BBC navigation

တပတ်အတွင်း အားကစား သတင်း

နောက်ဆုံး ရေးသားချိန် 13 ဇန်နဝါရီလ 2013 - 22:04 GMT

မီဒီယာ ပလေးယား

မန်ယူနိုက်တက်နဲ့ လစ်ဗာပူးလ် တို့ရဲ့ အနောက်မြောက် ဒါဘီပွဲနဲ့ အာဆင်နယ်နဲ့ မန်စီးတီးပွဲတွေ အကြောင်း သုံးသပ်ချက်များ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

rvp

ဗန်ပါစီနဲ့ မန်ယူနိုက်တက် အသင်းသားများ

မင်္ဂလာပါ။

ပရီးမီးယားလိဂ် ရဲ့ ရှေ့မှာ ပြေးနေတဲ့ အသင်းကြီးတွေ ကစားခဲ့ ကြတဲ့ ပွဲကြီး တွေမှာ အဝါတွေ အနီတွေ ပလူပျံခဲ့သလို ပွဲကောင်းတွေရော ဖြစ်ခဲ့ရဲ့လား ဆိုတဲ့ သုံးသပ်ချက်တွေကို တင်ဆက် ပေးသွားဖို့ ရှိပါတယ်။

၂၀၁၂ - ၂၀၁၃ ဘောလုံးရာသီ အတွက် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကစား လာခဲ့ကြတာ အခုဆိုရင် ပွဲစဉ် ၂၂ ကိုတောင် ရောက်လာကြပြီ ဖြစ်ပါတယ်။

ဒီပွဲစဉ် ၂၂ မှာ အရေးကြီးတဲ့ ပွဲစဉ်တွေ ပါလာတာမို့ ဒီတပတ် ပွဲစဉ်တွေက ရာသီကုန် ချန်ပီယံ ဖြစ်ရေးမှာ အလှည့်အပြောင်းတွေ ပေးလာနိုင်ကောင်းရဲ့လို့ ပရိတ်သတ် တချို့က ထင်ကြေးတွေ ပေးနေခဲ့ကြပါတယ်။

စနေနေ့က ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာတော့ သရေပွဲတွေ တော်တော်များခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ်မှာတုန်းက ချဲလ်ဆီးလို အသင်းကို သူ့ကွင်းမှာ အနိုင်ကစား ခဲ့တဲ့ ကျူပီအာ အသင်းဟာ ဒီတပတ် မှာတော့ အိမ်ကွင်းမှာ စပါးအသင်းကို လက်ခံကစား ခဲ့ရပြီး သရေကျခဲ့ ပြန်ပါတယ်။

ဇယား အောက်ခြေမှာ ရုန်းကန် နေရပေမယ့် သူ့ထက် အားကောင်းတဲ့ အသင်းကြီး ၂ သင်းနဲ့ လန်ဒန်ဒါဘီ ၂ ပွဲကစား ခဲ့ရမှာ ၄ မှတ် ရခဲ့တာကြောင့် ကျူပီအာနဲ့ နည်းပြသစ် ဟယ်ရီ ရက်နက်တို့ လမိုင်းကပ်နေပြီလားလို့ ပြောရမလားပါ။

တခါ အဲဗာတန်နဲ့ ဆွမ်ဆီး စီးတီး တို့ ပွဲမှာလည်း ဂိုးမရှိ သရေ ဖြစ်ခဲ့သလို နော်ရစ်ချ် စီးတီးနဲ့ နယူးကာဆယ် ယူနိုက်တက်တို့ ပွဲမှာလည်း ဘဲဥမကွဲပဲ သရေဖြစ်ခဲ့ပြန်ပါတယ်။

ဖူလမ်နဲ့ ဝစ်ဂန်တို့ ပွဲကျတော့လည်း နှစ်သင်းစလုံး ဂိုး သွင်းကြပေမယ့် ၁ ဂိုးစီသရေကျပါတယ်။

