သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကမ္ဘာ့ဖလား နဲ့ ဆူဇူကီးကပ် ခြေစစ်ပွဲများ

  • 14 အောက်တိုဘာ 2012
ဓာတ်ပုံ မူပိုင် Getty
Image caption အင်္ဂလန်နဲ့ ဆမ်မားရီးနိုး တို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ

ဥရောပဇုန်က ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေနဲ့ အတူ မြန်မာ အသင်း ခြေစစ်ပွဲ အောင်သွားတဲ့ ၂၀၁၂ ဆူဇူကီ ဖလား ဘောလုံး ခြေစစ်ပွဲ တွေအကြောင်း သုံးသတ်ချက်တွေကို တင်ဆက်ပေးသွား မှာဖြစ်ပါတယ်။

အခုတော့ ဘောလုံး နဲ့ မစခင် တခြား အားကစား သတင်းတခုနဲ့ စချင်ပါတယ်။ ၂၀၁၂ ရှန်ဟိုင်း မားစတားစ် တင်းနစ် ပြိုင်ပွဲပဲ ဖြစ်ပါတယ်။

တနင်္ဂနွေ နေ့က ကစားခဲ့ကြတဲ့ ရှန်ဟိုင်း မားစတားစ် တင်းနစ် ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ် လုပွဲမှာတော့ ဗြိတိသျှ နံပါတ် ၁ ကစားသမား အင်ဒီမာရေးနဲ့ ကမ္ဘာ့ နံပါတ် ၂ နိုဗက် ဂျော့ကိုဗစ်(ချ) တို့ ယှဉ်ပြိုင်ကစား ခဲ့ကြပါတယ်။

ဂျော့ကိုဗစ်(ချ)ဟာ မာရေးကို အိုလံပစ် ဆီးမီးဖိုင်နယ်နဲ့ မကြာခင်က နယူးယောက်မှာ ကျင်းပခဲ့တဲ့ အမေရိကန် အိုးပင်း ဖိုင်နယ်တို့မှာ ရှုံးထားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့နံပါတ် ၃ ဖြစ်တဲ့ အင်ဒီမာရေးကလည်း ဒီနှစ်ဖိုင်နယ်ကို နိုင်ရင် ဒီဖလားကို ၃ ကြိမ်ဆက် ရမှာ ဖြစ်ပါတယ်။

ပထမဆက်ပွဲကြီးမှာ မာရေးက ၇-၅ နဲ့ နိုင်ပါတယ်။ ဂျော့ကိုဗစ်(ချ) ပေါက်ကွဲပြီး ရက်ကက်ကိုတောင် ကိုင်ရိုက်တဲ့ အထိ ဖြစ်သွား ခဲ့ပေမယ့် ဒုတိယဆက်မှာတော့ မာရေးရဲ့ မက်(ချ)ပွိုင့် ၅ ခါကို ဆေ့ဗ်လုပ်ပြီး ဒုတိယဆက်ကို ပြန် ၇-၆ နဲ့ ပြန်အနိုင်ယူလိုက် နိုင်ပါတယ်။

တတိယ ဆက်မှာတော့ ဂျော့ကိုဗစ်(ချ) လက်စွမ်းပြပြီး ၆ -၃ နဲ့ နိုင်သွားခဲ့လို့ မာရေးကို နယူးယောက်မှာ တင်ခဲ့တဲ့ ရှုံးကြွေးကို ရှန်ဟိုင်းမှာ ပြန်ဆပ်သွားခဲ့ပါတယ်။

လက်ရှိအချိန်အထိ သူတို့ နှစ်ဦး ၁၆ ကြိမ် တွေ့ခဲ့ကြပြီ ဖြစ်ပြီး မာရေးက ၇ ခါနဲ့ ဂျော့ကိုဗစ်(ချ)က ၉ ခါ အနိုင် ရထား ပါတယ်။

အခုတော့ ဘောလုံးဘက်ကို လှည့်ပါပြီ။

ပြီးခဲ့တဲ့ သတင်းပတ် အတွင်းက ၂၀၁၄ ကမ္ဘာ့ဖလား အတွက် ဥရောပဇုန်က ခြေစစ်ပွဲတွေကို ကစားခဲ့ကြပါတယ်။

