BBC navigation

အောင်မြင်ကျော်ကြား တက္ကသိုလ်အားကစား

နောက်ဆုံး ရေးသားချိန် 17 ဇန်နဝါရီလ 2013 - 13:32 GMT
Rangoon University, Yangon University

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်

(၂၀၁၃) ခုနှစ်ထဲတွင် လာအိုနိုင်ငံ၌ အရှေ့ တောင်အာရှ တက္ကသိုလ် ပေါင်းစုံ အားကစား ပြိုင်ပွဲ ကျင်းပမည်။ မြန်မာ နိုင်ငံကလည်း ပြေးခုန်ပစ်၊ ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင် တင်းနစ် စသည့် အားကစား နည်းများတွင် ပါဝင် ယှဉ်ပြိုင် ကြမည်ဟု ကြားသိ ရသည်။

တက္ကသိုလ် ပေါင်းစုံ အားကစား ပြိုင်ပွဲ ကျင်းပမည် ဆိုသည့် သတင်းကြားသိရသည်နှင့်တစ်ပြိုင်နက် အတိတ်မှတက္ကသိုလ်အား ကစား၊ တစ်ခါတုန်းက တက္ကသိုလ် များ၏ အားကစား လှုပ်ရှားမှုများ ကို ပြန်လည် သတိရမိသည်။

မြန်မာ အားကစား လောက ရွှေရောင် ဝင်းလက်စဉ် ကာလတွင် မြန်မာအားကစား အောင်မြင်ရေးအတွက် အခြေခံ ဒေါက်တိုင်ကြီး သုံးတိုင် ရှိခဲ့သည်။ တက္ကသိုလ်နှင့် ကောလိပ်များ၊ တပ်မတော်နှင့် ဝန်ထမ်း အားကစား ဒေါက်တိုင်ကြီး ဖြစ်သည်။

အားကစား တစ်မျိုး တစ်လေသာ မဟုတ်၊ ပြေးခုန်ပစ်၊ ရေကူး၊ တင်းနစ်၊ ကြက်တောင်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ အနောက်တိုင်းလှေလှော် စသည့် အားကစားနည်းများတွင် တက္ကသိုလ် ကျောင်းသူကျောင်းသား အားကစားသမားများက လက် ရွေးစင်အဖြစ် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင် ပေးခဲ့သည်။

တက္ကသိုလ်၊ ကောလိပ်များ အတွက် အားကစားအရင်းအမြစ် များမှာ အထက်တန်း ကျောင်းများမှ စတင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

လမ်းစဉ်ပါတီခေတ်၊ စနစ်သစ် တက္ကသိုလ် ပညာရေးစတင် သည်နှင့် အတူ တက္ကသိုလ်နှင့် ကောလိပ်များတွင် အားကစား အရာရှိ ဆရာများ ခန့်ထား ပေးခဲ့သည်။ ရန်ကုန် တက္ကသိုလ် အားကစားအရာရှိ ဆရာငြိမ်း လက်ထွက် တက္ကသိုလ် လက်ရွေးစင် (အထူးသဖြင့်)ဘောလုံး သမားများက အားကစား အရာရှိများ ဖြစ်လာကြသည်။

တက္ကသိုလ်နှင့် ကောလိပ်များကလည်း ယခုလောက် မများသေးပါ။ မြစ်ကြီးနားတွင် ကောလိပ်ရှိပါသည်။ မန္တလေး၌ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်နှင့် ဆေးတက္ကသိုလ်ရှိပါသည်။

တောင်ကြီး၊ မကွေး၊ မော်လမြိုင်၊ စစ်တွေနှင့် ပျဉ်းမနားတွင် စိုက်ပျိုးရေး တက္ကသိုလ်(ရေဆင်း) စသည် တို့သာ ရှိပါသည်။