ရဒ်ဒီန်းအသင်းကလည်း ဝက်စဘရောမ်း အသင်းနဲ့ ကစားခဲ့ရာမှာ ပွဲပြီး ခါနီး အထိ ၂ ဂိုး ရှုံး နေပြီးမှ ၈ မိနစ်အတွင်း ၃ ဂိုး ပြန်ထည့်ပြီး ၃ ဂိုး ၂ ဂိုး နဲ့ နိုင်ခဲ့ပါတယ်။

ဆန်းဒါးလန်းကတော့ အိမ်ကွင်းမှာ ဝက်စဟမ်း ယူနိုက်တက် အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ပြတ်ပြတ် သားသား နိုင်ခဲ့ပါတယ်။

အက်စတန်ဗီလာကိုတော့ ဆောက်သမ်တန် အသင်းက သူတို့ရဲ့ အိမ်ကွင်း ဗီလာပါ့ခ်မှာ ၁ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ၃ မှတ်ယူနိုင် ခဲ့ပါတယ်။

တခါပြီးခဲ့တဲ့ ပွဲစဉ် မှာ အိမ်ကွင်းမှာ ကျူပီအာကို ရှုံးခဲ့ရတဲ့ ချဲလ်ဆီး အသင်းကတော့ အိမ်ကွင်း ကစား ရာမှာ ကောင်းတဲ့ စတုခ် စီးတီးနဲ့ ကစား ခဲ့ရပါတယ်။ စတုခ် စီးတီး အိမ်ကွင်းကောင်းပေမယ့်လို့ ချဲလ်ဆီးနဲ့ တွေ့တိုင်း တခါမှတော့ မနိုင်ဘူးလို့ ချဲလ်ဆီး အတွက် ဒီကွင်းဟာ ကွင်းကောင်း တကွင်းလို့ ပြောရမှာပါ။ ဒီတခါ တွေ့ပြန်တော့လည်း ချဲလ်ဆီးအတွက် ကွင်းတင်ကောင်းတာ မဟုတ်ဘဲ ကံပါကောင်းနေပြန် ပါတယ်။

စတုခ်ရဲ့ ကစားသမား ဝေါ်လ်တားစ် က ကိုယ့်ဂိုးကိုယ်ပြန်ပြီး ၂ ဂိုး သွင်းတာရယ် လမ်းပတ်ရဲ့ ပင်နယ်တီရယ် နောက်ပြီး ဟာ့ဇာတ်ရဲ့ အဝေးက ကန်သွင်းတဲ့ ၁ လုံးရယ်နဲ့ ပေါင်း ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြန်ပါတယ်။

ဒီပွဲမှာ ကိုယ့် ဂိုး ကိုယ်ပြန် ၂ လုံးထည့်နိုင်တဲ့ ဝေါ်လ်တားစ်ဟာ စတုခ်အတွက် ရတဲ့ ပင်နယ်တီကိုတော့ ဝင်အောင် မသွင်းနိုင်ခဲ့လို့ အဲဒီပွဲအတွက် ကံမလိုက်ဆုံး ကစားသမားပဲ လို့ ပြောရတော့မှာပါ။

ပွဲအပြီးမှာတော့ ချဲလ်ဆီး နည်းပြ ဘနီးတက်ဇ်က

“စတုခ် အိမ်ကွင်းကောင်းလို့ သူတို့ သေချာပြင်ဆင် ထားခဲ့တဲ့ အကြောင်း၊ ကစားသမားတွေ အာရုံစူးစိုက် ကစားခဲ့ကြတဲ့ အကြောင်းနဲ့ ချဲလ်ဆီးဟာ အိမ်ကွင်းထက် အဝေးကွင်း တွေမှာ ရလဒ်တွေ ပိုကောင်း နေရတာက တဘက် အသင်းတွေက သူတို့ ချဲလ်ဆီးကွင်းကို လာကန်ရင် ပိတ်ကစား ကြလို့ အခွင့်အရေးတွေ ဖန်တီးနိုင်ပေမယ့် ဂိုးရဖို့ ခက်ခဲနေတာ ဖြစ်တယ်”လို့ ပြောသွား ခဲ့ပါတယ်။

