BBC navigation

ပရီးမီးယားလိဂ် ဒဿမပတ် ပွဲစဉ်များ

နောက်ဆုံး ရေးသားချိန် 4 နိုဝင်ဘာလ 2012 - 21:55 GMT

မီဒီယာ ပလေးယား

မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ တွေ့ခဲ့ကြတဲ့ ပရီမီးယား လိဂ် ဒဿမပတ် ပွဲစဉ်များ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

van persie

အသင်းသစ် အတွက် အသင်းဟောင်းကို ဂိုးသွင်းယူခဲ့တဲ့ ဗန်ပါစီ

မနှစ်က ဂိုးသွင်းဘုရင် ဗန်ပါစီကို မန်ယူကို ရောင်းခဲ့တဲ့ အာဆင်နယ် မန်ယူနဲ့ ဗန်ပါစီ ကို ပြန်တွေ့တဲ့အခါ၊ ချဲလ်ဆီးနဲ့ ပွဲကျပ်တွေ ကစားခဲ့ရတဲ့ မန်ယူကရော ပွဲပန်းနေမလား အိုးထရက်ဖို့ဒ်က မန်ယူနဲ့ အာဆင်နယ် ပွဲအကြောင်းနဲ့ သုံးသတ် ချက်တွေကို တင်ဆက်ပေးသွား မှာဖြစ်ပါတယ်။

လောလောဆယ် ပရီးမီးယား လိဂ် နဲ့ မစခင်မှာ ပြီးခဲ့တဲ့ သတင်းပတ် အတွင်းက ကန်ခဲ့တဲ့ ကက်ပီတယ်ဝမ်းဖလား ပွဲတွေနဲ့ စလိုက်ပါရစေ။

အဲဒီ ကက်ပီတယ်ဝမ်း ဖလား ပြိုင်ပွဲတွေမှာတော့ ရက်ဒင်း ကွင်းမှာ ကစားခဲ့တဲ့ ရဒ်ဒင်းနဲ့ အာဆင်နယ် ပွဲမှာ ရဒ်ဒင်းက ဦးဆောင်ဂိုး ၄ ဂိုး သွင်းခဲ့ ပေမယ့် အာဆင်နယ်က နောက်က လိုက်ကစားပြီး ပွဲအပြီး ၇ - ၅ နဲ့ နိုင်ခဲ့လို့ ဂိုးတွေ တလှေကြီး ကြည့်လိုက် ကြရသလို ချဲလ်ဆီး ကွင်းမှာ ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်ယူ ပွဲမှာလည်း မန်ယူက နောက်တန်း ညာစွန် လူ ရာဖာရဲလ်က လွဲလို့ အရန်တွေနဲ့ ကစားခဲ့ပြီး ပွဲပြီးဖို့ စက္ကန့်ပိုင်း အလိုအထိ ၃ ဂိုး ၂ ဂိုး နဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ပေးရတဲ့ ပင်နယ်တီကြောင့် အချိန်ပိုတွေကန် ရပြီး နောက်ဆုံး လူစုံထုတ် ကစားခဲ့တဲ့ ချဲလ်ဆီးက ၅ ဂိုး ၄ ဂိုး နဲ့ နိုင်သွား ခဲ့ပါတယ်။

တခြားပွဲတွေမှာတော့ စပါးစ်ကို နောရစ်က ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သလို လစ်ဗာပူးလ် ကိုလည်း ဆွမ်းဆီးက ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွား ခဲ့ပါတယ်။ နောက်ပြီး လိဒ်စ် ယူနိုက်တက်ကလည်း ဆောက်သမ်တန်ကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဆန်းဒါးလန်းကို မစ်ဒယ်လ်စ်ဘရာက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။ ဗီလာက ဆွင်ဒန်ကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ပါတယ်။ ဝစ်ဂန်နဲ့ ဘရဒ်ဖို့ဒ်ကတော့ ဂိုးမရှိ သရေကျခဲ့ပေမယ့် ဘရဒ်ဖို့ဒ်က ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်သွား ခဲ့ပါတယ်။