ရန်ကုန်

ရန်ကုန်တွင်မူ တက္ကသိုလ်များ ရှိပါသည်။ ပင်မ တက္ကသိုလ် (ဝါ) ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်၊ RIT ၊ ဆေးတက္ကသိုလ်(၁ နှင့် ၂)၊ သွား တက္ကသိုလ်၊ တိရစ္ဆာန် နှင့် မွေးမြူရေးတက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ သက်ကြီး တက္ကသိုလ်၊ နောက်ပိုင်း စာပေးစာယူ ပြီးတော့ အဝေးသင် တက္ကသိုလ်များ ရှိကြပါသည်။

ယင်းတက္ကသိုလ်နှင့် ကောလိပ်များတွင် အဆောင်လိုက်၊ ဘာသာရပ်အလိုက် အားကစားပြိုင်ပွဲများ နှစ်စဉ်မပြတ် ကျင်းပခဲ့ပါသည်။

ယင်းနောက် ဒေသအလိုက်စုပေါင်းကာ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများ အားကစားနည်းအလိုက် ကျင်းပကြသည်။

ရန်ကုန်တွင်မူ ပြေးခုန်ပစ်၊ ဘောလုံး၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ ရေကူးစသည့် အားကစား နည်းများကို အားကစားနည်း တစ်မျိုးစီပြိုင်ပွဲများ ကျင်းပပါသည်။

ပြီးတော့ အောက်မြန်မာပြည် တက္ကသိုလ် ပေါင်းစုံအားကစား ပြိုင်ပွဲ၊ အထက်မြန်မာပြည် တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲ၊ တက္ကသိုလ် ပေါင်းစုံ အားကစား ပွဲတော်ဟူ၍ စဉ်ဆက် မပြတ် ကျင်းပ နိုင်ခဲ့သည်။

ထိုသို့ အားကစားပြိုင်ပွဲများ ကျင်းပရုံမျှသာမက တက္ကသိုလ် မှအားကစားဆရာ အရာရှိများသည် ကာယပညာဌာနမှ ဆရာများ၊ အားကစားနှင့် ကာယပညာဦးစီဌာနမှ အရာထမ်း ဝန်ထမ်းများနှင့် အတူ ဆိုဗီယက် ပြည်ထောင်စု၊ အရှေ့ဂျာမနီ၊ အနောက် ဂျာမနီ၊ ဟန်ဂေရီ စသည့် ကမ္ဘာတွင် အားကစားနှင့် ပတ်သက်၍ ထင်ရှား ကျော်ကြားသည့် နိုင်ငံများမှ အားကစားတက္ကသိုလ်၊ အားကစား သိပ္ပံများတွင် အားကစား ပညာတော်သင်များ အဖြစ် သွားရောက်၍ အားကစား ပညာရပ်များ ဆည်းပူး သင်ကြားခဲ့ရသည်။

သို့ရာတွင် လမ်းစဉ်ပါတီ အစိုးရနှောင်းပိုင်းမှစတင်ကာ ပြည်ပ သို့အားကစား ပညာသင်များ စေလွှတ်ခြင်း မရှိတော့ပါ။

ယင်းအပြင် မူလတန်း ကျောင်းလေးများမှ စကာ တက္ကသိုလ်နှင့် ကောလိပ်ကြီး များအထိ လုံခြုံရေးကိုအကြောင်းပြုကာ အားကစားပြိုင်ပွဲများကို တဖြေးဖြေးနှင့် မသိမသာ ကျင်းပခြင်းမပြုတော့ပါ။ အားကစားပြိုင် ပွဲများမရှိတော့သောအခါ တက္ကသိုလ်များမှ ထူးချွန်သည့် အားကစား ကျောင်းသူ ကျောင်းသားများ မထွက်တော့ပါ။

တစ်ခါတုန်းက တက္ကသိုလ်

တက္ကသိုလ် ကျောင်းသား အားကစား သမားများကို ပြည်သူတို့က အသည်းစွဲ ချစ်ခင်မြတ်နိုး အားပေးခဲ့ကြသည်မှာ ရှေ့အတီတေ ကတည်းက ဖြစ်သည်။