တနင်္ဂနွေ နေ့မှာတော့ ပရီးမီးယား လိဂ်ရဲ့ ထိတ်က ၂ သင်းကစား ခဲ့ကြပါတယ်။ ၂ သင်းစလုံး ကစားရတဲ့ ပွဲတွေကလည်း ပွဲကျပ်တွေပဲ ဖြစ်ပါတယ်။

အရင်ဆုံး မန်ချက်စတာ ယူနိုက်တက်က အိုးလ်ထရက်ဖို့ဒ်မှာ လစ်ဗာပူးလ် အသင်းနဲ့ အနောက်မြောက် ဒါဘီပွဲ ကစားခဲ့ပါတယ်။

အင်္ဂလိပ် ဘောလုံး လောကရဲ့ အောင်မြင်မှု အရဆုံး အသင်းကြီး ၂ သင်းလည်း ဖြစ်၊ အစဉ်အလာ အရ မဟာ ပြိုင်ဘက်ကြီး ၂ သင်းလည်း ဖြစ်တော့ ပွဲကောင်း ဖြစ်ဖို့ မှန်းထား ခဲ့ကြပေမယ့် ထင်သလောက် မဟုတ်ခဲ့ပါဘူး။

ပထမပိုင်း ၁၉ မိနစ်မှာ ဗန်ပါစီက အဲဗရာ ချပေးတဲ့ အလုံးကနေ မန်ယူနိုက်တက် အတွက် ပထမဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။

နောက် ၅၄ မိနစ်မှာတော့ ဗန်ပါစီက ဖရီးကစ်ကတဆင့် တင်ပေးတဲ့ အလုံးကို အဲဗရာက ခေါင်းတိုက် တာမှာ ဗစ်ဒစ်ချ်နဲ့ ရှပ်ထိပြီး ဒုတိယ ဂိုး ရပါတယ်။

၅၇ မိနစ်မှာ မန်ယူ နောက်တန်း အိပ်ပျော်နေတာကနေ လစ်ဗာပူးလ် လူသစ် စတားရစ်ချ်က ပြန်ထည့်လို့ ၂ ဂိုး ၁ ဂိုး ဖြစ်ပြီး ပွဲက နည်းနည်း မြိုင်သွား ခဲ့ပါတယ်။

ဒါပေမယ့် ပွဲပြီးသည်အထိ ထပ်မသွင်းနိုင်ကြတော့ဘဲ ၂ ဂိုး ၁ ဂိုးနဲ့ယူနိုက်တက်က နိုင်သွား ခဲ့ပါတယ်။

ဒီပွဲမှာ မန်ယူနိုက်တက် နိုင်သာနိုင်ပေမယ့် ကစားတာက သိပ်အားရစရာ မရှိခဲ့ပါဘူး။ နည်းပြကြီး ဆာအဲလက်စ် ကတော့

"လစ်ဗာပူးလ် နဲ့က ဘယ်တော့ ကစားကစား ပွဲကြီးပွဲကောင်းတွေပဲ ဖြစ်ကြောင်း၊ ဒီနေ့ ရခဲ့တဲ့ အနိုင်နဲ့ ၃ မှတ်ဟာလည်း အရေးကြီးတဲ့ ရလဒ်ဖြစ်လာ နိုင်ကြောင်း၊ လစ်ဗာပူးလ် ၁လုံးပြန်မသွင်း နိုင်ခင်အထိ သူတို့ အသင်းကစားပုံ ကောင်းခဲ့ကြောင်းနဲ့ လစ်ဗာပူးလ်ကလည်း၁ လုံး ပြန်ချေပြီး တော်တော် ကစားအား တက်လာခဲ့တယ်" လို့ ပြောသွား ခဲ့ပါတယ်။

အဲဒီပွဲ နိုင်လိုက်လို့ မန်ယူနိုက်တက် အသင်းဟာ သူ့နောက်က မန်စီးတီးကို ယာယီ ၁၀ မှတ် ဖြတ်လိုက် နိုင်ပါတယ်။