အခုတော့ ပရီးမီးယားလိဂ် ဘက် လှည့်ရအောင်ပါ။

စနေနေ့ရဲ့ ပထမဆုံး ကစားခဲ့တဲ့ ပွဲကတော့ ပြီးခဲ့တဲ့ တပတ်က ချဲလ်ဆီးကို သူ့ကွင်းမှာ အနိုင်ကစား ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ အိုးထရက်ဖို့ဒ် ကွင်းမှာ ကစားခဲ့တဲ့ မန်ယူနဲ့ အာဆင်နယ် တို့ရဲ့ ပွဲပါ။ မန်ယူက ပြီးခဲ့တဲ့ တပတ်မှာ ချဲလ်ဆီးနဲ့ အဝေးကွင်း ပွဲကျပ် ၂ ပွဲ ကစား ထားခဲ့တာပါ။ အာဆင်နယ်က လည်း လိဂ်ဖလား ပြိုင်ပွဲမှာ ၄ ဂိုး အရှုံးကို နောက်က လိုက်ကစားပြီး ၇-၅ နဲ့ နိုင်ထားလို့ ဂိုး တွေမြူးပြီး စိတ်ဓာတ် တက်ကြွ နေတော့ ပွဲကောင်းနိုင်တယ် ဆိုပြီး အားလုံး စိတ်ဝင်တစား စောင့်ကြည့် နေခဲ့ကြတာ ဖြစ်ပါတယ်။

မန်ယူက သူတို့ အာဆင်နယ်က ဝယ်ယူထား ခဲ့တဲ့ မနှစ်က ဂိုးသွင်းဘုရင် ဗန်ပါစီနဲ့ ရူနီတို့ အတွဲကို ရှေ့မှာထားပြီး အရင်တပတ် ချဲလ်ဆီး ပွဲက လိုင်းအပ်ကို မပြောင်းဘဲ ပွဲထွက် လာခဲ့သလို အာဆင်နယ်ကလည်း ဗန်ပါစီ နေရာမှာ အစားထိုးဖို့ ဝယ်ယူ ထားခဲ့တဲ့ ပိုဒေါလ်စကီးနဲ့ ယီရူး တို့ နှစ်ဦးကို ပွဲထုတ် လာခဲ့ပါတယ်။

ပွဲစတာနဲ့ မန်ယူ ဘက်က တိုက်စစ်ဆင် ကစားခဲ့လို့ ပထမပိုင်း ၃ မိနစ် မှာတင် အာဆင်နယ် နောက်တန်း အမှားကို ဗန်ပါစီက အသုံးချပြီး ကန်သွင်းသွားလို့ မန်ယူတို့ ၁ ဂိုး စရပါတယ်။ အာဆင်နယ်ဟာ ဘောလုံး ပိုင်ဆိုင်မှုတွေ မန်ယူနဲ့ တန်းတူ ရှိပေမယ့် အခွင့်အလမ်းတွေ မဖန်တီး နိုင်ခဲ့လို့ ချေပဂိုး မရခဲ့ပါဘူး။

ပထမပိုင်း ပြီးခါနီး အာဆင်နယ်က ကာဇိုလာ ပင်နယ်တီထဲ လက်ထိဘောဖြစ်လို့ အာဆင်နယ် ပင်နယ်တီ ပေးလိုက်ရပါတယ်။ ဒါပေမယ့် အဲဒီ ပင်နယ်တီကို ရူနီကန်သွင်းတာ လွဲခဲ့လို့ အာဆင်နယ် သက်သာ သွားခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စတော့လည်း မန်ယူကပဲ တိုက်စစ်ဆင် ကစားပါတယ်။ ဒုတိယပိုင်း အစမှာ ဗလင်စီယာ အခွင့်ကောင်းကို လွဲခဲ့ပြန်လို့ အာဆင်နယ် သက်သာ သွား ပြန်ပါတယ်။ အဲဒီလို မန်ယူ အလွဲကြီးတွေ လွဲနေလို့ အာဆင်နယ် ကံကောင်းပြီး သရေများ ရသွား နိုင်မလား ထင်နေရစဉ် ၆၇ မိနစ်မှာ မန်ယူက အဲဗရာ ထောင့်ကန်ဘောက တဆင့် ခေါင်းတိုက်သွင်း သွားလို့ မန်ယူက ၂ ဂိုး အသာနဲ့ ဦးဆောင် ပြန်ပါတယ်။

နောက်မရှေးမနှောင်းလေးမှာ အာဆင်နယ်က ဝေ့လ်ရှိုင်းယား နှစ်ဝါ တနီနဲ့ ထွက်သွားရပြန် ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီး စက္ကန့် ပိုင်း အလိုမှာပဲ အာဆင်နယ်ရဲ့ ကာဇိုလာ က ပင်နယ်တီ ဧရိယာ အစပ်ကနေ ကန်သွင်းခဲ့လို့ အာဆင်နယ်တို့ ၁ ဂိုး ပြန်ရခဲ့ပေမယ့် အချိန်က နှောင်းသွားပြီဖြစ်လို့ မန်ယူကပဲ ပွဲအပြီး ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွား ခဲ့ပါတယ်။

