BBC navigation

တပတ်အတွင်း အားကစား သတင်း

နောက်ဆုံး ရေးသားချိန် 6 ဇန်နဝါရီလ 2013 - 21:05 GMT

မီဒီယာ ပလေးယား

အက်ဖ်အေ ဖလား တတိယဆင့် ဘောလုံးပွဲများနဲ့ ဖီဖာရဲ့ အကောင်းဆုံး ဘောလုံးသမား ဘယ်သူရနိုင်မလဲ ကြိုတင် သုံးသပ်ချက်များ။

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

fa_cup

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ဖလား

မင်္ဂလာပါ။

မြန်မာ့ လက်ဝှေ့ လောကက ဒဂုံ ရွှေအောင်လံ လုပွဲတွေ အကြောင်း၊ တခါ အင်္ဂလိပ် ဘောလုံး အဖွဲ့ချုပ်ရဲ့ အဖ်အေ ဖလား ပြိုင်ပွဲတွေ အကြောင်း သုံးသပ်ချက် တွေအပြင် ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမား ဘယ်သူ ဖြစ်လာ နိုင်မလဲ ဆိုတဲ့ ခန့်မှန်းချက် တွေကိုပါ တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

အခုတော့ မြန်မာ့ လက်ဝှေ့ နဲ့ အရင် စလိုက်ပါရေစေ ။

ဒဂုံ ရွှေ အောင်လံ လုပွဲတွေ ရဲ့ ဗိုလ်လုပွဲတွေ ထိုးခဲ့ကြရာမှာတော့ ပထမတန်း ရွှေအောင်လံ လုပွဲအဖြစ် အီရန်က လက်ဝှေ့ကျော်နဲ့ ထိုင်းက မွေထိုင်း လက်ဝှေ့သမား တွေကို အသီးသီး အနိုင်ယူ တက်လာ ခဲ့ကြတဲ့ တွေ့မရှောင်နဲ့ ဖိုးကေတို့ တွေ့ခဲ့ကြပါတယ်။ နာမည်ကျော် လက်ဝှေ့ကျော်တွေ ဖြစ်လို့ ဒီပွဲ အကြိတ်အနယ် ရှိလောက်ရဲ့ လို့ ပရိတ်သတ်တွေ မျှော်လင့် နေခဲ့ကြတာ ဆိုတော့ မှန်းချက်လောက် နှမ်းထွက် ခဲ့ရဲ့လား ။

တွေ့မရှောင်က ပွဲချိန်မဆွဲပဲ ဖိုးကေကို အနိုင်ယူ ခဲ့ပေမယ့် ဖိုးကေ ရှုံးချက်က လူပြောစရာ ဖြစ်ကျန်ရစ် ခဲ့တယ်လို့ပဲ ပြောပါရစေ။

အခုတော့ ဘောလုံး ကို အလှည့်ပေးပါပြီ။

အင်္ဂလိပ် ဘောလုံး အဖွဲ့ချုပ် ဖလား တတိယ အဆင့် ဘောလုံး ပြိုင်ပွဲတွေမှာတော့ ပရီးမီးယား လိဂ်က ၂ သင်း တွေ့ကြတဲ့ ဝက်စဟမ်းရဲ့ အပ္ပတွန်ပါခ်ကွင်းမှာ ကစားခဲ့ကြတဲ့ ဝက်စဟမ်း ယူနိုက်တက်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲမှာတော့ ၂ ဂိုးစီ သရေကျ ခဲ့ပါတယ်။

နောက်ပရီးမီးယား လိဂ် နှစ်သင်း ဖြစ်တဲ့ ကျူပီအာနဲ့ ဝက်စဘရောမ်း တို့ပွဲမှာ တော့ ၁ ဂိုးစီ သရေကျပြန်ပါတယ်။

အက်စတန်ဗီလာကတော့ အစ္စဝစ်ချ် ကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ခဲ့ပါတယ်။

