြားခြား အရောင်းအဝယ် သိပ်မရှိဘဲ တောက်ရှောက် ငြိမ်နေခဲ့တဲ့ မန်ချက်စတာ စီးတီး အသင်းကတော့ နောက်ဆုံး နေ့ကျမှာ အိပ်နဲ့ လွယ်ဖို့ ကြံနေသလား မသိပါဘူး။

အဲဒီနေ့ တနေ့ထဲမှာ မန်စီးတီးဟာ ကစား သမား ၄ ယောက်ကို လက်မှတ်ထိုး ခေါ်ယူခဲ့ပါတယ်။

ဆွမ်ဆီးက တောင်ပံကစား သမား စကော့ ဆင်ကလဲကို ပေါင် ၆ သန်းကျော်ပေး ခေါ်လိုက်ပါတယ်။ ဖီအိုရင်တီးနားက မတီယာနာ့စ်တဆစ်ချ်ကိုလည်း ၁၀ သန်းပေးခေါ်လိုက်ပြီး အင်တာမီလန်က အတွေ့အကြုံရင့် နောက်တန်း သမား မိုက်ခွန်ကိုလည်း ခေါ်လိုက်ပါတယ်။ နောက်ပြီး ဘင်ဖီကာက နေ ဂျာဗီ ဂါဆီးယားကိုလည်း ပေါင် ၁၆ သန်းနဲ့ အရောင်းအဝယ် တံခါးတွေ မပိတ်ခင်မှာ ကပ်ပြီး ခေါ်လိုက်ပြန်ပါတယ်။

တခါ ဆင်ကလဲကို မန်စီးတီးကို ရောင်းလိုက်တဲ့ ဆွမ်ဆီးကတော့ ဗလင်စီယာက ပတ်ဘလို ဟာနန်ဒက်ဇ် ကို ကလပ်စံချိန် ၅ . ၅၅ သန်းနဲ့ ခေါ်လိုက်ပါတယ်။

တခါ စပါးစ် အသင်းကလည်း ပြင်သစ် ဂိုးသမား ဟူဂို လောရစ်ကို ပေါင် ၁၁ သန်းကျော်ပေးပြီး လီယွန်ကနေ ခေါ်လိုက်ပါတယ်။ နောက်ပြီး ဖူလမ်က ကလင့် ဒမ်ဆီကိုလည်း ခေါ်လိုက်ပါသေးတယ်။

တခါ မန်ယူ အသင်းမှာ ဘေးထွက် ထိုင်နေရတဲ့ တိုက်စစ်မှူး ဘာဘာတော့ဗ် တယောက်ကတော့ ဖူလမ် အသင်းကို ပြောင်းသွား ခဲ့ပါတယ်။

ချဲလ်ဆီးကတော့ ဒီသတင်းပတ်လည်မှာ ဥရောပ စူပါဖလား ကစားခဲ့ရာမှာ လာလီဂါက အသလက်တီကို မဒရစ်ကို ၄ ဂိုး ၁ ဂိုး နဲ့ ရှုံးသွား ခဲ့ပါတယ်။

စနေနေ့က တော့ ဝက်စ်ဟမ်း အသင်းက ဖူလမ်ကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဆွမ်ဆီးက ဆန်းဒါးလန်းနဲ့ ၂ ဂိုးစီ သရေပါ။

စပါးစ်နဲ့ နောရစ်ချ် တို့လည်း ၁ ဂိုးစီ သရေပါ။

ဝက်စ်ဘရောမ်းကတော့ အဲဗာတန်ကို ၂ ဂိုး သုညနဲ့ နိုင်ပါတယ်။

ဝစ်ဂန်ကလည်း စတုခ်နဲ့ ၂ ဂိုးစီ သရေပါ။

မန်စီးတီးကတော့ ကျူပီအာကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။

တနင်္ဂနွေနေ့ ပွဲစဉ် တွေကတော့

လစ်ဗာပူးလ် ရဲ့ အဲန်းဖီးလ်ဒ်မှာ ကစား ခဲ့ကြတဲ့ လစ်ဗာပူးလ် နဲ့ အာဆင်နယ် တို့ ပွဲမှာတော့ ဒီရာသီမှာ ဂိုးပေါက် ပြောက်နေတဲ့ အာဆင်နယ်က ဂိုးပေါက် တွေ့သွား ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာ အသစ် ဝယ်ယူထား တဲ့ ပိုဒေါလ်စကီးနဲ့ ကာဇိုလာတို့ က သွင်းယူ သွားခဲ့ကြပါတယ်။

လစ်ဗာပူးလ်ကတော့ ခြေပဂိုးတောင် မသွင်းနိုင်ခဲ့ဘဲ အိမ်ကွင်းမှာ အာဆင်နယ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးသွား ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အာဆယ်နယ် နည်းပြ အာဆင်ဝင်းဂါးက

သူတို့ အသင်းလိုက် ကစားပုံ ကောင်းခဲ့တဲ့ အကြောင်း၊ အပေးအယူတွေက အရင် ၂ ပွဲမှာ လည်း ကောင်းခဲ့ပေမယ့် အခု ဒီပွဲမှာ ပိုပြီး အတွဲမိလာတဲ့ အကြောင်း၊ ဒါကြောင့်လည်း အခုလို ဂိုးတွေ သွင်းနိုင်ခဲ့ တာ ဖြစ်ပြီး၊ ဒီပွဲကို ထိုက်ထိုက်တန်တန် နိုင်ခဲ့တာ ဖြစ်တယ် ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။

