သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပရီးမီးယားလိဂ် ဆဋ္ဌမပတ် ပွဲစဉ်များ

  • 30 စက်တင်ဘာ 2012
Image caption အာဆင်နယ်ကို ဂိုးသွင်းသွားခဲ့တဲ့ တောရက်စ်

စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲစဉ် ၆ ရဲ့ ပရိတ်သတ် အများ စိတ်ဝင်စားစွာ စောင့်ကြည့် ခဲ့ကြတဲ့ ပွဲကတော့ ခြေစွမ်းတွေ ပြလာနေတဲ့ အာဆင်နယ် အသင်းနဲ့ လက်ရှိ ဇယား ထိတ်မှာ ပြေးနေတဲ့ ချဲလ်ဆီးတို့ရဲ့ လန်ဒန် ဒါဘီပွဲပဲ ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ အာဆင် ဗင်းဂါးက သူ့အသင်း ချန်ပီယံ ဖြစ်နိုင်ချေ ရှိမရှိ ဒီပွဲကစားပုံကို ကြည့်ပြီး အကဲဖြတ်နိုင်မယ်လို့ ဆိုထားခဲ့တာပါ။

ပွဲစခရာမှုတ် ကထဲက တဘက်နဲ့ တဘက် သူတင်ကိုယ်တင် ကစား နိုင်ခဲ့ပါတယ်။ အာဆင်နယ် အိမ်ကွင်းမှာ ကစားနေရပေမယ့် ချဲလ်ဆီးက ကျစ်ကျစ်လစ်လစ်နဲ့ အကွက်မိမိ ကစားနိုင်ခဲ့ပြီး ပထမပိုင်း မိနစ် ၂၀ မှာ ချဲလ်ဆီးက တောရက်စ်က လူကပ်ခံထားရတဲ့ ကြားက ရအောင်ကန်သွင်း သွားလို့ ချဲလ်ဆီးက ၁ ဂိုး ရသွား ခဲ့ပါတယ်။

ပထမပိုင်း ပြီးခါနီး ၄၂ မိနစ် မှာတော့ အာဆင်နယ်အတွက် ဂျာဗင်းညိုက အဲလက်စ် အောက်စလိတ် ချိန်ဗာလိန် ချပေးတဲ့ ဘောလုံးကို အားပါပါနဲ့ ကန်သွင်းလို့ အာဆင်နယ်တို့ ချေပဂိုး ရခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၅၃ မိနစ် အရောက်မှာတော့ တောရက်စ်ကို အာဆင်နယ်က ဗာမာလင်က လူချလို့ ရတဲ့ ပစ်ဒဏ်ဘောကို ချဲလ်ဆီးက မာတာ ကန်သွင်းသွားလို့ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။ အာဆင်နယ်က ချေပဂိုး ရဖို့ အသည်းအသန် လိုက်ကစား ပေမယ့် ရတဲ့ အခွင့်အရေး တွေကို အပြည့်အဝ အသုံးမချနိုင်လို့ ချဲလ်ဆီးက အာဆင်နယ်ကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွား ခဲ့ပါတယ်။

ဒီပွဲနဲ့ ပတ်သက်လို့ ဘီဘီစီက ဘောလုံး ဝေဖန်သူ အရင် လစ်ဗာပူးလ် နောက်တန်းလူ အယ်လန် ဟန်ဆင်က အာဆင်နယ်အသင်း နောက်တန်း မနှစ်က အားနည်း ချက်တွေ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ပထမ ၅ ပွဲမှာ ၂ ဂိုးပဲ ပေးရတာကို ကြည့်ရင် သူတို့ တိုးတက်လာတာကို တွေ့ရမှာပါ။ သူတို့လက်ရှိ အားနည်းနေတဲ့ ဖြတ်တင် ဘောတွေနဲ့ ကို ဖျက်ထုတ်နိုင်ဖို့ ကတော့ ကတော့ အချိန်ပေးပြီး လေ့ကျင့်ဖို့ လိုမှာပါ။ ပထမဂိုး ပေးလိုက်ရပုံက တော်တော် စိတ်ပျက်စရာ ကောင်းတာ မှန်ပေမယ့် တောရက်စ်ရဲ့ ကန်သွင်းချက်ကောင်း လွန်တာကိုလည်း မေ့ထားလို့ တော့ မရပါဘူးလို့ ပြောကြား သွားခဲ့ပါတယ်။