ဘိုလ်တန်ကတော့ ပရီးမီးယား အသင်း ဆန်းဒါးလန်းကို ၂ ဂိုးစီ သရေခံကစား ခဲ့ပါတယ်။

ဖူလမ်နဲ့ ဘလက်ပူးလ် တို့ပွဲမှာလည်း ၁ ဂိုး စီသရေကျပါတယ်။

ရဒ်ဒီန်း အသင်းက ခရော်လီ အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အဝေးကွင်းမှာ နိုင်ပေမယ့် စတုခ် စီးတီးကတော့ ခရစ္စတယ် ပဲလေ့စ် အသင်းကို အဝေးကွင်း ဂိုးမရှိ သရေပဲ ကစား နိုင်ခဲ့ပါတယ်။

ဝစ်ဂန်ကလည်း အိမ်ကွင်းမှာ ကစားရပေမယ့် ဘွန်းမောက်သ်ကို ၁ ဂိုးစီ သရေပဲ ကစား နိုင်ခဲ့ပါတယ်။

တော့တင်ဟမ် ဟော့စပါးစ်ကတော့ ကွန်ဗန်ထရီ အသင်းကို ၃ ဂိုး ဂိုးမရှိ နဲ့ နိုင်ခဲ့သလို မန်စီးတီးကလည်း ဝတ်ဖို့ဒ် အသင်းကို ၃ ဂိုး ပြတ်နဲ့ ပဲ နိုင်ပါတယ်။

တခါ အဖ်အေ ဖလားကို ကိုင်ထားတဲ့ ချဲလ်ဆီးကတော့ ပရီးမီးယား အသင်းဖြစ်တဲ့ ဆောက်သမ်တန်ကို ခြေစွမ်း တွေပြပြီး ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် နိုင်ခဲ့ပါတယ်။

အဖ်အေ ဖလား ပြိုင်ပွဲတွေမှာက မထင်မှတ်တဲ့ ရလဒ် တွေ ထွက်လာတတ်တာ ထုံးစံလိုဖြစ်နေပါပြီ။

ဘောလုံး အဆင့်ချင်း ဘယ်လောက် ပဲကွာကွာ ရှုံးထွက် ပွဲတွေ ဖြစ်လို့ အောက်သင်းတွေက ခြေကုန်ထုတ် ကန်ကြတာဟာ အက်ဖ်အေဖလားရဲ့ အစဉ် အလာပါ။

အဲဒီ အခါမှာ အောက်ကြက်က တက်ခွပ်လို့ အသင်းကြီးတွေ ထွက်ကုန်ရတာလည်း အဆင့်တိုင်းလိုလို မှာကြုံနေကျ ဖြစ်ပါတယ်။

ဒီတခါ တတိယ အဆင့်မှာတော့ ပရီးမီးယားလိဂ်က နယူးကာဆယ် ယူနိုက်တက်ကို အောက်အသင်း ဖြစ်တဲ့ ချန်ပီယံရှစ် အတန်းက ဘရိုက်တန်က ၂ ဂိုး ဂိုးမရှိ နဲ့ နိုင်သွား ခဲ့ပြန်ပါတယ်။ ဘရိုက်တန် အတွက် အော်လန်ဒီက ၃၃ မိနစ်မှာ တလုံး နဲ့ ဟော့စ်ကင်းက ၈၇ မိနစ်မှာ တလုံး သွင်းပေးခဲ့ပါတယ်။

ဒီပွဲနဲ့ ပတ်သက်လို့ ဘရိုက်တန် ရဲ့ မန်နေဂျာ အရင် ချဲလ်ဆီး ကစားဟောင်း ဂတ်စ် ပိုယက် ကတော့ "ပရီးမီးယားလိဂ် အသင်းကြီး တသင်းကို နိုင်လိုက်ရတာဟာ အင်မတန် ကျည်နူးစရာ ကောင်းကြောင်းနဲ့ တဘက်က ကြည့်ပြန်တော့လည်း နယူးကာဆယ် အသင်းက လူတွေ တော်တော် ဒဏ်ရာ ရထားလို့ သူတို့ အသင်း ကံကောင်း သွားတာ ဖြစ်နိုင်တယ်"လို့ ပြောသွား ခဲ့ပါတယ်။

