BBC navigation

တပတ်အတွင်း အားကစား သတင်း

နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2013 - 21:28 GMT

မီဒီယာ ပလေးယား

ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ တွေ့ခဲ့ကြတဲ့ အသင်းတွေ နောက်တကျော့ ပြန်ဆုံကြတဲ့ ပွဲစဉ် ၂၆

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

manchester_united_everton_ryan_giggs_scoring

မန်ယူ အတွက် ဂိုးသွင်းခဲ့တဲ့ အမြဲစိမ်း ရိုင်ယန်ဂစ္စ

အရှိန် တက်လာ နေပြီ ဖြစ်တဲ့ ပရီးမီးယား လိဂ်ပွဲစဉ် တွေနဲ့ ပြန်စ တော့မယ့် ချန်ပီယံလိဂ် ပွဲစဉ်တွေ အတွက် သုံးသပ်ချက် တွေကို တင်ဆက် ပေးထား ပါတယ်။

အရင်ဆုံး ပြီးခဲ့တဲ့ သတင်းပတ် အလယ်က ကန်ခဲ့ကြတဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေအကြောင်း ပြောပါရစေ။

ပြီးခဲ့တဲ့ သတင်းပတ် အတွင်းမှာ ကစားခဲ့ကြတဲ့ အမှတ်ရစရာ ပွဲတပွဲကတော့ ဘောလုံး နဲ့ ကမ္ဘာကြီးကို မိတ်ဆက် ပေးခဲ့တဲ့ အင်္ဂလန်နဲ့ ဘောလုံးကို အကောင်းဆုံး ကစားပြတတ်တဲ့ ဘရာဇီး အသင်းတို့ရဲ့ ပွဲပါ။

နှစ်သင်းစလုံးမှာ နာမည်ကြီးတွေ ပါဝင် ကစား ခဲ့ကြပါတယ်။ အင်္ဂလိပ် ဘောလုံး အဖွဲ့ချုပ် နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် အဖြစ် ဝန်ဘလေကွင်းမှာ ကစား ခဲ့ကြတာဖြစ်ပါတယ်။

ပွဲမစခင်မှာ ဘရာဇီးက နာမည်ကြီး နေမာက အင်္ဂလန်မှာ ရူနီကလွဲလို့ ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမား သူမတွေ့လို့ လာမယ့် ဘရာဇီး ကမ္ဘာ့ဖလားမှာ မှုလောက်စရာ မရှိသလို ပြောသွား ခဲ့လို့လားမသိပါဘူး၊ အင်္ဂလန် အသင်း ခြေစွမ်းပြပြီး ပထမပိုင်း ၂၇ မိနစ်မှာ ရူနီက တလုံး သွင်းပြီး ပွဲကို ဦးဆောင် နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ၄၈ မိနစ်မှာ ဘရာဇီးအတွက် ဖရဒ်က ပြန်ချေပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်မှာ ရူနီအပြင် နောက်ထပ် အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမား တွေရှိသေး တယ်ဆိုတာကို လမ်းပတ်က သက်သေပြပြီး မိနစ် ၆၀ မှာ အနိုင်ဂိုးသွင်းပြီး ၁၉၉၀ နောက်ပိုင်းမှာ ဘရာဇီးကို ပထမဆုံး အကြိမ်အဖြစ် အနိုင်ယူလိုက် ပါတယ်။

နောက်ထပ် စိတ်ဝင်စား စရာ နိုင်ငံတကာ ပွဲတပွဲကတော့ ပြင်သစ်နဲ့ ဂျာမနီတို့ တွေ့ခဲ့ကြတာဖြစ်ပြီး ဂျာမနီက ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွား ခဲ့ပါတယ်။ နောက်နာမည်ကြီး ၂ သင်းဖြစ်ကြတဲ့ နယ်သာလန်နဲ့ အီတလီတို့ ပွဲမှာတော့ ၁ ဂိုးစီ သရေနဲ့သာ ပွဲပြီး သွားခဲ့ပါတယ်။

အခုတော့ ပရီးမီးယား လိဂ်ပွဲတွေကို ကြည့်ရအောင်ပါ။

စနေနေ့က ကစားခဲ့ကြတဲ့ အင်္ဂလိပ် ပရီးမီးယား လိဂ် ပွဲတွေမှာတော့

တော့တင်ဟမ် ဟော့စပါးစ် အသင်းက နယူးကာဆယ် ယူနိုက်တက် အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိ သွားပါတယ်။ စပါးစ် အတွက် ဂိုး တွေကို အခုတလော ပွဲဆက် ဂိုးသွင်း ပြနေတဲ့ ဂဲရက်သ် ဘေးလ်က သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းကတော့ ဝစ်ဂန် အသင်းကို အိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ချ်မှာ ခြေစွမ်းပြလို့ ၄ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။

