BBC navigation

ပရီးမီးယားလိဂ် ပဉ္စမပတ် ပွဲစဉ်များ

နောက်ဆုံး ရေးသားချိန် 23 စက်တင်ဘာလ 2012 - 21:44 GMT
van persie

ဗင်ပါစီရဲ့ ပင်နယ်တီ

စနေနေ့က ကစားခဲ့ကြတဲ့ အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးပွဲတွေမှာတော့

ရာသီအစမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆွမ်ဆီးအသင်းကို သူတို့ရဲ့ အိမ်ကွင်းမှာ အဲဗာတန်က ၃ ဂိုး ပြတ်နဲ့ အနိုင်ယူ သွား ခဲ့ပါတယ်။ ပထမပိုင်းမှာ ထဲက အဲဗာတန်က ၂ ဂိုး ဖြတ်ထား နိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ဆွမ်ဆီး အတွက် လူစား ဝင်လာ ခဲ့တဲ့ ဒိုင်ယာ အထုတ်ခံရလို့ ပြန်မချေနိုင်တဲ့အပြင် ၁ ဂိုး ထပ်ပေးလိုက်ရပြီး ၃ ဂိုး ပြတ်သွား ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းကလည်း အသင်းကြီးတွေနဲ့ တွေ့ရင် မာမာ ထန်ထန် ပြန်ကန်လေ့ရှိတဲ့ စတုခ် စီးတီး အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပါတယ်။ ပွဲပြီးခါနီးအထိ ဘဲဥ မကွဲလို့ သရေ ဖြစ်တော့ မလို ဖြစ်နေစဉ်မှာ ပဲ ၈၇ မိနစ်မှာ အက်ရှ်လေ ကိုးလ်က ချဲလ်ဆီးအတွက် သွင်းယူပေးသွားလို့ ၁ ဂိုး ဂိုးမရှိနဲ့ နိုင်သွား ခဲ့ပါတယ်။

ဒီရာသီမှာ အတန်းတက်လာတဲ့ နိုင်ပွဲမရသေးတဲ့ အသင်းသစ် ဆောက်ဟမ်တန်ကတော့ ဗီလာအသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရာမှာ ခြေစွမ်းပြလို့ ၄ ဂိုး ၁ဂိုး နဲ့ နိုင်သွား ခဲ့ပြီး ဒီရာသီအတွက် ၃ မှတ်စရသွား ပြီဖြစ်ပါတယ်။

ဗီလာ အသင်းက ပထမပိုင်းမှာ ဘဲန့်ရဲ့ ဂိုး နဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဆောင်ဟမ်တန်က ၃ ဂိုး ပြန်သွင်းပြီး ၃ ဂိုး ၁ ဂိုး နဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမိနစ် ၉၀ မှာတော့ ဆောက်ဟမ်တန် ပင်နယ်တီရပြီး အဲဒီ ပင်နယ်တီကို ဆောက်ဟမ်တန်အတွက် ပင်နယ်တီ တခါမှ မလွဲဘူးတဲ့ ရစ်ကီ လဲန်းပတ်က ကန်သွင်းသွားလို့ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွား ခဲ့ပါတယ်။

ဝက်စဘရောမ်း အသင်းကတော့ ရဒ်ဒီန်း အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဝက်စ်ဟမ်း အသင်းကတော့ ဆန်းဒါးလန်း အသင်းနဲ့ ၁ ဂိုး စီသရေကျပါတယ်။

ဝီဂန် အသင်းကိုတော့ သူ့အိမ်ကွင်းမှာ ဖူလ်ဟမ် အသင်းက ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွား ခဲ့ပါတယ် ။

တနင်္ဂနွေ နေ့မှာတော့ ပွဲကြီးပွဲကောင်းတွေ ကန်ခဲ့ကြပါတယ်။ အနောက်မြောက် ဒါဘီလို့ ခေါ်ကြတဲ့ လစ်ဗာပူးလ်နဲ့ မန်ချက်စတာ ယူနိုက်တို့ ရဲ့ ကန်ကြတဲ့ ဒါဘီပွဲကိုတော့ အင်္ဂလိပ် ဘောလုံး လောကမှာ အကြိတ်အနယ် အရှိဆုံးနဲ့ အကြီးကျယ်ဆုံး ဒါဘီပွဲလို့ ဆိုကြပါတယ်။

လစ်ဗာပူးလ် ရဲ့ အင်ဖီးလ်ဒ်ကွင်းမှာ ကစားခဲ့ကြတဲ့ အဲဒီ ပွဲမစခင်မှာ ၁၉၈၉ ခုနှစ်က အက်ဖ်အေ ဖလား ဘောလုံး ပြိုင်ပွဲမှာ လစ်ဗာပူးလ် ပရိတ်သတ် ၉၆ ဦးသေဆုံး ခဲ့ရတဲ့ ဟေးလ်စ်ဘော်ရာ ကွင်းမှာ ဖြစ်ခဲ့တဲ့ ကြေကွယ်ဖွယ်ရာ ဖြစ်ရပ်တွေရဲ့ နှစ်ပတ်လည်ကြောင့် ပွဲက ပိုပြီး ပရိတ်သတ် အာရုံ စိုက်ခံခဲ့ရပါတယ်။