အင်္ဂလိပ် ကိုလိုနီခေတ်က ဘီအေအေ ဘောလုံး လောကတွင် မျက်နှာဖြူ အထူးသဖြင့် စစ်တပ်နှင့် မျက်နှာဖြူ ကပြားများသာ ဘောလုံးပွဲများတွင် အနိုင်ယူ စိုးမိုးနေစဉ်ကာလ၊ (၁၉၁၅၊ ၁၆၊ ၁၇) ခုနှစ်တွင် ဘီအေအေ ပထမတန်း ဘောလုံးပွဲတွင် ရန်ကုန် ယူနီဗာစီတီ အသင်းသည် သုံးနှစ် ဆက်တိုက် ပထမရခဲ့သည်။ တစ်ဖန် (၁၉၁၉)ခုနှစ်နှင့် (၁၉၂၀)ပြည့်နှစ် တို့ တွင်လည်း နှစ်နှစ် ဆက်တိုက် ဘီအေအေ ချန်ပီယံဖြစ်ခဲ့သည်။

(၁၉၃၂၊ ၁၉၃၃၊ ၁၉၃၄)ခုနှစ်တွင်လည်း ယူနီဗာစီတီ (တက္ကသိုလ်) ဘောလုံးအသင်းသည် သုံးနှစ်ဆက်တိုက် ဘီအေအေ အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည်။ (၁၉၈၆)ခုနှစ်မှ (၁၉၄၁)ခုနှစ်အထိ ဘီအေအေ ဘောလုံး ပွဲများတွင် သုံးနှစ်ဆက် တိုက် တစ်ကြိမ်၊ နှစ်နှစ်ဆက်တိုက်တစ်ကြိမ်ချန်ပီယံဖြစ်သည့် ဘောလုံးအသင်းမှာ တက္ကသိုလ် ဘောလုံး အသင်း တစ်သင်းသာ ရှိသေးသည်။

စစ်ကြိုခေတ်တက္ကသိုလ်ဘောလုံးအသင်းမှ မောင်ဝင်း၊ ယုတ်ကွင်း၊ မောင်မောင်ကလေး စသည့်တက္ကသိုလ်ကျောင်းသား ဘောလုံးသမားများသည် အထူးကျော်ကြားထင်ရှားသူများဖြစ်သည်။

မောင်မောင်ကလေး ဆိုလျှင် သူ၏အားကစားထူးချွန်မှုကြောင့် အင်္ဂလန်နိုင်ငံသို့ အားကစားပညာတော်သင်အဖြစ် အစိုးရက ရွေးချယ် စေလွှတ်ခြင်းခံရသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော အားကစား ပညာတော် သင်ဖြစ်သည်။

ပျောက်ကွယ်ခဲ့

စစ်ကြိုခေတ်အစောပိုင်းက မြန်မာဘောလုံး လောကတွင် အောင်မြင်မှု မှတ်တိုင် အလီလီ စိုက်ထူ နိုင်ခဲ့သည့် တက္ကသိုလ် ဘောလုံး အသင်းမှာ ယခုအခါ အမည်ပါ ပျောက်လျက်ရှိသည်။ စစ်ပြီး ခေတ်တွင် အသစ်တစ်ဖန် ပြန်လည် ဖွဲ့စည်းခဲ့သည့် ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်းမှာ အောင်မြင်မှု နည်းပါးခဲ့သော်လည်း လက်ရွေးစင် ဘောလုံးသမား များကိုမူ မွေးထုတ် ပေးနိုင်ခဲ့သည်။

ကောလိပ်ဂျင်နေဝင်း၊ ထွန်းကြည်၊ ကက်နက်ရှိန်၊ အောင်ခင်၊ စိုးမြင့်၊ မောင်ပြုံး၊ ဘမောင်၊ စောဦး၊ ကျော်ကျော်၊ မောင်မောင်(စက်မှု တက္ကသိုလ်)၊ ငွေကိုင် စသည့် တက္ကသိုလ် ကျောင်းသား ဘောလုံးသမားများ မြန်မာလူငယ်၊ လူကြီး လက်ရွေးစင်အသင်း များတွင် ပါဝင် ကစားခဲ့ ကြရသည်။

