BBC navigation

မန်ယူ-လစ်ဗာပူးလ်၊ မန်စီတီး-အာဆင်နယ် ဘယ်အဖြေထွက်မလဲ

နောက်ဆုံး ရေးသားချိန် 12 ဇန်နဝါရီလ 2013 - 01:06 GMT
Van Persie

မန်ယူရဲ့ ဂိုးသွင်းစက် ဗင်ပါစီ

ပြီးခဲ့တဲ့ အပတ်က အက်ဖ်အေ ဖလားပွဲစဉ်တွေရှိလို့ နားထားတဲ့ ပရီးမီးယားလိခ် ဒီအပတ် ပြန်ကစားမှာပါ။

ဇန္နဝါရီ ၁၃ ရက် စနေနေ့မှာတော့ ထိပ်ဆုံး အသင်းတွေအထဲက စပါးစ်က ကျူပီအာနဲ့ ကစားပြီး ချယ်လ်ဆီးကတော့ စတုတ်နဲ့ ကစားရပါမယ်။ ချယ်လ်ဆီး ဗုဒ္ဓဟူးနေ့က ကက်ပီတယ်ဝမ်း ဖလားဆီမီးဖိုင်နယ်မှာ ဆွမ်ဆီးကို ရှုံးထားလို့ မန်နေဂျာ ဘန်နီတက်ဇ် ဒီပွဲတော့ အနိုင်ကစားရမှာပါ။ ဖွမ်ဆီးနဲ့ ပွဲမှာ ခြေစွမ်းမပြနိုင်တဲ့ တောရက်စ်ကို ပွဲမထုတ်ပဲ ရှေ့တန်းမှာ မကြာခင်ကမှ ဝယ်ထားတဲ့ ဒင်ဘာဘ နဲ့ စကစားဖွယ်ရှိပါတယ်။

မန်ယူ-လစ်ဗာပူးလ်

တကဲ့ပွဲကြီးပွဲကောင်းတွေကတော့ ဇန္နဝါရီ၁၄ တနင်္ဂနွေနေ့မှာ ကစားမှာပါ၊ ပရီးမီးယားလိခ်မှာ အအောင်မြင်ဆုံး ဖလားအများဆုံး ရထားဖူးတဲ့ အသင်းနှစ်သင်းဖြစ်တဲ့ မန်ယူနဲ့ လစ်ဗာပူးလ်တို့ မန်ယူရဲ့ အိုးထရက်ဖို့မှာ ကစားမှာပါ၊ အစဉ်အလာအရ ပြိုင်ဖက်ဟောင်းကြီးတွေ ဖြစ်တဲ့ ဒီနှစ်သင်းတွေ့တဲ့ အခါ ပွဲက အကြိတ်အနယ်ရှိလှတတ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ချယ်လ်ဆီးကနေ လစ်ဗာပူးလ်ကို ပြောင်းလာတဲ့ တိုက်စစ်မှူး ဒင်နီရယ် စတားရစ်ချ်ကလည်း အင်္ဂလန်မှာ လစ်ဗာပူးလ်ဟာ အကြီးကျယ်ဆုံး အသင်းလို့ ပြောထားတာနဲ့ ပတ်သက်ပြီး မန်ယူ ထောက်ခံသူတွေက တော်တော်လေး မခံချင်ဖြစ်နေတဲ့ အတွက်လည်း ပွဲက ပို လှုပ်လှုပ်ရှားရှား ရှိနိုင်ပါတယ်။

Luis Suarez

လစ်ဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ် ကလည်း ခြေထက်နေ

လောလောဆယ် ဇယားမှာ မန်ယူက ထိပ်က၊ လစ်ဗာပူးလ်က နံပတ် ၈ နေရာမှာ ရှိနေပါတယ်။ မန်ယူအသင်း ဒီနှစ်မှာ ပေးဂိုးတွေ များပါတယ်၊ စပြီး ဂိုးအသွင်းခံရတဲ့ အကြိမ်တွေလည်း များပါတယ်၊ ဒါပေမယ့် နောက်က ပြန်လိုက်ပြီး အနိုင်ယူသွားတတ်တဲ့ အကြိမ်တွေလည်း များတာမို့၊ တခါ အိမ်ရှင်အဖြစ် ကစားရမှာလည်း ဖြစ်ပြီး ဗင်ပါစီလည်း ပွဲတိုင်း ဂိုးသွင်းနေလို့ ဘီဘီစီရဲ့ ဘောလုံး သုံးသပ်သူ မာ့ခ်လောရင်ဆင်ကတော့ မန်ယူ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားလိမ့်မယ်လို့ မှန်းပါတယ်။

အာဆင်နယ်-မန်စီတီး

နောက်ထပ်ပွဲကြီးပွဲကောင်းတပွဲကတော့ မန်စီတီးနဲ့ အာဆင်နယ်ပွဲပါ။ မန်စီတီးဟာ ဇယားထိပ်က မန်ယူနဲ့ ၇ မှတ်ကွာနေတာမို့ ဒီ ကွာခြားချက်နဲအောင် အာဆင်နယ်ပွဲကို အနိုင်ကစားရပါမယ်။ ဒါပေမယ့် အာဆင်နယ်က အိမ်ရှင် ဖြစ်ပြီး အရင်ကလည်း အာဆင်နယ်ကွင်းမှာ အာဆင်နယ်ပဲ အခြေအနေကောင်းခဲ့ဖူးတဲ့ အစဉ်အလာတွေ ရှိနေပါတယ်။ မနှစ်ကဘောလုံးရာသီ ပြီးကာနီးတွေ့ကြတော့ အာဆင်နယ်က နိုင်ခဲ့ပြီး ဒီနှစ်ရာသီ အစမှာတော့ တဂိုးစီနဲ့ သရေကျခဲ့ပါတယ်။

မန်စီတီးမန်နေဂျာ မန်ချီနီက အာဆင်နယ် ကွင်းကို လာကစားရတိုင်း သတိထားပြီး မရှုံးအောင် ကစားတဲ့ အပိုင်းကို ပိုအလေးပေးတတ်ပါတယ်။ မန်ယူပွဲက အရင်ကစားမှာဆိုတော့ မန်ယူ လစ်ဗျာပူးလ်ကို ရှုံးခဲ့ ဒါမှ မဟုတ် သရေကျခဲ့ရင် မန်ချီနီက ဖွင့်ပြီး တိုက်စစ်ဆင် ကစားနိုင်ပါတယ်။ ဒါပေမယ့် မန်စီတီးမှာ အဓိက အားထားရတဲ့ အလယ်တန်းက ယာယာတိုရေ အာဖရိက ဖလားပွဲ အတွက် သွားကစားနေတာမို့ မန်စီတီး တော်တော် အားပျော့နေမှာကတော့ အမှန်ပါ။ ဘီဘီစီ ဘောလုံး သုံးသပ်သူ မာ့ခ်လော်ရင်ဆင်ကတော့ ဒီပွဲကို တဂိုးစီ သရေလို့ မှန်းထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။