BBC navigation

တပတ်အတွင်း အားကစား သတင်း

နောက်ဆုံး ရေးသားချိန် 20 ဇန်နဝါရီလ 2013 - 21:05 GMT

မီဒီယာ ပလေးယား

ဩစတြေးလျ အိုးပင်း တင်းနစ် ပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

sharapova

ကမ္ဘာ့နံပါတ် ၂ တင်းနစ်မယ် ရှာရပိုဗာ

ဩစတေးလျ အိုးပင်း တင်းနစ် ပြိုင်ပွဲ တွေနဲ့ အသင်းကြီးတွေ သူနိုင် ကိုယ်နိုင် အပြိုင်ကျဲ ခဲ့ကြတဲ့ ပရီးမီးယားလိဂ်က ပွဲကြီးပွဲကောင်းတွေ အကြောင်း သုံးသပ်ချက် တွေကို တင်ဆက် ပေးမှာ ဖြစ်ပါတယ်။

ဩစတေးလျ အိုးပင်း တင်းနစ် ပြိုင်ပွဲ တွေကို ကျင်းပလာ ခဲ့တာ သတင်း တပတ် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အခု အချိန်အထိတော့ အမျိုးသား ပြိုင်ပွဲ တွေဘက်မှာ နာမည်ကြီး တွေ ကျန်နေသေးတာကို တွေ့ရပါတယ်။

တနင်္ဂနွေ နေ့က ကစားခဲ့ကြတဲ့ ပွဲစဉ် တွေထဲမှာတော့ အမျိုးသား ပွဲစဉ် တွေထဲမှာ လက်ရှိ ချန်ပီယံ ဂျော်ကိုဗစ်(ချ) တယောက် စတန်နစ္စလပ်စ် ဗာရင်ကာနဲ့ ကစား ခဲ့ရာမှာ ၅ နာရီကြာ အသည်းအသန် ကစားခဲ့ရပြီးမှ ၁-၆၊ ၇-၅၊ ၆-၄၊ ၆-၇၊ ၁၂-၁၀ နဲ့ ကပ်နိုင် သွားခဲ့ရပါတယ်။

အခုတော့ သူဟာ ကွာတားဖိုင်နယ် ပွဲအဖြစ် သောမတ်စ် ဗားဒစ်(ချ)နဲ့ ကစား ရမှာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ် ရှိပြီ ဖြစ်တဲ့ ဂျော်ကိုဗစ်(ချ) အဖို့ ဒီနှစ်ပါ ချန်ပီယံဘွဲ့ကို ဆက်ထိန်း နိုင်ခဲ့ရင် ၁၉၆၈ က အိုးပင်းပြိုင်ပွဲ တွေ စခဲ့ချိန်က စပြီး ပထမဆုံး ၃ နှစ်ဆက် ချန်ပီယံဖြစ် လာနိုင်ပါတယ်။

တခြား နာမည်ကြီး တွေထဲက ရော်ဂျာ ဖဒ်ဒရာနဲ့ ကနေဒါက ရာအိုနစ် တို့တွေ့ဖို့ ရှိပြီး အမေရိကန် အိုးပင်း ချန်ပီယံ အင်ဒီမာရေးကတော့ ယီးလ်စ် ဆီမွန်းနဲ့ ကွာတာ ကစားဖို့ ရှိနေပါတယ်။

တခါအမျိုးသမီး ပွဲစဉ် တွေမှာတော့ ကမ္ဘာ့ နံပါတ် ၂ ရှာရပိုဗာနဲ့ ရုရှားက မာခါရိုဗာတို့ တွေ့ကြမှာ ဖြစ်ပြီး ရဗမ်စခါနဲ့ တရုတ် တင်းနစ်မယ် လီနာတို့ ကွာတားမှာ တွေ့ကြဖို့ ရှိပါတယ်။