နယူးကာဆယ် ယူနိုက်တက်နဲ့ အက်စ္စတန်ဗီလာတို့ ပွဲမှာတော့ တဘက် ၁ ဂိုးစီနဲ့ သရေကျ သွားခဲ့ပါတယ်။ ဒီရာသီ အစမှာ ၂ ပွဲ ရှုံးထားတဲ့ အက်စ္စတန် ဗီလာက ပွဲ အစပိုင်းမှာ ယုံကြည်မှု လျော့နည်း နေပုံ ပေါက် နေပေမယ့် ပထမပိုင်း ၂၂ မိနစ်မှာ အဖွင့်ဂိုး သွင်းပြီး ၁ ဂိုး ဂိုးမရှိနဲ ဦးဆောင် ကစား နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၉ မိနစ် ရောက်မှာ ဘန် အာဖာက နယူးကာဆယ် အတွက် ခြေပဂိုး ကို လှလှပပ ကန်သွင်း ယူသွား နိုင်လို့ ၁ ဘက်တဂိုး စီ သရေဖြစ်သွား ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးသည် အထိ တဘက်နဲ့ တဘက် ထပ်မသွင်းနိုင်ကြတာ့ပဲ ၁ ဂိုးစီ သရေနဲ့ ပဲ ပွဲက ပြီးသွားခဲ့ပါတယ်။

တခါဆောက်သမ်တန်ရဲ့ စိန့်မေရီကွင်းမှာတော့ ဆောက်သမ်တန်နဲ့ မန်ယူတို့ တွေ့ခဲ့ကြပါတယ်။

ဒီပွဲဟာ ပွဲစတာနဲ့ မန်ယူဘက်က ဝုန်းဒိုင်းကြဲလို့ တိုက်စစ်ဆင်ပါတယ်။ ဒါပေမယ့် အဖွင့် ဂိုးကို ရသွားတာကတော့ အိမ်ရှင် ဆောက်သမ်တန်ပါ။ တိုက်စစ်မှူး ပေါလ်လန်းဘတ်က ခေါင်းတိုက် သွင်းယူပေးသွား ခဲ့တာပါ။ ဒါပေမယ့် ဗန်ပါစီက ပြန်သွင်းလို့ မန်ယူတို့ ခြေပဂိုး ရသွားပါတယ်။

ဒုတိယပိုင်းမှာ ဆောက်သမ်တန်က တင်ကစားခဲ့ပြီး ၅၅ မိနစ်မှာ ဒုတိယဂိုးကို သွင်းယူ နိုင်လိုက်ပါတယ်။ မန်ယူ ပင်နယ်တီရလို့ ပြန်ခြေနိုင်မလား ထင်ရပေမယ့် ဗန်ပါစီ သွင်းတာ ကို ဂိုးသမား ပုတ်ထုတ်သွားခဲ့ ပါတယ်။

ဒီလိုနဲ့ ပွဲပြီးခါနီး အထိ မန်ယူက ပြန်မခြေနိုင်တော့ဘဲ အရှုံး နဲ့ အိမ်ပြန်ရတော့မယ်လို့ ထင်နေရစဉ်၈၇ မိနစ်မှာ ဗန်ပါစီကပဲ ခြေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပွဲကလည်း ပြီးခါနီး ဖြစ်နေ နာကျင်အချိန်ပိုတောင် ကန်နေကြပြီ ဆိုတော့ ၂ ဂိုးစီ သရေနဲ့ ပွဲပြီးမယ်လို့ ထင်နေရစဉ်မှာ မန်ယူရတဲ့ ထောင့်ကန်ဘောကို ဗန်ပါစီက ခေါင်းနဲ့ ရှပ်တိုက်ပြီး သွင်းသွားလို့ ပွဲအပြီးမှာ မန်ယူက ၃ ဂိုး ၂ ဂိုး နဲ့ နိုင်သွား ခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြကြီး ဖာဂတ်ဆင်က သူ့ရဲ့ လိဂ်ပွဲ ၁၀၀၀မြောက်ဖြစ်တဲ့ ဒီ ပွဲနဲ့ ပတ်သက်လို့ ပြောကြား ရာမှာတော့ နလုံး ရောဂါ ရမလောက်ပါပဲ၊ ဆောက်သမ်တန်က တည်ကန်ဘောတွေ နဲ့ တိုက်စစ်ဆင်ရာမှာ တော်တော် ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ပွဲကို ပြောင်းလဲလိုက်တာက ပေါစခိုးလ်ပါ။ သူဝင်လာတဲ့ အချိန်မှာ အပေးအယူတွေလည်း တော်တော် သေသပ်သွားခဲ့တာပါ။ မန်နေဂျာ တယောက်အတွက် လိဂ် ပွဲ ၁၀၀၀ ကိုင်တွယ် နိုင်ခြင်းဟာ တော်တော် အံ့ဩ စရာ ကောင်းပါတယ်။ နောက်ထပ် ဒါမျိုး ကြုံဖို့ သိတ်မလွယ်ဘူးလို့ ထင်ပါတယ် လို့ ပြောကြား သွား ခဲ့ပါတယ်။