အခြားအားကစား

တစ်ခါတုန်းမှ တက္ကသိုလ်က မြန်မာအားကစားအတွက်အခြား သောအားကစားနည်းများဖြစ်သည့် ပြေးခုန်ပစ်၊ ရေကူး၊ ဘော်လီဘော၊ တင်းနစ်၊ ကြက်တောင် စသည့် အားကစား နည်းများတွင် လည်း မြန်မာ့လက်ရွေးစင် အားကစားသမားများ မွေးထုတ် ပေးနိုင်ခဲ့ သည်။

စိုးမရ၊ ထွန်းမရ၊ ကျော်မရ၊ မောင်မောင်မရ ညီနောင်လေး ဖော်မှာ တက္ကသိုလ် ကျောင်းသားများ ဘဝကပင် မြန်မာလက်ရွေး စင်ပြေးခုန်ပစ်သမားများဖြစ်ကြသည်။ ကျော်ခင်၊ ကျော်မြင့်၊ ထွန်းနောင်၊ မိုးအေး(ဂရေစီကား)၊ နော်ရီနာမြ စသူတို့မှာထင်ရှားသည့် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်သမား တက္ကသိုလ် ကျောင်းသား ကျောင်းသူများ ဖြစ်ကြသည်။

ဘော်လီဘောတွင်လည်း ကျော်ဟန်၊ အေးထွန်း၊ စန်းစန်းဖေ၊ ဖြူဖြူဇော် စသည့် တက္ကသိုလ် ဘော်လီဘော သမားမှာ မြန်မာ့ လက်ရွေးစင်များ အဖြစ် နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ သူများဖြစ်သည်။ တင်းနစ်တွင် ဂျိုဘမောင်၊ သန်းလွင်၊ ကြက်တောင်ရိုက်တွင် မောင်လှ၊ ကျော်ထွန်း၊ မြင့်မြင့်ခင်(မန္တလေး) တို့မှစကာ မြလေးစိန်အထိ လက်ရွေးစင် ကြက်တောင်ရိုက် သမားများကို တက္ကသိုလ်က မွေးထုတ်ခဲ့သည်။

ရေကူး

မြန်မာရေကူးအားကစားလောကတွင် အအောင်မြင်ဆုံး ရေကူး သမားနှစ်ဦးကို တက္ကသိုလ်ကမွေးထုတ်ပေးနိုင်ခဲ့သည်။ တင်မောင် နီ(ကွယ်လွန်)မှာ အာရှအားကစားပြိုင်ပွဲ (၁၉၆၂)တွင် ရွှေတံဆိပ် နှစ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ နောက်တစ်ဦးမှာ နန္ဒကျော်စွာ ဖြစ်သည်။

(၁၉၆၉)ရန်ကုန်ကျွန်းဆွယ်ပြိုင်ပွဲတွင် တစ်ဦးထဲရွှေတံဆိပ်သုံးဆု ဆွတ်ခူးနိုင်ခဲ့သည်။

သူတို့သာမက ထင်ရှားအောင်မြင်သော တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား အားကစားသမား များစွာရှိခဲ့ပါသည်။ မှတ်တမ်း မှတ်စု ပြည့်ပြည့်စုံစုံ မရှိသော အားကစား လောကတွင် မှတ်မိသမျှ၊ ဖတ်မိသမျှ တင်ပြ လိုက်ရခြင်း ဖြစ်ပါသည်။

ယခုအခါ ရန်ကုန် တက္ကသိုလ်ကြီး ပြန်လည် စိုပြေတော့မည့် နည်းတူ တက္ကသိုလ် အားကစားလောကလည်း ပြန်စိုပြေ လာပါစေဟုသာ ဆန္ဒပြုမိပါသည်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။