BBC navigation

ဒေးဗစ် ဘက်ခမ်း အမေရိကန်ကနေ ပြောင်းမယ်

နောက်ဆုံး ရေးသားချိန် 20 နိုဝင်ဘာလ 2012 - 18:53 GMT
Beckham

ဒေးဗစ် ဘက်ခမ်း

အင်္ဂလန်က နာမည်ကြီး ဘောလုံးသမား ဒေးဗစ် ဘက်ခမ်းဟာ အမေရိကန် LA Galaxy အသင်းကနေ အသင်းပြောင်းတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ ၆ နှစ်ကြာ ကစားခဲ့တဲ့ LA Galaxy မှာ ဘက်ခမ်းဟာ နောက်လလယ် အထိပဲ ကန်မှာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဘက်ခမ်းအနေနဲ့ အခု ပြောင်းရွှေ့ကန်မယ့် အသင်းဟာ သူ နောက်ဆုံး ကန်မယ့် ကလပ်လို့လည်း ပြောကောင်း ပြောနိုင်မှာပါ။

ဒါပေမယ့် ဒီအသင်းကနေ ထွက်တဲ့အခါ သူဘယ်အသင်းကို သွားမလဲဆိုတဲ့အပေါ် လူတွေ စိတ်ဝင်စားနေကြပါတယ်။

ဘက်ခမ်းဟာ အမေရိကန်နိုင်ငံမှာ ဆော့ကာလို့ သိကြတဲ့ ဒီဘောလုံးကစားနည်းကို လူတွေ ပိုသိအောင် လုပ်နိုင်ခဲ့တယ်လို့ ချီးကျူးခံရသူ တစ်ဦးလည်း ဖြစ်ပါတယ်။

အခု ဒေးဗစ် ဘက်ခမ်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ထဲမှာ သြစတြေးလျှကလပ်တွေလည်း ပါဝင်တာမို့ သူ သြစတြေးလျ သွားဖြစ်ရင် အမေရိကန်မှာလို သြစတြေးလျ ဘောလုံး လောကကိုလည်း နာမည်ပိုတက်အောင် လုပ်နိုင်မလားဆိုပြီးလည်း စိတ်ဝင်စားနေကြပါတယ်။

တရုတ်နိုင်ငံကလည်း သူ့ကို စိတ်ဝင်စားနေပါတယ်။ တရုတ်ကလည်း အရင် ချဲလ်ဆီးအသင်းက နာမည်ကြီး ဒစ်ဒီယေ ဒရော့ဘာနဲ့ နစ်ကိုလပ်စ် အနယ်ကာတို့ကို ခေါ်ယူထားခဲ့ပြီးသားပါ။

ပြင်သစ်က ပဲရစ်စိန့်ဂျာမိန်း အသင်းကလည်း စိတ်ဝင်စားတယ်လို့ ပြောပါတယ်။ အင်္ဂလန်၊ ယူအေအီး၊ ဘရာဇီး နဲ့ ရရှား က အသင်းတချို့ကလည်း စိတ်ဝင်စားမှု ပြခဲ့ကြလို့ ဒေးဗစ် ဘက်ခမ်းအနေနဲ့ ရွေးစရာကတော့ များနေပါတယ်။

အင်္ဂလန်အသင်း ကပ္ပတိန်ဟောင်း ဒေးဗစ် ဘက်ခမ်းဟာ မန်ချက်စတာ ယူနိုက်တက် ကလပ်နဲ့ စပြီး နာမည်ကြီးခဲ့ပြီးနောက် ရီယဲလ် မက်ဒရစ် နဲ့ အေစီ မီလန် အသင်းတွေမှာလည်း ကန်ခဲ့ဖူးပါတယ်။

အခုတကြိမ်မှာ ဒေးဗစ် ဘက်ခမ်းအနေနဲ့တော့ သူ့မိသားစုအတွက်ရော၊ နောက်ပြီး သူ့အနေနဲ့ အရွယ်မလွန်မီ နောက်ဆုံး ခြေစွမ်းပြခွင့်ရမယ့် နေရာကို ရွေးချယ်မယ်လို့ ဘောလုံး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။