စနေနေ့က နောက်ထပ် ကစားခဲ့တဲ့ ပွဲကြီး ပွဲကောင်း တပွဲကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ကစား ခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် ဟော့စပါးစ် တို့ရဲ့ ပွဲပါ။ ပရီးမီးယား လိဂ် မစခင် ၁၉၈၉ ခုနှစ်နောက်ပိုင်းက စလို့ စပါးစ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူကို တပွဲမှ မနိုင်ဘူးလို့ ဒီပွဲကိုလည်း ပွဲကောင်းဖြစ်မယ် ဆိုတာကလွဲလို့ အချိန်တန်ရင် မန်ယူပဲ သပိတ်ဝင် အိတ်ဝင် နိုင်မှာလို့ အားလုံးက ထင်ထားခဲ့တာ ဖြစ်ပါတယ်။

ပွဲလွှတ်တာနဲ့ စပါးစ်က ခြေစွမ်း ပြကစားပါတယ်။ မန်ယူ ကွင်းမှာ လာကစား ပေမယ့် စပါးစ်ရဲ့ ခြေက မခေလှဘဲ မန်ယူတောင် ဘောလုံး မထိသလောက် ဖြစ်နေခဲ့တာပါ။ ပွဲစပြီး ၂ မိနစ်မှာတင် စပါးစ်ရဲ့ ဗာတွန်းဂန်က အဖွင့်ဂိုး ကို သွင်းယူပေးသွား ခဲ့ပါတယ်။

ပွဲကို ဦးဆောင်နိုင်သွား နိုင်တဲ့ စပါးစ်က ခြေစွမ်းကို ထိန်းထား နိုင်သလို မန်ယူကလည်း ချေနိုင်ဖို့ အတွက် တိုက်စစ်ဆင် ပါတယ်။ ဒါပေမယ့် မန်ယူ တိုက်စစ်ကနေ ပြန်အန်ထွက်လာတဲ့ အလုံးကို စပါးစ် အလည်တန်းက ဒန်ဘီလီက ဂဲရက်သ်ဘေးလ်ကို ချပေး ၊ အဲဒီ ဘောလုံးကို ဘေးလ်က ဆွဲပြေးပြီး မန်ယူက ဖာဒီနန် လိုက်ဖျက် နေတဲ့ ကြားက ရအောင် ကန်သွင်းလို့ ပထမပိုင်း ၃၂ မိနစ်မှာ စပါးစ်က ဒုတိယဂိုး ကို ထပ်ရပြီး ပထမပိုင်း ပြီးသည်အထိ ၂ ဂိုး အသာနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်ယူက ရိုင်ယန်ဂစ္စ နေရာမှာ ဝိန်းရူနီကို ထည့်ပြီး တိုက်စစ်ကို မြှင့်ကစား ခဲ့လို့ ၅၁ မိနစ်မှာ ရူနီ ချပေးတာကို နာနီ ပိတ်သွင်းနိုင်လို့ မန်ယူ ၁ ဂိုးပြန်ရပါတယ်။ အရှုံးကနေ လိုက်ကစား တာမှာ နာမည်ကြီးတဲ့ မန်ယူ ခြေစွမ်း ပြလာပြီလို့ ထင်နေရစဉ် ဂိုးရပြီး တမိနစ်လောက်အတွင်းမှာ မန်ယူ နောက်တန်း ပြာယာခပ်တာကို အခွင့်ကောင်းယူပြီး စပါးစ်လူသစ် ဒမ်ဆီက သွင်းသွားလို့ ချက်ချင်း ၁ ဂိုး ပြန်ပေးလိုက်ရပါတယ်။