ပွဲ အပြီးမှာ မန်ယူ နည်းပြကြီး ဆာအဲလက်စ် ဖာဂတ်ဆင်ကတော့ ဒီပွဲက အရင် အာဆင်နယ် မန်ယူ ပွဲတွေလို ပွဲကျပ် မဟုတ်ဘဲ ထူးဆန်းတဲ့ ပွဲတပွဲ ဖြစ်ခဲ့ကြောင်း၊ သူ့အသင်းအခွင့် အရေးတွေကို သာကောင်းကောင်း အသုံးချခဲ့လို့ကတော့ ၄ - ၅ ဂိုးလောက် ပြတ်နိုင်ကြောင်းနဲ့ ပင်နယ်တီ လွဲတာနဲ့ ပတ်သက်လို့တော့ နောက်တခါ ပင်နယ်တီရရင် သူကိုယ်တိုင်ပဲ ကန်သွင်း တော့မယ် ဆိုပြီး ပြောသွား ခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အာဆင်ဗင်းဂါး ကတော့ သူ့အသင်း ဘောလုံး ပိုင်ဆိုင်မှုကောင်းပေမယ့် အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ကြောင်း ၊ ၂ ဂိုး ရှုံး နေပြီး တယောက်ပါ လျော့သွား တော့ ပိုဆိုး သွား ခဲ့တဲ့ အကြောင်းနဲ့ အနီကပ်ကတော့ နည်းနည်း ပိုလွန်းတယ် ထင်ကြောင်း တွေကို ပြောသွား ခဲ့ပါတယ်။

ဒါကတော့ နှစ်ဘက် အသင်းက နည်းပြတွေရဲ့ ပွဲနဲ့ ပတ်သက်လို့ သုံးသပ် ချက်တွေပါ။ ဒါပေမယ့် ဘီဘီစီက ဘောလုံး ဝေဖန်သူ တွေကရော ဘယ်လို သုံးသပ် ကြပါသလဲ။

ဘီဘီစီရဲ့ ဘောလုံး ဝေဖန်သူ တယောက် ဖြစ်နေတဲ့ အရင် လစ်ဗာပူးလ် နောက်ခံလူ အယ်လန် ဟန်ဆင်ကတော့ မနှစ်က အာဆင်နယ် အသင်း ခြေစွမ်းမပြနိုင် ဖြစ်ခဲ့တဲ့ ပွဲကျပ်တွေ ကနေ ဗန်ပါစီက အကြိမ်ကြိမ် ဆွဲတင် ပေးခဲ့တာပါ။ ဒီနှစ်မှာတော့ အဲဒီ ဗန်ပါစီ မရှိတော့ဘူးလေလို့ ရှင်းရှင်းပဲ သုံးသတ် ပြခဲ့ပါတယ်။

တခါအင်္ဂလန်နဲ့ နယူးကာဆယ် တိုက်စစ်မှူး ဟောင်း အလ်လန် ရှီရာ ကတော့ အာဆင်နယ် အနေနဲ့ သူတို့ အကောင်းဆုံး ကစား သမား တွေကို ရောင်းထုတ်နေလို့ မရတော့ ပါဘူး။ အာဆင်ဗင်းဂါးဟာ နည်းပြကောင်း တယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ဗန်ပါစီတို့ ဖာဘရီးဂတ်စ်တို့ နာဆရီတို့လို ကစား သမား တွေကို အစား ထိုးဖို့ ဆိုတာ ဖြစ်နိုင်ဖို့ တော်တော် ခက်ပါတယ်။ ကာဇိုလာ ရောက်လာပြီး ခြေစွမ်း အသင့်အတင့် ပြနိုင်ပေမယ့် ဗန်ပါစီ မရှိတော့တာ အတော်ကို အားနည်း သွားစေခဲ့ပါတယ်။ သူလိုကစား သမားမရှိတော့ရင် အာဆင်နယ်မှ မဟုတ်ပါဘူး၊ ဘယ်အသင်းမဆို အားနည်းသွား မှာပါလို့ ပြောကြားသွား ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် နှစ်သင်းအကြားမှာ ကန်ခဲ့တဲ့ နောက်ဆုံး ၁၁ ပွဲမှာ မန်ယူဘက်က ၉ ပွဲနိုင်ပြီး ၁ ပွဲသာ ရှုံးခဲ့သလို ဒီပွဲမှာ ဂိုး တွေသွင်းနိုင်ခဲ့တဲ့ အတွက် မန်ယူဟာ ပရီးမီးယား လိဂ် စံချိန်အဖြစ် အိမ်ကွင်းမှာ ၅၄ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ အသင်း ဖြစ်သွားခဲ့ပါတယ်။ ဗန်ပါစီကတော့ ယာကူဘူ နောက်ပိုင်း လတ်တလော ပရီးမီးယား လိဂ်မှာ ကန်နေတဲ့ အသင်းတွေ အားလုံးကို ဂိုးသွင်းနိုင်တဲ့ ကစား သမား ဖြစ်သွား ခဲ့ပါတယ်။