အခုတော့ ပရီးမီးယား လိဂ်ဘက်ကို လှည့်ရအောင်ပါ။

စနေနေ့က ကစားခဲ့ကြတဲ့ အင်္ဂလိပ် ပရီးမီးယားလိဂ် ပွဲစဉ် တွေမှာတော့ လစ်ဗာပူး အသင်းက နောရစ်(ချ) စီးတီး အသင်းကို အိမ်ကွင်း အန်းဖီးလ်ဒ်မှာ ခြေစွမ်းပြလို့ ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် နိုင်သွား ခဲ့ပါတယ်။

မနှစ်က ခြေစွမ်းတွေ ပြခဲ့တဲ့ နယူးကာဆယ် ယူနိုက်တက် အသင်းကတော့ အိမ်ကွင်းမှာ ကစား ရပေမယ့်လည်း ရဒ်ဒီန်း အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးခဲ့ပါတယ်။

ဆွမ်ဆီး စီးတီး အသင်းကတော့ အိမ်ကွင်း မှာ စတုခ် စီးတီး အသင်းကို ၃ ဂိုး ၁ ဂိုး နဲ နိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်း ယူနိုက်တက်ကလည်း ကျူပီအာ အသင်းနဲ့ ၁ ဂိုး စီသရေကျ ခဲ့ပါတယ်။

ဝစ်ဂန် အသင်း ကတော့ အိမ်ကွင်းမှာ ဆန်းဒါးလန်း အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။

ဝက်စ်ဘရောမ်း အသင်းကတော့ အက်စ်တန်ဗီလာ အသင်းနဲ့ ၂ ဂိုး စီသရေကျခဲ့ပါတယ်။

မန်ချက်စတာ စီးတီး အသင်းကတော့ အိမ်ကွင်းမှာ ဖူလမ်အသင်းနဲ့ကစား ခဲ့ရာမှာ အလယ်တန်း တိုက်စစ်သမား David Silva ခြေစွမ်းတွေ ပြပြီး ၂ ဂိုး သွင်းခဲ့လို့ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်သွား ခဲ့ပါတယ်။

ဖူလမ်အသင်းကတော့ အလယ်တန်းက Sidwell ရဲ့ ခေါင်းတိုက်ချက် တိုင်ထိ တဲ့ တလုံးကလွဲလို့ ဘာမှ မယ်မယ်ရရ မလုပ်နိုင်ခဲ့ပါဘူး။

စီးတီးကလည်း ပွဲစပြီး ၉၅ စက္ကန့် လောက်မှာတင် Silva က သွင်းလို့ ၁ ဂိုးအသာနဲ့ ဦးဆောင် ကစားရပေမယ့် အဲဒီကနေ ထပ်ပြီး ပွဲကို ဖြတ်နိုင်အောင် မကစား နိုင်ခဲ့ပါဘူး။ ၆၉ မိနစ် ရောက်မှ Silva က ဒုတိယ ဂိုးကို သွင်းလိုက်လို့ ၃ မှတ် သေချာ သွားခဲ့ရတာ ဖြစ်ပါတယ်။

ပွဲနဲ့ပတ်သက်လို့ မန်ချက်စတာ စီးတီး အသင်းက လက်ထောက် မန်နေဂျာ ဒေးဗစ် ပလတ်က ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းခဲ့တဲ့ အကြောင်း၊ ပထမပိုင်းမှာ စောစောစီးစီး ဂိုး စရပေမယ့် အခွင့်အရေးတွေ သိပ်မဖန်တီး နိုင်ခဲ့တဲ့ အကြောင်း၊ ဒုတိယပိုင်း ပြန်စတော့မှ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့သလို ဂိုးလဲ ရခဲ့တဲ့ အကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

အဲဒီလို ၃ မှတ် ရလိုက်လို့ သူ့ရှေ့ကမန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်မှာ ၇ မှတ် ကွာနေတာက ၄ မှတ်အကွာကို ယာယီ ရောက်သွား နိုင်ခဲ့ပါတယ်။

