သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တပတ်အတွင်း အားကစား သတင်း

  • 9 စက်တင်ဘာ 2012
ဓာတ်ပုံ မူပိုင် Getty
Image caption ပါရာလံပစ် ပိတ်ပွဲအခမ်းအနား

ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ကြတဲ့ ၂၀၁၂ လန်ဒန် ပါရာလံပစ် ပြိုင်ပွဲကြီးကတော့ ပြီးဆုံးသွား ခဲ့ပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲကြီးကို နောက်ဆုံး ဘီးတပ် မာရသွန်နဲ့ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပြီး ဒီပွဲမှာတော့ ဗြိတိန်အသင်းက ဒေးဗစ် ဝီယာက အနိုင်ရလို့ ရွှေ တံဆိပ် ကို ရရှိ သွားခဲ့ပါတယ်။

ပြိုင်ပွဲမှာ တရုတ်က ရွှေ ၉၅ ခုနဲ့ ဆုတံဆိပ် ဇယားမှာ ပထမရခဲ့ပြီး ၊ သူ့နောက်မှာ ရုရှားက ရွှေ ၃၆ ခုနဲ့ ဒုတိယ ၊ အိမ်ရှင် ဗြိတိန်က ရွှေ ၃၄ ခုနဲ့ တတိယ ရခဲ့ပါတယ်။

ဗြိတိန် အသင်းဟာ ဒီတခါ အရင် ဘေကျင်း ပါရာလံပစ်မှာလို ဒုတိယ မချိတ် နိုင်ခဲ့ပေမယ့် ဆုတံဆိပ် ရရှိမှုမှာတော့ မျှော်မှန်းထားခဲ့တာထက် ပိုပြီး ရခဲ့ကာ ဆုတံဆိပ် စုစုပေါင်း ၁၂၀ ကို ရရှိခဲပါတယ်။

တခါ မြင်စီးပြိုင်ပွဲ ဝင်ခဲ့တဲ့ ဆိုဖီ ခရစ်စတန်ဆင် က တဦးထဲ ရွှေ ၃ ခု၊ စက်ဘီးက ဆာရာ စတိုရီ ကလည်း ရွှေ ၄ ခု၊ ဘီးတပ်ကုလားထိုင် အပြေး ပြိုင်ခဲ့တဲ့ ဒေးဗစ် ဝီရာကလည်း ရွှေ ၄ ခု၊ ရေကူးက အဲလီ ဆင်မင်းစ် ကလည်း ရွှေ ၂ ခု၊ ငွေ ၁ခုနဲ့ ကြေး၁ ခု အဲဒီလို ဆုတံဆိပ် အများအပြား ရယူနိုင်တဲ့ ထူးချွန်တဲ့ ကစား သမားတွေ အစွမ်းပြနိုင်ခဲ့ကြတာကို လည်း တွေ့ခဲ့ရပါတယ်။

အခုပြီးဆုံး သွားပြီဖြစ်တဲ့ လန်ဒန် ပါရာလံပစ် ဟာဖြင့် ကျင်းပခဲ့သမျှ ပါရာလံပစ် တွေထဲမှာ အောင်မြင်မှု အရဆုံးဖြစ်တယ်လို့လည်း ပြောကြပြီး တနင်္ဂနွေ နေ့ညမှာတော့ ပိတ်ပွဲ အခမ်းအနား ကို ကျင်းပခဲ့ ကြပါတယ်။

အခုတော့ အမေရိကန် အိုးပင်း တင်းနစ် ပြိုင်ပွဲဘက်ကို လှည့်ရအောင်ပါ။ အမျိုးသား ဆီးမီး ဖိုင်နယ် ပွဲစဉ် တွေမှာတော့ အင်ဒီမာရေးနဲ့ ဗားဒစ်ချ် ၊ ဂျော့ကိုဗစ်ချ်နဲ့ ဖရဲတို့ တွေ့ခဲ့ကြတာဖြစ်ပါတယ်။ မာရေးနဲ့ ဗားဒစ်ချ်တို့ရဲ့ ပွဲမှာတော့ မာရေး က အနိုင်ရခဲ့လို့ ဖိုင်နယ်တက်ပါတယ်။

အမျိုးသား ဒုတိယ ဆီးမီးဖိုင်နယ် ပွဲမှာတော့ ကမ္ဘာ့ နံပါတ် ၁ ဂျော့ကိုဗစ်ချ်နဲ့ စပိန်က ဒါးဗစ် ဖရဲ တို့ တွေ့ခဲ့ကြပါတယ်။ ပထမ ဆက်ပွဲကြီး ကစား နေကြစဉ် ရာသီ ဥတု ဆိုးလာခဲ့တဲ့ အတွက် ပွဲကို ရပ်ခဲ့ပြီး တနင်္ဂနွေ နေ့မှာ ဆက်ကစား ခဲ့ကြပါတယ်။ ပထမဆက်မှာ ဒါးဗစ် ဖရဲ နိုင်ခဲ့ပေမယ့် ကျန်တဲ့ ပွဲကြီး ၃ ပွဲကို ဂျော့ကိုဗစ်ချ်ကပဲ နိုင်သွား ခဲ့လို့ ဖိုင်နယ် တက်သွား ပြီ ဖြစ်ပါတယ်။

