BBC navigation

တပတ်အတွင်း အားကစား သတင်း

နောက်ဆုံး ရေးသားချိန် 11 နိုဝင်ဘာလ 2012 - 22:05 GMT

မီဒီယာ ပလေးယား

ချန်ပီယံလိဂ် ပွဲစဉ်များနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

epl

ဒီဂိုးကြောင့် ချဲလ်ဆီး တတိယနေရာကို ဆင်းသွားခဲ့ရပါတယ်။

ပရီးမီးယား လိဂ် ဇယားကို ပထမဆုံးအကြိမ် ဦးဆောင်ခွင့် ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အက်စ်တန်ဗီလာနဲ့ တွေ့တဲ့အခါ နိုင်ပွဲ ဆက်ဦး မလား။

တခါနောက်မှာ ကပ်လိုက်နေကြတဲ့ မန်စီးတီးနဲ့ နယူးကာဆယ်ပွဲ၊ ချဲလ်ဆီးနဲ့ လစ်ဗာပူး ပွဲတွေ မှာရော ဘယ်လို အဖြေတွေ ထွက်ခဲ့သလဲ ဆိုတာ ပွဲစဉ် တွေအကြောင်းနဲ့ သုံးသတ်ချက် တွေကို တင်ဆက်ပေးသွား မှာ ဖြစ်ပါတယ်။

အရင်ဆုံး ချန်ပီယံလိဂ် ပွဲစဉ် တွေအကြောင်းနဲ့ စလိုက်ပါရစေ။

ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူး နေ့တွေက ကန်ခဲ့ကြတဲ့ ချန်ပီယံလိဂ် ပွဲစဉ် တွေမှာတော့

ဘရာဟာကို သူ့အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်က အနိုင်ရပြီး ၄ ပွဲကစား ၄ ပွဲနိုင် ၁၂ မှတ်နဲ့ အုပ်စု ပထမနေရာက နောက်တဆင့် တက်သွား ခဲ့ပြီ ဖြစ်ပါတယ်။

စကော့တလန်မှာ ကစားခဲ့ကြတဲ့ ဆဲလ်တစ်နဲ့ ဘာစီလိုနာတို့ ပွဲမှာတော့ ဆဲလ်တစ်က ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ကစား သွားခဲ့ ပါတယ်။

တခါ ချဲလ်ဆီးကလဲ ရှာတာ ဒေါညက်ကို အိမ်ကွင်းမှာ ပွဲပြီးခါနီးမှ သွင်းလိုက်တဲ့ အနိုင်ဂိုး ကြောင့် ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရသွား ခဲ့ပါတယ်။

ဂျာမနီမှာ ကန်ခဲ့တဲ့ ဘိုင်ယန် မြူးနစ်နဲ့ ပြင်သစ် အသင်းလီးလ် တို့ ပွဲမှာတော့ မြူးနစ် ခြေမြူး ဂိုးမြူးပြီး ၆ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

မန်စီးတီးကလည်း အိုင်းယက်စ် အမ်စတာဒမ်ကို အိမ်ကွင်းမှာ လက်ခံ ကစားရပေမယ့် ၂ ဂိုး စီ သရေပဲ ကစားနိုင်ခဲ့ပါတယ်။

ရှော်လ်ကာ ၀၄ နဲ့ အာဆင်နယ်တို့ ပွဲမှာတော့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

နောက်ပြီး မီလန်နဲ့ မာလာဂါ တို့ပွဲမှာလည်း ၁ ဂိုး စီ သရေကျခဲ့ပါတယ်။

ယူဗန်းတပ်စ်ကတော့ အိမ်ကွင်းမှာ နော်ရှာလန်း အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ နိုင်သွား ခဲ့ပါတယ်။

အခုတော့ ပရီးမီးယား လိဂ် ပွဲစဉ် တွေဘက်ကို ကြည့်ရအောင်ပါ။ ပရီမီးယားလိဂ် ရဲ့ ပွဲစဉ် ၁၁ ကို ပြီးခဲ့တဲ့ သတင်းပတ်ကုန် ပိုင်းမှာ ကစားခဲ့တာ ဖြစ်ပါတယ်။

စနေနေ့က ကစားခဲ့ကြတဲ့ အင်္ဂလိပ် ပရီမီးယား လိဂ် ပွဲတွေမှာတော့ အာဆင်နယ်နဲ့ ဖူလမ် ၃ ဂိုးစီ သရေကျပါတယ်။

အဲဗာတန်ကတော့ ဆန်းဒါးလန်းကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ပါတယ်။

ရက်ဒင်းနဲ့ နောရစ်တို့ ဂိုးမရှိ သရေကျပါတယ်။

ဆောက်သမ်တန်နဲ့ ဆွမ်ဆီး တို့လည်း ၁ ဂိုးစီ သရေနဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။

စတုခ် စီးတီးကတော့ ကျူပီအာကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဝစ်ဂန်ကတော့ အိမ်ကွင်းမှာ ကစားရပေမယ့် ဝက်စ်ဘရောမ်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးသွား ခဲ့ပါတယ်။