တနင်္ဂနွေ နေ့မှာတော့ ပွဲကြီး ပွဲကောင်း ၂ ပွဲ ကစား ခဲ့ကြပါတယ်။

ပထမပွဲက ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ပွဲပါ။

ဒီရာသီ အမ်းမရိတ်စ်မှာ တွေ့ခဲ့တုန်းကလည်း ချဲလ်ဆီးကပဲ နိုင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီတခါစတမ်းဖို့ဒ် ဘရစ်ချ်မှာလည်း ချဲလ်ဆီးက ခြေအသာနဲ့ ပွဲကို စနိုင်ခဲ့ပါတယ်။ ပွဲစလို့ ၆ မိနစ်မှာ ဟွမ်မာတာက သွင်းလို့ ချဲလ်ဆီးတို့ ၁ ဂိုး စရပါတယ်။

တခါ ၁၆ မိနစ်မှာ အာဆင်နယ် ဂိုးသမား ရှက်စနီက ချဲလ်ဆီးက ရာမေးရပ်စ်ကို လူချလို့ ဆိုပြီး ပင်နယ်တီ ပေးလိုက်ရပါတယ်။ အဲဒီ ပင်နယ်တီကိုတော့ လမ်းပတ်က သွင်းလို့ ချဲလ်ဆီးက ပထမပိုင်း အပြီး ၂ ဂိုး အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စတော့ အာဆင်နယ်က ပြန်ချေဖို့ ကြိုးစား ကစားခဲ့ပါတယ်။ အဲဒါကြောင့် ၅၈ မိနစ်မှာ ဝိုးလ်ကော့တ်က ၁ ဂိုး ပြန်ချေနိုင်ပါတယ်။ ဒါပေမယ့် ပွဲပြီးတဲ့အထိ နောက်ထပ် ဘယ်ဘက်ကမှ မသွင်းတော့ဘဲ ပွဲအပြီး ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ခဲ့ပါတယ်။

ပွဲ အပြီးမှာ ချဲလ်ဆီး နည်းပြ ဘနီးတက်ဇ်က ပွဲက ဘောလုံး ပရိတ်သတ် အကြိုက် ဖြစ်ခဲ့ကြောင်း၊ ပထမပိုင်း ပွဲကို စီးနိုင်ပေမယ့် ဒုတိယပိုင်းမှာ အာဆင်နယ်ဘက်က လိုက်ကစားလို့ တန်ပြန် တိုက်စစ်လောက်သာ ကစား ခဲ့နိုင်ကြောင်း ပြောခဲ့ပါတယ်။

အာဆင်နယ် နည်းပြကြီး အာဆင်ဗင်းဂါး ကတော့ ပွဲနဲ့ ပတ်သက်လို့ ပြောကြားခဲ့ရာမှာ ပထမပိုင်းမှာ ချဲလ်ဆီးကို ကြိုက်သလို ကစားခွင့်ပေးထား သလို ဖြစ်နေခဲ့ကြောင်း၊ ဒိုင်အဆုံးအဖြတ် တွေမှာလည်း သူတို့ အသင်း ကံသိပ်မကောင်း ခဲ့သလို ၊ ပေးလိုက်ရတဲ့ ပင်နယ်တီကလည်း မပေးထိုက်တဲ့ ပင်နယ်တီ ဖြစ်ကြောင်းနဲ့ ရုပ်သံက ကြည့်ရသူတွေကလည်း အဲဒီ့ အလုံး ပင်နယ်တီ မဟုတ်ဘူးလို့ သူ့ကို ပြောတဲ့ အကြောင်း ကို ပြောကြား သွားခဲ့ပါတယ်။

အဲဒီပွဲရဲ့ နောက်မှာတော့ ဝှိုက်ဟာ့တ်လိန်းမှာ တော့တင်ဟမ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကစား ခဲ့ကြပါတယ်။