အဲဒီထဲမှာ အုပ်စု အိတ်ချ်မှာ ဆင်နဲ့ ဆိတ် တွေ့တဲ့ အများစိတ်ဝင်စားစွာ စောင့်ကြည့်ခဲ့တဲ့ ပွဲကတော့ ကမ္ဘာ့ အဆင့် ၅ အင်္ဂလန်နဲ့ အဆင့် ၂၀၇ ဆမ်မာရီးနိုးတို့ရဲ့ ပွဲပါ။

အင်္ဂလန်က အဆင့်ကလည်း အများကြီးကွာပြီး အိမ်ကွင်း ဝမ်ဘလေမှာ ကစားမှာ ဖြစ်လို့ ဒီပွဲက ခြေစွမ်း အရ အကြိတ်အနယ် မရှိပေမယ့် ဂိုးတွေ အများကြီး မြင်ရမယ်ထင်လို့ ကွင်းနေရာ ပြည့်အောင် လက်မှတ် ရောင်းကုန် သွားခဲ့ ပါတယ်။

ပွဲစတယ် ဆိုကတည်းက ဆမ်မာရီးနိုးက သူ့ကွင်းထဲက ကိုမထွက်တော့ဘဲ ခံစစ်သာ ကစား နေခဲ့လို့ အင်္ဂလန် တော်တော် အခက်ကြုံခဲ့ရပါတယ်။ ဒီလိုနဲ့ ၃၅ မိနစ် ရောက်မှာ အင်္ဂလန် တိုက်စစ်မှူး ဝဲလ်ဘက်ခ်ကို ဆမ်မာရီးနိုး ဂိုးသမားက လူချလို့ ရတဲ့ ပင်နယ်တီကို ဝိန်းရူနီက ကန်သွင်းပြီး အင်္ဂလန် ပွဲကို ဦးဆောင် နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၃ မိနစ်အကြာမှာ ဝဲလ်ဘက်ခ်က နောက်တဂိုးသွင်းလို့ ပထမပိုင်း အပြီးမှာ အင်္ဂလန်က ၂ ဂိုး အသာနဲ့ ဦးဆောင် နိုင်ခဲ့ ပါတယ်။

ဒုတိယပိုင်း ပြန်စတော့လည်း ဆမ်မာရီးနိုး အသင်းက ဂိုးရှေ့မှာ ဘတ်စကားကြီး ပိတ်ရပ်ထားသလို အင်္ဂလန် ဂိုး သွင်းခွင့် မရအောင် ပိတ်ကစား နေခဲ့ပါတယ်။ ဒါပေမယ့် ၆၉ မိနစ် အရောက်မှာ တော့အသင်းကက်ပတိန် ဝိန်းရူနီကပဲ ပင်နယ်တီ အစပ်ကနေ လျှပ်တပျက် ကန်သွင်းလို့ တတိယဂိုးကို ရသွား ခဲ့ပါတယ်။ နောက် ၇၁ မိနစ်မှာ ဝဲလ်ဘက်ခ်က တလုံး နဲ့ ၇၇ မိနစ်မှာ အောက်စလိတ် ချိန်ဘာလိန်က တလုံးစီ ထပ်သွင်းပြီး အင်္ဂလန်က ၅ ဂိုး ပြတ်နဲ့ နိုင်သွား ခဲ့ပါတယ်။

ပွဲအပြီးမှာ အင်္ဂလန် နည်းပြ ရွိုင်းဟော့(ချ)ဆင်က ဖြတ်တင်ဘောတွေ ကနေ ဂိုးတွေ သွင်းနိုင်ခဲ့တာ ဖြစ်ကြောင်းနဲ့ ပွဲကစား ပုံနဲ့ ပတ်သက်လို့လည်း အားလုံး ကြိုးစားခဲ့ကြလို့ ဘယ်သူ့ကိုမှာ အပစ်ပြောစရာ မရှိတဲ့ အကြောင်း နဲ့ ဖြတ်တင်ဘော တွေသာ ပိုကောင်းခဲ့လို့ ကတော့ ၈ ဂိုး ၉ ဂိုး လောက် အထိ ရနိုင်ကြောင်း တွေကို ပြောသွား ခဲ့ပါတယ်။

သောကြာနေ့က ကစားခဲ့ကြတဲ့ တခြား ဥရောပ ဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွေမှာတော့

မက်ဆီဒိုးနီးယား အသင်းကို အိမ်ကွင်းမှာ ခရိုအေးရှား က ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ပါတယ်။