ဒါပေမယ့် အဲဒီ ဂိုး အပြီး တမိနစ် အတွင်းလောက်မှာ ဗန်ပါစီ ချပေးတာကို ကာဂါဝါက ပြန်သွင်းလို့ ပွဲက မြိုင်လာခဲ့ပါတယ်။ ဒုတိယပိုင်း တောက်လျှောက် မန်ယူ ဖိကစား၊ ဂိုးတွေ အကြိမ်ကြိမ်သွင်း ဖို့ ကြိုးစား ခဲ့ပေမယ့် တိုင်ထိတာက ၂ လုံး၊ ဗန်ပါစီ သွင်းယူတဲ့ အလုံးက လူကျွံဘောဖြစ် နောက် စပါးစ် ဂိုးသမားက လက်စွမ်းတွေ ပြနဲ့ ပွဲအပြီး မှာ စပါးစ်က မန်ယူကို အိုးလ်ထရက်ဖို့ဒ်မှာ ၂၃ နှစ် အတွင်း ပထမဆုံး အကြိမ် နိုင်ပွဲယူသွား နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြကြီး ဆာအဲလက်စ် ဖာဂတ်ဆင် က ပထမပိုင်းမှာ ကောင်းကောင်း မကစားနိုင်ခဲ့တဲ့ အတွက် ပွဲစပြီး ၂ မိနစ်မှာပဲ ဂိုးပေးလိုက်ရတာဖြစ်ကြောင်း၊ အဲဒီနောက်မှာလည်း ခြေက ပျက်နေခဲ့ကြတဲ့ အကြောင်း နဲ့ ဒုတိယပိုင်း ရောက်မှာ ကစားပုံတော်တော် တက်လာကြောင်း၊ ကံဆိုးလို့ ဘားထိတာတွေ နဲ့ တဘက်အသင်း ဂိုးသမား ကောင်းတာတွေကြောင့် သာ ဒီပွဲ အနိုင်မရခဲ့တာ ဖြစ်တဲ့ အကြောင်း၊ နောက်ပြီး နာကျင် အချိန်ပို ၄ မိနစ်ပဲ ပေးတာကလည်း နည်းလွန်းကြောင်း တွေကို ပြောကြား သွား ခဲ့ပါတယ်။

မနှစ်က သရဖူနဲ့ ကပ်လွဲခဲ့ရတဲ့ မန်ယူဟာ ဂိုးသွင်းကောင်းတဲ့ ကိုကိုတွေကို ဝယ်ယူ အားဖြည့် ထားပေမယ့်လည်း အခု ၂၀၁၂-၁၃ ရာသီ အစ ၆ ပွဲ အတွင်းမှာ ၂ ပွဲရှုံး ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုမျိုး အရင် ၁၉၉၂- ၉၃ နဲ့ ၂၀၀၂-၀၃ မှာလည်း ကြုံခဲ့ရပါတယ်။ အဲဒီမှာ ထူးခြားတာက ဒီလို အဖြစ်မျိုးက ၁၀ နှစ်ကြား တကြိမ်များ လာဖြစ်နေသလား လို့တောင် ထင်စရာပါ။ မန်ယူ ပရိတ်သတ်တွေ ကြံဖန်ပြီး ဖြေသိမ့် နိုင်တဲ့ အချက် ကတော့ အရင် ကြုံခဲ့ရတဲ့ ၂ ကြိမ်မှာ မန်ယူ ချန်ပီယံ ဖြစ်ခဲ့တော့ ဒီနှစ်မှာလည်း ချန်ပီယံ ဖြစ်ကောင်း ဖြစ်လာနိုင်မလား ။ ဒါကတော့ စောင့်ကြည့်ရမှာ ပေါ့။

စနေနေ့က ကစား ခဲ့ကြတဲ့ တခြား ပရီးမီးယား လိဂ် ပွဲစဉ်တွေမှာတော့ အဲဗာတန် အသင်းက ဆောက်သမ်တန် အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ပါတယ်။

ဖူလမ်အသင်းကတော့ မန်ချက်စတာ စီးတီး အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရပေးမယ့် ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးသွား ခဲ့ပါတယ်။