မန်စီးတီး အသင်းက ၄ မှတ် အလိုအထိ ကပ်လာနိုင်ပြီမို့ ရှေ့ကပြေးနေတဲ့ မန်ယူအဖို့ ဖိအားတော့ အတော်အတန် ရှိနေခဲ့ပါတယ်။

စပါးစ် အသင်းက ပထမ တခါတွေ့တုန်းက အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ကန်ထား ခဲ့လို့ ဒီတခါမှာလည်း အိမ်ကွင်းမှာ အင်မတန် ကောင်းတဲ့ စပါးစ် အသင်းကို ဒီပွဲမှာ မရှုံးအောင်ကို တော်တော် ကစားရမှာဖြစ်ပါတယ်။

ပွဲစတယ် ဆိုကတည်းက စပါးစ်က တိုက်စစ် အကြိမ်ကြိမ် ဆင်ခဲ့ ပါတယ်။ ဒါပေမယ့် ပထမပိုင်း ၂၅ မိနစ် အရောက်မှာတော့ ဗန်ပါစီက မန်ယူအတွက် ဗွေဆော်ဦးဂိုးကို သွင်းယူ ခဲ့ပါတယ်။

ဒုတိယပိုင်း မှာလည်း စပါးစ်က အကြိမ်ကြိမ် တိုက်စစ်ဆင်ပါတယ်။ မန်ယူ ဂိုးသမား ကာကွယ် နိုင်နေလို့သာ စပါးစ်တို့ ဂိုးမရတာပါ။ ပွဲချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင် အချိန်ပို ၃ မိနစ် ကန်နေကြစဉ် ၂ မိနစ်နဲ့ ၂ စက္ကန့် အရောက် ကျမှ အိုးထရက်ဖို့ဒ်မှာ ကန်တုန်းက အနိုင်ဂိုး သွင်းခဲ့တဲ့ ဒမ်ဆီက စပါးစ်အတွက် ချေပဂိုးကို သွင်းယူ ပေးခဲ့လို့ မန်ယူတို့ ၁ မှတ်နဲ့သာ ကျေနပ်လို့ အိမ်ပြန် ခဲ့ကြရပါတယ်။

ဒီပွဲမှာ မန်ယူ ဂိုးသမား ဒါဟဲယား ကောင်းလွန်းလို့သာ မန်ယူတို့ သရေကျ ခဲ့တာ ဖြစ်ပါတယ်။

စပါးစ်နဲ့ ပွဲမှာ သရေကျခဲ့လို့ မန်ချက်စတာ ယူနိုက်တက်ဟာ ၂၃ ပွဲမှာ ၅၆ မှတ်နဲ့ ပရီးမီးယား လိဂ်ကို ဦးဆောင် နေဆဲ ဖြစ်ပေမယ့် သူ့နောက်က ဒုတိယ နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ၅ မှတ်သာ ကွာပါတော့တယ်။

မန်ယူနိုက်တက် အခုလို ၂ မှတ် ပြုတ်ခဲ့ရလို့ နောက်ကလိုက်နေတဲ့ မန်စီးတီးတို့ အတွက် အားတက်စရာ များ ဖြစ်လာမလား။

တခါ စပါးစ်လို အသင်းကောင်းရဲ့ ကွင်းမှာ နိုင်နေပြီးမှ သရေဖြစ်လို့ မန်ယူကရော စိတ်ဓာတ် ကျသွား နိုင်မလား။

အခု ပြန်ပေးခဲ့ရတဲ့ ၂ မှတ်နဲ့ ရလိုက်တဲ့ တမှတ်မှာ ဒီရာသီ ချန်ပီယံ ဖြစ်ရေး ဘယ်ဟာက ပိုတာသွားမလဲ ရာသီကုန်ရင်တော့ အဖြေပေါ်မှာပေါ့လို့ ပြောရင်း အားကစား သတင်းတွေကို ဒီမှာ အဆုံးသတ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။