ကဲ အခုတော့ ပြီးခဲ့တဲ့ ၂၀၁၂ အတွက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမား ဘယ်သူ ဖြစ်နိုင်မလဲ ဆိုတာကို ကြည့်ရအောင်ပါ။

ဆုကိုတော့ ဇန်နဝါရီ ၇ ရက်မှာ ချီးမြှင့်တော့မှာပါ။

လောလောဆယ်မှာတော့ စပိန်လာလီဂါ မှာကစားနေသူတွေ ထဲကပဲ အရွေးခံရဖို့ ရှိနေပါတယ်။ ဘာစီလိုနာက မက်ဆီနဲ့ အင်နီယက်စတာ နောက် ရီးယဲ မဒရစ်က ရော်နယ်ဒိုတို့ ၃ ယောက်ထဲကနေ ရွေးသွား တော့မှာ ဖြစ်ပါတယ်။

မက်ဆီကပွဲ ၅၀ ကစားပြီး ၇၂ ဂိုး သွင်းထားပါတယ်။ ရော်နယ်ဒိုက ၅၁ ပွဲမှာ ၅၃ ဂိုး သွင်းထားပါတယ်။ အင်နီယက်စတာကတော့ ၃၉ ပွဲမှာ ၆ ဂိုး သွင်းထားပါတယ်။

အင်နီယက်စတာက ကျန် နှစ်ယောက်ထက် စာရင် ဂိုးရနည်းပေမယ့် သူက အလယ်လူ ဖြစ်လို့ အပေးအယူ လုပ်ထားရာ မှာတော့ ပွဲတပွဲမှာ ၆၈. ၄ ချက် ပေးကစားထားလို့ အပေးအယူမှာတော့ သူက ထိတ်ဆုံး ကပါ။

ရော်နယ်ဒိုကလည်း ဂိုးပေါက်ကို ၁၄၉ ကြိမ်တည့်အောင် ကန်ခဲ့လို့ အကြိမ်အများဆုံး ဂိုးပေါက်မှန်တဲ့ တိုက်စစ်သမား ပါ။

တခါ မက်ဆီကတော့ မက်ဆီလို့ပဲ ပြောရမှာပါ။ သူနဲ့ တသင်းထဲသား ဘာစီလိုနာက ရှာဗီးက မက်ဆီဟာ ဘောလုံး လောကမှာ ရှိနေသမျှ စံချိန်တွေကို ချိုးနိုင်မယ့် ဘောလုံး သမားလို့ ပြောထား ခဲ့တာသာကြည့်ပါ။

ကမ္ဘာပေါ်မှာ နိုင်ငံပေါင်းများစွာက လိဂ်ပေါင်း များစွာ ကြားမှာ စပိန် လာလီဂါက ကစားသမား တွေက ဘယ်လွန်ဒေါမှာ စံခါတင်လို့ ကျန်၊ ပြီးတော့လည်း လာလီဂါ အသင်းပေါင်း များစွာကြားမှာမှ ဘာဆာနဲ့ ရီးယဲ နှစ်သင်း ကပဲ ပ၊ဒု၊တ ၃ နေရာ အတွက် လျာထား ခံရပြန်၊ တခါနှစ်တိုင်း ပါနေကျ လူ ၂ ဦးက ထပ်ပြန်ပါလာ ပြန်တော့ ဒီနှစ် ဘယ်လွန်ဒေါကလည်း မနှစ်ကနဲ့ သိပ်မခြားနား မက်ဆီပဲ ပြန်ရဦးမလား ၊ မကြာခင် အဖြေထွက်တော့မှာပါလို့ ပြောရင်း အားကစား သတင်းတွေကို ဒီမှာပဲ အဆုံးသပ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။