နောရစ်ချ် အသင်းဟာလည်း လစ်ဗာပူးလ် အသင်းကို အိမ်ကွင်းမှာ ၅ ဂိုး ၂ ဂိုး နဲ့ ရှုံးသွား ပါတယ်။

ရဒ်ဒီးန် အသင်းကတော့ နယူးကာဆယ် ယူနိုက်တက် အသင်းနဲ့ ၂ ဂိုးစီ သရေကျပါတယ်။

စတုခ်စီးတီး အသင်းကတော့ အိမ်ကွင်းမှာ ဆွမ်ဆီး အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်သွားခဲ့ပါတယ်။

ဆန်ဒါးလန်း အသင်းကလည်း အိမ်ကွင်းမှာ ဝစ်ဂန်ကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

အခု ပရီးမီးယားလိဂ် ရဲ့ ပွဲစဉ် ၆ အထိ ကန်ပြီး သွားကြချိန်မှာ ချဲလ်ဆီး အသင်းက ဇယားရဲ့ ထိပ်မှာ ၁၆ မှတ်နဲ့ ဦးဆောင်နေပြီး သူ့နောက်မှာ အဲဗာတန်က ဒုတိယနဲ့ မန်ယူက ၁၂ မှတ်နဲ့ တတိယ အသီးသီး ရှိနေကြပါတယ်။

အခုသတင်းပတ်ထဲမှာတော့ ချန်ပီယံလိဂ် ပွဲတွေလည်း ကစားကြဖို့ ရှိနေပါတယ်။ မန်ချက်စတာ စီးတီးကလည်း ဂျာမနီက ဒေါ့မန်နဲ့ တွေ့မှာဖြစ်ပြီး မန်ယူကတော့ ကလုချ်နဲ့ အဝေးကွင်း သွားကစား ရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးကလည်း အဖ်စီ နော့်ယာလန်းနဲ့ အဝေးကွင်းကစား ရမှာပါ။ အာဆင်နယ်ကတော့ အိုလံပီယာကော့စ်ကို အိမ်ကွင်းမှာလက်ခံ ကစားသွားမှာ ဖြစ်ပါတယ်။ တခါ စပိန်လာလီဂါက နာမည်ကြီး ရီးယဲ မဒရစ်က အားယက်စ် အမ်စတာဒမ်နဲ့ အဝေးကွင်း ကစား ရမှာ ဖြစ်သလို ဘာစီလိုနာကလည်း ပေါ်တူဂီက ခြေစွမ်းထက်တဲ့ ဘင်ဖီကာနဲ့ တွေ့ကြမှာ ဖြစ်လို့ ပွဲကြီးပွဲကောင်းတွေ ဖြစ်လာနိုင်တဲ့ အတွက် မလွတ်ကြရအောင် ကြိုတင်အသိပေးလိုက် ပါရစေ။

နောက် တခြား အားကစား သတင်းတခု အနေနဲ့ကတော့ အမေရိကန် ပြည်ထောင်စုမှာ ကျင်းပနေတဲ့ ဥရောပတိုက်နဲ့ အမေရိကန်က ဂေါက်သီး အကျော်အမော်တွေ ယှဉ်ပြိုင် အနိုင်လု နေကြတဲ့ ရိုက်ဒါကပ်လို့ ခေါ်တဲ့ ဂေါက်သီးရိုက်ပြိုင်ပွဲမှာတော့ လက်ရှိအချိန်အထိ ရလဒ် တွေအရ အမေရိကန် အသင်းက ဥရောပ အသင်း ဆီက ဖလားကို ပြန်ယူဖို့ ကြိုးစားခဲ့ ပေမယ့် ဥရောပအသင်းက ၁၄ မှတ်ခွဲ - အမေရိကန် အသင်းက ၁၃ မှတ်ခွဲပဲ ရလို့ ရိုက်ဒါကပ်ကို ဥရောပက ယူသွားတဲ့ အကြောင်း ပြောရင်း အားကစား သတင်းတွေ ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။