BBC navigation

ပရီးမီးယားလိဂ် ပွဲစဉ် ၈

နောက်ဆုံး ရေးသားချိန် 21 အောက်တိုဘာလ 2012 - 21:54 GMT

မီဒီယာ ပလေးယား

ပရီးမီးယား လိဂ် ပွဲစဉ် ၈ နဲ့ ၂၀၁၂ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

chelsea

စပါးစ်ကို ဂိုးသွင်းဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးရဲ့ ဟွမ်မာတာ

အရင်ဆုံး မြန်မာ ပရိတ်သတ် အကြား၊ အထူးသဖြင့် အင်တာနက် သုံးစွဲတဲ့ မြန်မာတွေ အကြားမှာ ရေပန်းစားခဲ့တဲ့ သတင်းလေးနဲ့ စချင်ပါတယ်။

မြန်မာ အလှမယ်ကလေး နန်းခင်ဇေယျာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ဂျပန်နိုင်ငံက အိုကီနာဝါ ကျွန်းမှာ ကျင်းပခဲ့တဲ့ ၂၀၁၂ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲ မှာတော့ မြန်မာ လူထုတွေ အထူး စိတ်ဝင်တစားနဲ့ အားပေး ခဲ့ကြတဲ့ နန်းခင်ဇေယျာဟာ အင်တာနက် အလှမယ် ဆုနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

၂၀၁၂ နိုင်ငံ တကာ အလှမယ် သရဖူကိုတော့ ဂျပန် အလှမယ် Ikumi Yoshimatsu က ဆွတ်ခူး သွားပြီး၊ ဒုတိယနေရာ ကိုတော့ ဖင်လန် အလှမယ်က ရရှိ ပြီး တတိယနေရာကိုတော့ သီရိလင်္ကာ အလှမယ်က ဆွတ်ခူးသွားခဲ့ ပါတယ်။

နိုင်ငံတကာ အလှမယ်ဆု မပေးခင်မှာ တခြား အထူးဆု ၇ ခုကို အရင်ဆုံး ချီးမြှင့် ရာမှာ တော့ မြန်မာ ပရိတ်သတ်တွေ အင်တာနက်ပေါ်က တခဲနက် အားပေးခဲ့ကြတဲ့ နန်းခင်ဇေယျာဟာ အင်တာနက် အလှမယ် ဆုကို ရရှိသွား ခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေ ကနေ အင်တာနက်က တဆင့် အကြိုက်ဆုံးသူကို မဲပေးရာမှာ နန်းခင်ဇေယျာက မဲအများဆုံး ရရှိတဲ့ အတွက် ဒီဆုကို ရရှိတာ ဖြစ်ပါတယ်။

နိုင်ငံ အသီးသီး ကနေ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ စုစုပေါင်း အလှမယ် ၆၉ ယောက် ထဲက ၁၅ ယောက်ကို ဒိုင်လူကြီးတွေက ဆန်ခါတင် ရွေးချယ် ရာမှာ တော့ မြန်မာ နိုင်ငံက နန်းခင်ဇေယျာ တယောက် ဆန်ခါတင်ထဲ မပါတော့ပဲ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

ဘာပဲ ပြောပြော အင်တာနက်ပေါ်ကနေ ဝိုင်းဝန်းအားပေး ခဲ့ကြသူတွေ အားပေးရကျိုး နပ်ခဲ့လို့ ကျေနပ်စရာသတင်းပါ။ အခုတော့ ဘောလုံးဘက်ကို လှည့်ရအောင်ပါ။

ပြီးခဲ့တဲ့ သတင်းပတ်ကုန်ပိုင်းက ကန်ခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် တွေထဲက ကြည့်ချင်ပွဲကတော့ စပါးစ်နဲ့ ချဲလ်ဆီး တို့ရဲ့ ပွဲဖြစ်ပါတယ်။

အခု စပါးစ် နည်းပြ ဖြစ်နေတဲ့ ဘိုးရပ်စ် ဟာ မနှစ်က ချဲလ်ဆီး အသင်းကို ၉ လလောက် ကိုင်တွယ် အပြီးမှာ အဖြုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲကလည်း ဘိုးရပ်စ် စပါးစ် နည်းပြ ဖြစ်အပြီးမှာ ပထမဆုံး အသင်းဟောင်း ချဲလ်ဆီးနဲ့ ပြန်တွေ့ရတာ ဖြစ်လို့ အားလုံးက စိတ်ဝင်စား ခဲ့ကြပါတယ်။

ချဲလ်ဆီး အသင်းရဲ့ ကက်ပတိန် ဂျွန်တယ်ရီကတော့ အဖ်အေက အသားအရောင် ခွဲခြားမှုအတွက် ချမှတ်ထားတဲ့ ပွဲပယ် ပစ်ဒဏ်ကြောင့် ဒီပွဲကို မကစား နိုင်ခဲ့ပါဘူး။