ဆရီနာ ဝီလီယမ်းစ်နဲ့ ဗစ်တိုးရီးယား အဇာရင်ကာတို့ရဲ့ အမျိုးသမီး ဖိုင်နယ် ပွဲစဉ်တွေကိုတော့ ရာသီဥတု အခြေအနေအရ တနင်္ဂနွေနေ့ ကိုပြောင်းပြီး ကစားဖို့ ရွေ့ဆိုင်းထား ပါတယ်။

အခု သတင်း ရေးသား နေချိန်ထိတော့ ပွဲရဲ့ အဖြေမထွက်သေး ကြောင်းပါ။

အခုတော့ ဘောလုံး ဘက်ကို ကြည့်ရအောင်ပါ။ ၂၀၁၄ ကမ္ဘာ့ ဖလားအတွက် ဥရောပ ဇုန်မှာ အုပ်စု ခြေစစ်ပွဲတွေ စတင်နေပါပြီ။

ပြီးခဲ့တဲ့ သောကြာ နေ့က ကစားခဲ့ကြတဲ့ ဥရောပ ဇုန်က ကမ္ဘာ့ ဖလား ခြေစစ်ပွဲ တွေမှာတော့

အင်္ဂလန်က မော်လ်ဒိုဗာ အသင်းကို အဝေးကွင်းမှာ ၅ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ရုရှားက မြောက်အိုင်ယာလန်ကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ခရိုအေးရှားက မက်စီဒိုနီးယားကို ၁ ဂိုး ဂိုးမရှိ၊

ဖင်လန် အသင်းကို လည်း ပြင်သစ် က ၁ဂိုး ဂိုးမရှိ၊

ဝေလ အသင်းကိုလည်း ဘယ်လ်ဂျီယယံက ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

တခါ နယ်သာလန်ကလည်း တူရကီကို ၂ ဂိုး ဂိုးမရှိ ၊

ဂျာမနီက ဖာရိုကျွန်းစု အသင်းကို ၃ ဂိုး ဂိုးမရှိ၊

ပေါ်တူဂီက လက်ဇင်းဘတ်ခ် အသင်းကို ၂ ဂိုး ၁ဂိုး ၊

အိုင်စလန်က နော်ဝေးကို ၂ ဂိုး ဂိုးမရှိ နဲ့ နိုင်ပါတယ်။

အီတလီနဲ့ ဘူလ်ဂေးရီးယား တို့ ပွဲမှာတော့ ၂ ဂိုးစီ သရေကျပါတယ်။

ပိုလန်နဲ့ မွန်တီနီဂရိုး တို့ပွဲမှာလည်း ၂ ဂိုးစီ သရေပါ။

စနေနေ့က ကစားခဲ့ကြတဲ့ ခြေစစ်ပွဲ တွေမှာတော့

စကော့တလန်နဲ့ ဆားဗီးယား တို့ပွဲမှာရော၊ ဒိန်းမတ် အသင်းနဲ့ ချက်အသင်း တို့ရဲ့ ပွဲမှာရော တသင်းမှ ဂိုးမသွင်း နိုင်ခဲ့ကြဘဲ ၂ ပွဲစလုံး ဂိုးမရှိ သရေကျ ခဲ့ကြပါတယ်။

အခုတော့ မြန်မာ့ ဘောလုံးကို တချက် ကြည့်ရအောင်ပါ။ မြန်မာ နယ်ရှင်နယ် လိဂ် အမှတ်ပေး ပြိုင်ပွဲမှာတော့ ရန်ကုန် ယူနိုက်တက် အသင်းဟာ နှစ်နှစ် ဆက်တိုက် ဗိုလ်စွဲသွား ခဲ့ပါတယ်။ ဒီနှစ် အမှတ်ပေး ပြိုင်ပွဲတွေဟာ အကြိတ်အနယ် ပြိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ဆုံး ပွဲစဉ်တွေ ကစားတဲ့ နေအထိ ဘယ်သူ ချန်ပီယံ ဖြစ်မယ် ဆိုတာကို မသိရသေးဘဲ ရန်ကုန်ယူနိုက်တက် နောက်ဆုံးပွဲကို နိုင်ခဲ့လို့သာ အခုလို ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။