ဆားဘီးယား အသင်းကိုလည်း ဧည့်သည် ဘယ်လ်ဂျီယံက ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

အာမေးနီးယား ကိုလည်း သူ့အိမ်ကွင်းမှာ အီတလီက ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ပါတယ်။

ချက်သမ္မတ နိုင်ငံ အသင်းကလည်း မော်လတာ အသင်းကို အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုး နဲ့နိုင်ပါတယ်။

နယ်သာလန် အသင်းကလည်း အိမ်ကွင်းမှာပဲ အင်ဒိုရာ အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ရုရှား အသင်းကလည်း ပေါ်တူဂီ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဘူလ်ဂေးရီးယားနဲ့ ဒိန်းမတ် တို့ ပွဲမှာတော့ ၁ ဂိုးစီ သရေနဲ့ပဲ ပွဲပြီးသွား ခဲ့ပါတယ်။

ကာဇက်စတန်နဲ့ ဩစတီးယားတို့ကတော့ ဂိုးမရှိ သရေနဲ့ ပွဲပြီးပါတယ်။

ဖာရိုး ကျွန်းစု အသင်းကိုတော့ ဆွီဒင်က ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူသွား ပါတယ်။

အက်စ်တိုးနီးယားကို ဟန်ဂေရီက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဝေလ အသင်းကတော့ အိမ်ကွင်းမှာ စကော့တလန်ကို နောက်က လိုက်ကစားပြီး ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။

အိုင်ယာလန် အသင်းကတော့ အိမ်ကွင်းမှာ နာမည်ကြီး ဂျာမနီနဲ့ ကစားခဲ့ရာမှာ ဂျာမနီက ၆ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူသွား ခဲ့ပါတယ်။

အခုတော့ မြန်မာ ဘောလုံး ဘက်ကို တချက် အလှည့်ပေး ရအောင်ပါ။

၂၀၁၂ ဆူဇူကီ ဖလား ခြေစစ်ပွဲတွေကို မြန်မာ နိုင်ငံမှာ လက်ခံ ကျင်းပခဲ့ရာမှာ မြန်မာ အသင်းဟာ အုပ်စု ပထမနဲ့ ခြေစစ်ပွဲ အောင်မြင် သွားပြီ ဖြစ်ပါတယ်။

မြန်မာ အသင်း အနေနဲ့ ခြေစစ်ပွဲ အောင်မြင် ခဲ့ပြီ ဖြစ်လို့ ရလဒ် အနေနဲ့ ကတော့ ကောင်းသွား ပါပြီ။ ဒါပေမယ့် ခြေစွမ်း အရကော ကောင်းပါရဲ့ လား ။ မြန်မာ နိုင်ငံက ဝါရင့် အားကစား ကလောင်ရှင်ကြီး ဦးခင်မောင်ထွေး ပျဉ်းမနား ကို ဆက်သွယ်မေး ကြည့်တော့ လိုအပ်ချက် တွေရှိနေသေးပြီး အမှားတွေကို မပြင်ဘဲ သွားကန်လို့ ကတော့ ဖိလစ်ပိုင်နဲ့ တွေ့ရင်တောင် တော်တော်ကန်ယူ ရမယ်လို့ ဆိုသွား ခဲ့ပါတယ်။

မြန်မာ ဘောလုံး အသင်း ခြေစစ်ပွဲ အောင်မြင်ခဲ့လို့ ဝင်ရောက် ယှဉ်ပြိုင်တော့မယ့် ၂၀၁၂ ဆူဇူကီ ဖလား ဘောလုံး ပြိုင်ပွဲတွေကိုတော့ ထိုင်း နဲ့ မလေးရှား နိုင်ငံတွေမှာ လာမယ့် နိုဝင်ဘာ လ ၂၄ ရက်ကနေ ဒီဇင်ဘာလ ၂၂ ရက် အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မြန်မာ အသင်းကတော့ နိုဝင်ဘာ ၂၄ ရက်မှာပဲ ပွဲဦးထွက် ဗီယက်နမ် အသင်းနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရာဇ မင်္ဂလ ကွင်းမှာ ကစား ရမှာ ဖြစ်တဲ့ အကြောင်း ပြောရင်း အားကစား သတင်းတွေကို ဒီမှာ အဆုံး သတ်ပါတယ်။