အဲဒီတော့ အာဆင်နယ် ရဲ့ ကွင်းမှာ သွားကန်ရတဲ့ မန်စီးတီး အသင်းအတွက် အပို ဖိအားလို ဖြစ်သွား ခဲ့ပါတယ်။ ဒီပွဲကို သူတို့ မရှုံးအောင် ကန်မှ ဖြစ်မှာပါ။

ဒီပွဲကလည်း ပွဲကျပ် ဖြစ်ပေမယ့် မန်စီးတီး အတွက် ကံက မျက်နှာသာ ပေးလိုက်တယ်လို့ ဆိုရမှာပါ။ ပွဲစပြီး ၁၀ မိနစ်မှ မရှိသေးခင် အာဆင်နယ် နောက်ခံလူ တယောက် အထုတ်ခံရတဲ့ အပြင် ပင်နယ်တီပါ ပေးလိုက်ရ ပါတယ်။ ဒီပင်နယ်တီကိုတော့ အာဆင်နယ် ဂိုးသမားက ကာကွယ် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်း ၂၁ မိနစ်နဲ့ ၃၂ မိနစ် တွေမှာ မန်စီးတီးက ၂ ဂိုး သွင်းနိုင်ခဲ့လို့ ပထမပိုင်း အပြီးမှာ မန်စီးတီးက ၂ ဂိုး အသာနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၇၅ မိနစ် အရောက်မှာ မန်စီးတီး နောက်ခံလူ ကွန်ပေနီ အထုတ် ခံရပြန်လို့ ၁၀ ယောက်စီ ဖြစ်သွား ခဲ့ပါတယ်။ အာဆင်နယ်က အားတက်ပြီး ချေပဂိုးတွေရဖို့ အားကုန်ထုတ် ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂိုးရလုရခင် မျိုးသာ ဖြစ်ခဲ့ပြီး ဂိုးတော့မဝင် ခဲ့တဲ့ အတွက် ပွဲအပြီး မန်စီးတီးက ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး အရင်လို သူ့ရှေ့က မန်ယူနဲ့ ၇ မှတ် အကွာမှာပဲ နေမြဲအတိုင်း ဆက်ရှိ နေခဲ့ပါတယ်။

ဒီပွဲမှာ အဝါတွေ အနီတွေ အလွန်များခဲ့တာကတော့ ပွဲကို အရုပ်ဆိုး စေခဲ့ပါတယ်။ အာဆင်နယ်ဘက်က ၂ ဝါနဲ့ ၁ နီ၊ မန်စီးတီး ဘက်ကတော့ ၄ ဝါနဲ့ ၁ နီ ရခဲ့ကြလို့ ဒီပွဲမှာ မန်စီးတီးက ဂိုး ရော ကဒ်ပါ နိုင်သွား ခဲ့တယ်လို့ ပဲ ပြောရတော့မှာပါ။

ဒီတပတ် ပွဲစဉ် တွေအပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက ၅၅ မှတ်နဲ့ ဦးဆောင် နေပြီး သူ့နောက်မှာ မန်ချက်စတာ စီးတီးက ၄၈ မှတ်နဲ့ ဒုတိယ ချဲလ်ဆီးက ၄၁ မှတ်နဲ့ တတိယ နေရာ တွေမှာ ရှိနေကြပါတယ်။

လာမယ့် တနင်္ဂနွေ နေ့မှာတော့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ရဲ့ လန်ဒန် ဒါဘီပွဲ နောက်ပြီး တော့တင်ဟမ် နဲ့ မန်ယူနိုက်တက်တို့ ရဲ့ ပွဲကောင်းတွေ ကြည့်ကြရမယ့် အပြင် ဒီတပတ် ထဲမှာ တင်းနစ် အားကစား ဝါသနာ ရှင်တို့အတွက် ဩစတေးလျ အိုးပင်း တင်းနစ် ပြိုင်ပွဲတွေလည်း စတင်နေပြီ ဖြစ်ကြောင်း ပြောရင်း အားကစား သတင်းတွေကို ဒီမှာ အဆုံးသတ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။