တခါ စပါးစ် အသင်းက နာမည်ကြီး ဂဲရက်သ် ဘေးလ်ကလည်း သူ့အမျိုးသမီး သားဖွားမယ့် အချိန်နဲ့ သွားကြုံလို့ ဒီပွဲမှာ ဝင်မကစား နိုင်ခဲ့ပါဘူး။

ပွဲစတော့ နှစ်ဘက် အကြိတ်အကျယ် ရှိခဲ့ပေမယ့် အိမ်ရှင် စပါးစ်က အခွင့်အရေး ကို အသုံး မကျနိုင်ခဲ့ဘဲ ဧည့်သည် ချဲလ်ဆီးက ထောင့်ကန်ဘောကတဆင့် သွင်းယူခဲ့ဂိုးနဲ့ ပထမပိုင်းမှာ ဦးဆောင် နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စစချင်းမှာတော့ စပါးစ်က တဂိုး ပြန်သွင်းနိုင်ခဲ့ပြီး တခါ ၅၄ မိနစ် အရောက်မှာ ဒီဖိုးက တလုံးထပ်သွင်းလို့ စပါးစ်က တခါပြန်ပြီး ဦးဆောင်ကစား နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးက မာတာက ၆၆ မိနစ် အရောက်မှာ တဂိုး ပြန်သွင်း လို့ ၂ ဂိုးစီသရေဖြစ်၊ နောက် ၆၉ မိနစ် အရောက်မှာ မာတာကပဲ နောက်တလုံး ထပ်သွင်းလို့ ချဲလ်ဆီးက ပြန်ဦးဆောင် ခဲ့ပြန်ပါတယ်။ စပါးစ် ပြန်ချေဖို့ အသည်းအသန် ကြိုးစား ပေမယ့် မိနစ် ၉၀ မှာ ချဲလ်ဆီးက နောက်တဂိုး ထပ်သွင်းလို့ ပွဲအပြီး ချဲလ်ဆီးကပဲ ၄ ဂိုး ၂ဂိုးနဲ့ နိုင်သွား ခဲ့ပါတယ်။

ဒီပွဲနဲ့ ပတ်သက်လို့ အရင် စပါးစ် နည်းပြဟောင်း ဟယ်ရီ ရက်ဒ်နက်က ဒီပွဲက တိုက်စစ်အားကောင်းတဲ့ အသင်းနှစ်သင်း ဖွင့်ပြီး ကစား ခဲ့ကြတဲ့ ပွဲဖြစ်ကြောင်း၊ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ် ကစား သမားတွေကတော့ တဦးချင်းနဲ့ ဖန်တီးမှု ပိုင်းတွေမှာ နည်းနည်းပိုပြီး အားသာခဲ့ကြတဲ့ အကြောင်းနဲ့ အထူးသဖြင့် ကတော့ ဟွမ်မာတာပဲ ဖြစ်တယ်ဆိုပြီး သုံးသတ် ပြောကြား သွားခဲ့ပါတယ်။

ပရီးမီးယား လိဂ် ဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးက ခြေစွမ်းပြပြီး စပါးစ်ကို အနိုင်ကစား သွားခဲ့တဲ့ ပွဲနောက်မှာ ဒုတိယနေရာက လိုက်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ကလည်း စတုခ်စီးတီး အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစား ခဲ့ပါတယ်။

ပွဲစတာနဲ့ မန်ယူ ထိုးဖောက်ကစား နိုင်ပြီး ဒီရာသီအတွက် တဂိုးမှ မသွင်းရသေးတဲ့ တိုက်စစ်မှူး ရူနီက အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် သူက ကိုယ့်ဂိုးကိုယ်သွင်း မိတာကြောင့် စတုခ်က ပွဲကို ဦးဆောင်သွား နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ၂၇ မိနစ်မှာ ရူနီပဲ ပြန်ပြီးချေနိုင်ခဲ့လို့ တဂိုးစီ သရေဖြစ်၊ နောက် ဗန်ပါစီက တလုံး နဲ့ ဒုတိယပိုင်းအစမှာ ဝဲလ်ဘခ်က တလုံး သွင်းလို့ ၃ - ၁ နဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။

စတုခ်က နိုက်တလီ လှလှပပ ဆွဲပြေးကန်သွင်းလို့ ၃ - ၂ ပြန်ဖြစ်ပြီး ပွဲက အကြိတ်အနယ် ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ၆၅ မိနစ်မှာ ရူနီပဲ နောက်တလုံး ထပ်သွင်းလိုက်လို့ ပွဲအပြီး မန်ယူနိုက်တက်က စတုခ်ကို ၄ ဂိုး ၂ ဂိုး နဲ့ အနိုင်ယူလိုက်နိုင်ပါတယ်။

ဒီပွဲမှာ ရူနီက ၃ ဂိုး သွင်းနိုင်ခဲ့ပေမယ့် တလုံးက ကိုယ့်ဘက်ကိုယ် ပြန်ထည့် ခဲ့လို့ ဟက်ထရစ်လို့ ခေါ်သလားတော့ မတွေးတတ်ကြောင်းပါခင်ဗျာ။