ပွဲမစင် မှာနှစ်ဘက်အသင်း ပရိတ်သတ်တွေ က ကွယ်လွန်ခဲ့သူတွေအတွက် အောက်မေ့ဖွယ် အစီအစဉ်တွေနဲ့ ကျင်းပခဲ့ကြပါတယ်။ ကြေကွယ်စရာ အဖြစ်တွေကို အမှတ်ရနေလို့ လစ်ဗာပူးလ် အသင်း ကစားပုံ ကျနေမလား ထင်ရပေမယ့် ပွဲစတာနဲ့ လစ်ဗာပူးလ်က တင်ကစားခဲပါတယ်။

လစ်ဗာပူးလ် ကစား သမားတွေ အတင်းဝင် အတင်းထွက် ကစား နေလို့ မန်ယူ အသင်း ဘောလုံးတောင် ကောင်းကောင်းပေးလို့ မရဖြစ်နေခဲ့ပြီး ၃၉ မိနစ်မှာ တော့ လစ်ဗာပူး ကစားသမား ရှဲလ်ဗီ မန်ယူက ဂျွန်နီ အဲက်ဗန်းစ်နဲ့ ဘောလုံးလုရာမှာ အဝင်ကြမ်းလို့ အထုတ်ခံလိုက်ရပါတယ်။

မန်ယူအသင်းက လူ ၁ ယောက်အသာနဲ့ ကစားနိုင်လို့ ခြေစွမ်းနည်းနည်းပါးပါး ပြလာနိုင်ပေမယ့် ဒုတိယပိုင်းအစ ၄၆ မိနစ်မှာပဲ လစ်ဗာပူးလ် အသင်းခေါင်းဆောင် ဂျဲရတ်က ဂိုးစသွင်းနိုင်လို့ လစ်ဗာပူး ၁ ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ၅၁ မိနစ်မှာ မန်ယူနောက်တန်းလူ ရာဖာရဲလ် ပြန်ချေလို့ ၁ ဂိုးစီသရေ ဖြစ်နေခဲ့ပြီး ၈၁ မိနစ် အရောက်မှာတော့ မန်ယူရဲ့ အလယ်လူ ဗလင်စီယာကို လစ်ဗာပူး နောက်တန်းလူ ဂျွန်ဆင် အဖျက်ကြမ်းလို့ မန်ယူတို့ ပင်နယ်တီရ၊ အဲဒီ ပင်နယ်တီကို ဗင်ပါစီက ကန်သွင်း လို့ပွဲအပြီးမှာ မန်ယူက ၂ ဂိုး ၁ ဂိုး နဲ့နိုင်သွား ခဲ့ပါတယ်။

ပွဲအပြီးမှာ မန်ယူ နည်းပြကြီး ဆာအဲလက်စ် ဖာဂတ်ဆင်က ဒီနေ့ သူတို့ ကစားပုံ မကောင်းခဲ့တဲ့ အကြောင်း၊ ပထမပိုင်းမှာ လစ်ဗာပူးကတောင် စီးထားခဲ့တဲ့ အကြောင်းနဲ့ ဒုတိယပိုင်း လစ်ဗာပူး ၁၀ ယောက်ဖြစ်ပြီးမှသာ သူတို့အသင်းက ပေါလ်စခိုးလ်နဲ့ ကဲရစ်တို့ ပွဲကို ထိန်းနိုင်ခဲ့တဲ့ အကြောင်း တွေကို ပြောသွား ခဲ့ပါတယ်။

လစ်ဗာပူး နည်းပြ ဘရန်ဒန် ရောဂျားစ်ကတော့ အနီကတ်နဲ့ ပတ်သက်လို့ မန်ယူဘက်က ဂျွန်နီ အက်ဗန်းစ်လည်း အဝင်ကြမ်းခဲ့ပေမယ့် ဒိုင်က တဘက်ထဲကိုသာ အနီပြခဲ့ကြောင်း၊ သူတို့အသင်း တယောက် လျော့ခဲ့တာတောင်မှ ပွဲကို စီးနေခဲ့သေးတဲ့ အကြောင်းနဲ့ ပင်နယ်တီကလည်း နည်းနည်း ရက်လျောလွန်းတယ်လို့ ထင်မိကြောင်း တွေကို ပြောသွား ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ ကန်ခဲ့ကြတဲ့ တခြား ပွဲစဉ်တွေမှာတော့ ချန်ပီယံ မန်စီးတီး အသင်းရဲ့ ကွင်းမှာ ကန်ခဲ့ကြတဲ့ မန်စီးတီး နဲ့ အာဆင်နယ်တို့ ပွဲမှာ ၁ ဂိုးစီ သရေကျပါတယ်။ မန်စီးတီးက လက်စကော့က အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး အာဆင်နယ်က ကွန်ချီရန်နီက ပြန်ချေနိုင်ခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ် အသင်းနဲ့ နောရစ်ချ် စီးတီး အသင်းတို့ ပွဲမှာတော့ နယူးကာဆယ်လ်က ဒန်ဘာဘားရဲ့ ၁ လုံးထဲသော ဂိုးနဲ့ နိုင်သွားပြီး စပါးစ် အသင်းနဲ့ ကျူပီအာတို့ ရဲ့ ပွဲမှာတော့ စပါးစ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

လောလောဆယ်မှာ ပရီးမီးယား လိဂ် ဇယားကို ချဲလ်ဆီးက ၁၃ မှတ်နဲ့ ဦးဆောင်နေပါတယ်။ သူ့နောက်မှာ မန်ချက်စတာ ယူနိုက်တက်က ၁၂ မှတ်နဲ့ ဒုတိယ၊ အဲဗာတန် အသင်းက ၁၀ မှတ်နဲ့ တတိယ နေရာတွေမှာ ရှိနေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။