ဒီပွဲနိုင်လိုက် တဲ့အတွက် မန်ယူဟာ ပရီးမီးယား လိဂ် ဇယား ရဲ့ ထိတ်ကို ပထမဆုံး အကြိမ် ရောက်ရှိသွား ခဲ့ပါတယ်။

စနေနေ့က ကန်ခဲ့ကြတဲ့ ပရီးမီးယား လိဂ် ပွဲစဉ် တွေမှာတော့

ဖူလမ်နဲ့ အဲဗာတန် တို့ ၂ ဂိုး စီ သရေကျပါတယ်။

နောရစ် စီးတီး အသင်းကတော့ စတုခ် စီးတီး အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဆန်းဒါးလန်း အသင်းကိုတော့ သူ့အိမ်ကွင်းမှာ အက်စ်တန်ဗီလာက တဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

တော့တင်ဟမ် ဟော့စပါးစ် အသင်းကိုတော့ သူ့အိမ်ကွင်းမှာ ဝစ်ဂန် အသင်းက တဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။

ဝက်စ်ဟမ်း အသင်းကတော့ မန်ချက်စတာ စီးတီး အသင်းကို အိမ်ကွင်းမှာ ဘဲဥမကွဲ အောင် သရေခံ ကစား ပစ်ခဲ့ လို့ မန်စီးတီးတို့ ၁ မှတ် သာ ယူလို့ အိမ်ပြန်သွား ခဲ့ရပါတယ်။

ဆွမ်ဆီး စီးတီး အသင်းကလည်း အရင် တပတ်က မန်ယူကို ရှုံးလို့ ပထမ နေရာက မဆင်းရအောင် ကြိုးစားခဲ့တဲ့ ချဲလ်ဆီးကို ၁ ဂိုးစီ သရေ ကစားခဲ့ပါတယ်။ ဒီပွဲမှာ သရေကျခဲ့လို့ ချဲလ်ဆီးဟာ သူ့ရဲ့ ဇယား ထိတ်က ပထမ နေရာကို အာဆင်နယ်ကို နိုင်ခဲ့တဲ့ မန်ယူကို ဖယ်ပေးလိုက်ရပြီး ဒုတိယ နေရာကို ရောက်သွား ခဲ့ပါတယ်။

တနင်္ဂနွေ နေ့မှာတော့ ၂ ပွဲကန်ခဲ့ကြပါတယ်။ ပထမပွဲ ကျူပီအာနဲ့ ရဒ်ဒင်း တို့ပွဲမှာတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီနှစ်သင်းလုံး ဒီရာသီမှာ နိုင်ပွဲ မရကြသေးပါဘူး။ ဒုတိယပွဲ အဖြစ် ကစားခဲ့ကြတဲ့ လစ်ဗာပူးလ်နဲ့ နယူးကာဆယ် ယူနိုက်တက် တို့ပွဲမှာလည်း ၁ ဂိုး စီသရေနဲ့ ပဲ ပွဲပြီး သွား ခဲ့ပါတယ်။ တနင်္လာညမှာတော့ နောက်ဆုံး ကျန်နေသေးတဲ့ ဝက်စဘရောမ်းနဲ့ ဆောက်သမ်တန်တို့ ကစား ကြဖို့ ရှိပါတယ်။

လာမယ့် အင်္ဂါနဲ့ ဗုဒ္ဓဟူး နေ့တွေမှာလည်း ချန်ပီယံ လိဂ် ပွဲစဉ် တွေကစား ကြရဖို့ ရှိနေပါတယ်။

အဲဒီပွဲတွေထဲက ရှော်လ်ကာနဲ့ အာဆင်နယ် ၊ ရီးယဲလ် မဒရစ်နဲ့ ဒေါ့မန်တို့ ပွဲတွေ ကောင်းနိုင်သလို မန်စီးတီးနဲ့ အားယက်စ် အမ်စတာဒန်တို့ ပွဲလည်း အကြိတ်အနယ် ဖြစ်နိုင်ပါတယ်။

တခါ လာမယ့် တနင်္ဂနွေ မှာတော့ ပရီးမီးယား လိဂ် ပွဲကောင်း တွေ အဖြစ် မန်စီးတီးနဲ့ စပါးစ် ၊နောက်ပြီး ချဲလ်ဆီးနဲ့ လစ်ဗာပူးလ်တို့ တွေ့ကြဦးမှာ ဖြစ်လို့ ပွဲကောင်းတွေ ကြည့်ကြရဖို့ ရှိနေကြောင်း သတင်းကောင်းလေး ပါးရင်း အားကစား သတင်းတွေကို ဒီမှာပဲ အဆုံးသတ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။