စနေနေ့က ကစားခဲ့ကြတဲ့ အင်္ဂလိပ် ပရီးမီးယား လိဂ် ပွဲတွေမှာတော့

ဖူလမ်အသင်းက အိမ်ကွင်းမှာ အက်စ္စတန် ဗီလ်လာကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

လစ်ဗာပူးလ် အသင်းကလည်း အိမ်ကွင်းမှာပဲ ရဒ်ဒီန်း အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ပဲ နိုင်ပါတယ်။

ဆွမ်ဆီးစီးတီး အသင်းက ဝစ်ဂန် ကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ပါတယ်။

ဝက်စ်ဟမ်း အသင်းကလည်း ဆောက်သမ်တန် အသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ နိုင်သွား ခဲ့ပါတယ်။

ဝက်စဘရောမ်းအသင်းကတော့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစား ခဲ့ပါတယ်။ မန်စီးတီးက ဂျိမ်းစ် မေလ်နာ အထုတ်ခံရလို့ မန်စီးတီးက ၁၀ ယောက်ဖြစ်သွားခဲ့ ပါတယ်။ ၆၇ မိနစ်မှာ ရတဲ့ ဂိုးနဲ့ ပွဲပြီးဖို့ ၁၀မိနစ် လောက်အထိ ဝက်စဘရောမ်း က ဦးဆောင် ကစား နိုင်ခဲ့ပေမယ့် မိနစ် ၈၀ နဲ့ ၉၀ မှာ မန်စီးတီးက ပြန်သွင်းသွားခဲ့လို့ ပွဲအပြီးမှာ မန်စီးတီးက ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။

တခါ ပြီးခဲ့တဲ့ ပွဲစဉ်တွေ အတွင်း ခြေစွမ်းတွေ ပြလာနိုင်တဲ့ အာဆင်နယ် အသင်းကိုတော့ နော်ရစ်(ချ)စီးတီး အသင်းက အိမ်ကွင်းမှာ လက်ခံကစားပြီး ၁၉ မိနစ်မှာ သွင်းတဲ့ ဟို့လ်တ် ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ပွဲအပြီးမှာ အာဆင်နယ် နည်းပြ အာဆင်ဗင်းဂါးက နောရစ်(ချ) အသင်းက ခံစစ်ကစားတာ တော်တော် ကောင်းခဲ့တဲ့ အကြောင်း၊ အာဆင်နယ် ဘက်ကတော့ ဘောပိုင်ဆိုင်မှု များခဲ့ပေမယ့် အဲဒါကို ထိရောက်အောင် အသုံးမချ နိုင်ခဲ့တဲ့ အကြောင်းနဲ့ တိုက်စစ်ကစား ပုံကလည်း တော်တော်ကို အားနည်း ခဲ့တဲ့ အကြောင်း ပွဲနဲ့ပတ်သက်ပြီး သုံးသတ် ပြောကြား သွားခဲ့ပါတယ်။

တနင်္ဂနွေ နေ့က ကန်ခဲ့ကြတဲ့ ပွဲတွေမှာတော့ ဆန်းဒါးလန်း နဲ့ နယူးကာဆယ် ယူနိုက်တက်တို့ ပွဲရော ကျူပီအာနဲ့ အဲဗာတန်တို့ ပွဲတွေရော တဘက် ၁ ဂိုးစီနဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။

ဒီပွဲတွေ မတိုင်ခင် အခုလာမယ့် အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့ တွေမှာလည်း ချန်ပီယံလိဂ် ပွဲတွေ ကစားကြမှာ ဖြစ်လို့ ဒီတပတ်ကတော့ ဘောလုံးပွဲတွေ တဝကြီး ကြည့်ကြရဖို့ ရှိပါတယ်။

တခါ အဲဒီ ချန်ပီယံလိဂ် ပွဲတွေကန်ရင်း ဘယ်သူတွေ ထိကြ နာကြဦးမလဲ ဆိုတာကလည်း ဒီသတင်းပတ်ကုန်မှာ ကန်ကြမယ့် ချဲလ်ဆီးနဲ့ မန်ယူပွဲ ၊ အဲဗာတန် လစ်ဗာပူးလ် ပွဲတွေမျိုးလို ပရီးမီးယား လိဂ် ပွဲကြီးပွဲကောင်းတွေ အပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်ပြန်ပါတယ်။

ဒါပေမယ့်လည်း ဘောလုံးဆိုတာက လုံးနေတော့ ဘယ်သူနာနာ ဘယ်သူပါပါ အသင်းကြီးတွေ တွေ့ကြရင် ပွဲကောင်းလို့ နောက်တပတ်မလွတ်ရအောင် ကြိုတင် အသိပေးထားရင်း အားကစား သတင်းတွေကို ဒီမှာ အဆုံး သတ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။