စနေနေ့က ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ်ကတော့ ဇယားထိပ်က ပြေးနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အက်စ်တန်ဗီလာ တို့ရဲ့ ပွဲပါ။

ဗီလာရဲ့ အိမ်ကွင်း ဗီလာပါ့ခ်မှာကစားခဲ့ကြတာပါ။

ပွဲစတာနဲ့ တဘက်နဲ့ တဘက် အပြန်အလှန် ထိုးစစ်ဆင် ကြပေမယ့် မန်ယူဘက်က ပိုပြီး ဖိနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်း ပြီးခါနီး လေးမှာပဲ ဗီလာက ထိုးဖောက် ကစားပြီး ဗွေဆော်ဦး ဂိုးကို စသွင်း သွားခဲ့ပါတယ်။ ဒါနဲ့ပဲ ဗီလာက ပထမပိုင်း အပြီးမှာ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်သွား နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စတော့ မန်ယူဘက်က အက်ရှ်လေယန်း နေရာမှာ ဟာနန်ဒက်စ်ကို လူစားထည့်ပြီး ချေပဂိုး ရဖို့ အသည်းအသန် ကြိုးစားပါတယ်။ ဒါပေမယ့်လည်း မိနစ် ၅၀ မှ ဗီလာက ဝိုင်းမန်က ဒုတိယဂိုးကို ထပ်သွင်းသွား လို့ ဗီလာက ၂ ဂိုး အသာနဲ့ ဦးဆောင်သွားပါတယ်။

မန်ယူ တိုက်စစ်ကို မြှင့်ကစားခဲ့လို့ ၅၈ မိနစ်မှာ ဟာနန်ဒက်စ်က ပထမ ချေပဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။ ၆၃ မိနစ်မှာတော့ ဟာနန်ဒက်စ် သွင်းတဲ့ အလုံး ဗီလာ နောက်တန်းနဲ့ ထိ ဝင်သွားခဲ့လို့ ၂ ဂိုးစီ သရေဖြစ်နေခဲ့ပြီး ပွဲပြီးခါနီး ၈၇ မိနစ်မှာတော့ ဗန်ပါစီရဲ့ ဖရီးကစ်က တဆင့် ဟာနန်ဒက်စ်က ခေါင်းတိုက်သွင်းသွားလို့ ပွဲအပြီး မန်ယူကပဲ ၃ ဂိုး ၂ ဂိုး နဲ့ နိုင်သွား ခဲ့ပါတယ်။

ဒီပွဲပါနဲ့ ဆိုရင် မန်ယူဟာ ဒီရာသီမှာ အရှုံးကနေ လိုက်ကစားပြီး အနိုင်ရခဲ့တာ ၅ ပွဲ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပွဲအပြီး မန်ယူနည်းပြကြီး ဆာအဲလက်စ် ဖာဂတ်ဆင်က ပွဲက ပွဲကောင်း တပွဲဖြစ်တဲ့ အကြောင်း၊ ဗီလာကတော့ တော်တော်ကို ကြိုးစားခဲ့ကြတဲ့ အကြောင်းနဲ့ အခုလို ရှုံး ခဲ့ရလို့ တော်တော် စိတ်မကောင်း ဖြစ်နေလောက်ကြောင်း၊ ပထမဂိုး ရပြီးထဲက ဒီပွဲ မရှုံး နိုင်ဘူးလို့ သူထင်ထား ခဲ့တဲ့ အကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

ဗီလာမန်နေဂျာ ပေါလန်းပါတ် ကတော့ သူ့အသင်းသားတွေ အသက်ကုန် ကစားခဲ့ကြတဲ့ အကြောင်း၊ အပြစ်ရှာစရာတောင် မတွေ့မိကြောင်း ၊ အသင်းမှာ လူငယ် တွေအများအပြား ပါခဲ့ပြီး သူတို့ ဒီထက် ပိုကောင်းအောင် တော့ မကစားနိုင် တော့တဲ့ အကြောင်း တွေကို ပြောသွား ခဲ့ပါတယ်။

နှစ်ဘက်အသင်း မန်နေဂျာ တွေက အခုလို သုံးသတ်ပြခဲ့သလို ဘီဘီစီက ဘောလုံး ဝေဖန်သူ အဲလန် ရှီးရား ကတော့ ဟာနန်ဒက်စ် ဒုတိယပိုင်း လူစား ဝင်လာထဲက အပြောင်းအလဲ မြင်ရတော့မယ် လို့ ထင်မိခဲ့တဲ့ အကြောင်းနဲ့ ထင်ထားတဲ့ အတိုင်း ဖြစ်ခဲ့ကြောင်း၊ သူရခဲ့တဲ့ ဂိုး တွေက ကြက်ကန်း ဆန်အိုးတိုး တာမျိုးတွေ မဟုတ်ကြောင်း၊ ဟာနန်ဒက်စ် တော်တော် ခြေစွမ်း ပြနေတဲ့ အကြောင်းတွေကို ပြောသွား ခဲ့သလို ဗီလာရဲ့ လူငယ် ကစားသမား လေးတွေလည်း ခြေစွမ်းတော်တော် ထက်တယ်လို့ သုံးသတ် ပြောကြား သွား ခဲ့ပါတယ်။

အဲဒီလို ရှေ့က ပြေးနေတဲ့ မန်ယူက ဗီလာကို အနိုင်ယူသွား ခဲ့ပြီး နောက်တနေ့ တနင်္ဂနွေ မှာတော့ နောက်ကလိုက် နေတဲ့ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ ရှေ့ဆင့် နောက်ဆင့် ဆိုသလို ကစား ခဲ့ကြပါတယ်။

အဲဒီပွဲတွေ အပြင် နယူးကာဆယ်ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း ယူနိုက်တက် တို့လည်း နယူးကာဆယ် ကွင်းမှာကန်ခဲ့ကြပါတယ်။

အဲဒီပွဲမှာတော့ အရင် နယူးကာဆယ် ကစားသမားဟောင်း ကယ်ဗင် နိုလန်က ၃၇ မိနစ်မှာ သွင်းယူ သွားခဲ့တဲ့ ဂိုးနဲ့ ပဲ ဧည့်သည် အသင်းက အနိုင်ရသွား ခဲ့ပါတယ်။ နယူးကာဆယ်အတွက် ဒန်ဘာဘား ဂိုးသွင်း ယူဖို့ ကြိုးစား ခဲ့ပေမယ့် ဝက်စ်ဟမ်း ဂိုးသမား ယက်စကာလိုင်နင် ကောင်းလို့ ဂိုးမရခဲ့ပါဘဲ ပွဲအပြီးမှာ ဝက်စ်ဟမ်းတို့ ၃ မှတ်ယူပြီး အိမ်ပြန် နိုင်ခဲ့ပါတယ်။

မန်စီးတီးကတော့ တော့တင်ဟမ် ဟော့စပါးစ်ကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ပြီး ပထမပိုင်းမှာ စပါးစ်က ၁ ဂိုး အသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှ မန်စီးတီးက ၂ လုံးပြန်ထည့် နိုင်လို့ ၂ ဂိုး ၁ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။

တခါချဲလ်ဆီး ကလဲ လစ်ဗာပူးလ်ကို အိမ်ကွင်းမှာ လက်ခံကစား ခဲ့ပြီး မန်ယူရဲ့ နောက်မှာ ထပ်ကြပ်မကွာ လိုက်နေဖို့ ကြိုးစား ခဲ့ကြပါတယ်။ ချဲလ်ဆီးအတွက် တယ်ရီက မိနစ် ၂၀ မှာ ဦးဆောင်ဂိုး သွင်းပေးခဲ့ ပေမယ့် ၇၃ မိနစ်မှာ လစ်ဗာပူးလ်က ဆွာရက်စ်က ပြန်ချေခဲ့လို့ ပွဲအပြီး ၁ ဂိုး စီသရေနဲ့ ၁ မှတ်စီ ပဲခွဲယူ ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ် ၉ အထိ ရှေ့က ဦးဆောင်နိုင်ခဲ့တဲ့ ချဲလ်ဆီးတို့ ပွဲစဉ် ၁၁ ပြီးချိန်မှာ တတိယ နေရာ အထိ တောင် ဆင်းသွား ခဲ့ရတာဟာ ဘာကြောင့် ပါလဲ။ မြန်မာ နိုင်ငံက အားကစား ကလောင်ရှင် ကိုဇော်မျိုးသန့်ကတော့ ချန်ပီယံလိဂ် ပွဲကျပ်တွေ ကစားဖို့ ရှိတာ တွေနဲ့ ပထမကစား သမားတွေချည်း ပွဲစဉ် ဆက်ကစား လာရတာကြောင့် ပွဲပန်း လာနေတာ ဖြစ်နိုင်ကြောင်း သုံးသတ် ပြောကြား သွား ပါတယ်။

လက်ရှိ အချိန် ပွဲစဉ် ၁၁ ပြီးဆုံး ချိန်အထိတော့ ပရီးမီးယား လိဂ် ဇယားကို မန်ချက်စတာ ယူနိုက်တက်က ၂၇ မှတ်နဲ့ ဦးဆောင် နေပြီး သူ့နောက်မှာ မန်ချက်စတာ စီးတီးက ၂၅ မှတ်နဲ့ ဒုတိယ၊ ချဲလ်ဆီးက ၂၄ မှတ်နဲ့ တတိယ နေရာတွေမှာ အသီးသီး ရှိနေကြပါတယ်။

လာမယ့် ဗုဒ္ဓဟူး နေ့မှာ တော့ နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲ တွေလည်း ရှိနေသလို လာမယ့် ၁၇ ရက် စနေနေ့မှာတော့ လန်ဒန် ဒါဘီ အဖြစ် အာဆင်နယ်နဲ့ တော့တင်ဟမ် ဟော့စပါးစ်တို့ အမ်းမရိတ်စ်ကွင်းမှာ တွေ့ကြမှာ ဖြစ်လို့ ပွဲကြီးပွဲကောင်းတွေ ရှိနေကြောင်း ပြောရင်း အားကစား သတင်းတွေကို ဒီမှာပဲ အဆုံး သတ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။