အဲဒီပွဲမှာ နောက်နှစ် ချဲလ်ဆီး မှာ ဆက်ကန်ဖို့ မရေမရာ ဖြစ်နေတဲ့ သက်ကြီးကစားသမား လမ်းပတ်က ၁ ဂိုး သွင်းပြခဲ့ပါတယ်။ ထူးခြားတာက သူဟာ ဒီပွဲနဲ့ပါ ဆိုရင် ပရီးမီးယားလိဂ် ၄ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအတွက် ဂိုး အများဆုံး သွင်းထားတဲ့ ဘော့ဘီ တမ်းဘလင်းရဲ့ ၂၀၂ ဂိုးကို မှီဖို့ ၄ ဂိုးသာ လိုပါတော့တယ်။

နောရစ်ချ် စီးတီးနဲ့ ဖူလမ်တို့ ပွဲမှာတော့ ဂိုးမရှိ သရေကျ ပါတယ်။

စတုခ်စီးတီး အသင်းကတော့ ရဒ်ဒီန်း အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ပါတယ်။

တခါ ဆန်းဒါးလန်း အသင်းကိုလည်း အာဆင်နယ်က ကဇိုလာရဲ့ တလုံးထဲသော ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ အာဆင်နယ်က ကားလ် ဂျန်ကင်ဆင် အထုတ်ခံခဲ့ ရပါတယ်။

ဆွမ်ဆီး စီးတီး အသင်းကလည်း ကျူပီအာ အသင်းကို ခြေစွမ်းတွေပြလို့ ၄ ဂိုး ၁ ဂိုးနဲ့ နိုင်သွား ခဲ့ပါတယ်။

စနေနေ့က နောက်ဆုံး ကစားခဲ့ကြတဲ့ ပွဲကတော့ နည်းပြသစ်နဲ့ ခြေတက်လာ နေတဲ့ ဆောက်သမ်တန် နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲဖြစ်ပြီး အဲဒီ ပွဲမှာတော့ ဆောက်သမ်တန်က မန်စီးတီးကို ခြေစွမ်းပြလို့ ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူ သွားခဲ့လို့ နည်းပြသစ် ပိုချက်တီနို အဖို့ နိုင်ပွဲ ရသွားခဲ့ပြီ ဖြစ်ပါတယ်။

ပွဲစပြီးလို့ ၇ မိနစ် အတွင်းမှာပဲ ဆောက်သမ်တန်က ပန်ချွန်က ၁ ဂိုး စသွင်းပါတယ်။ မန်စီးတီး ပြန်မချေနိုင် သေးခင် ၂၂ မိနစ်မှာပဲ စတီဗင် ဒေးဗစ္စက နောက်တဂိုး သွင်းလိုက်လို့ ဆောက်သမ်တန်က ၂ ဂိုး အသာနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။ ၃၉ မိနစ် အရောက်မှာမှ ဆောက်သမ်တန်ရဲ့ ထောင့်ကန်ဘောက ကျွံလာတဲ့ ဘောလုံးနဲ့ မန်စီးတီး တန်ပြန် တိုက်စစ်ဆင် ခဲ့လို့ ချေပဂိုး ၁ ဂိုး ပြန်ရပါတယ်။

ဒါပေမယ့် ဒုတိယပိုင်း ပြန်စပြီး ၄၈ မိနစ်မှာ မန်စီးတီးက ဘယ်ရီ အဖျက်မှားပြီး ကိုယ့်ဂိုး ကိုယ်ပြန်သွင်းလို့ ဆောက်သမ်တန် အတွက် တတိယ ဂိုးကို ရရှိသွားပါတယ်။ မန်စီးတီး ဘယ်လိုမှ ပြန်မလိုက်နိုင် တော့ပဲ ပွဲအပြီး ၃ ဂိုး ၁ ဂိုးနဲ့ ရှုံး ခဲ့ရပါတယ်။

အဲဒီပွဲမှာ မန်စီးတီး ရဲ့ တချို့ ကစားသမားတွေဟာ နိုင်ငံတကာ ပွဲတွေ ကစားပြီး သောကြာနေ့မှ ပြန်ရောက် လာခဲ့ကြတာ ဖြစ်လို့ ခရီးပန်း နေလို့ ခြေစွမ်း မပြနိုင်ဘဲ ရှုံးခဲ့ရတာ လို့ ပြောချင်ရင်တော့ ရပါတယ်။

ဒါပေမယ့် မန်စီးတီးရဲ့ မန်နေဂျာ မန်ချီးနီးကတော့ ပွဲကစားပုံက တော်တော် ညံ့ခဲ့တဲ့ အကြောင်း၊ ကစားသမား ၂ ယောက် ၃ ယောက်ကလွဲလို့ ကျန်တဲ့လူတွေ မကစား ခဲ့ကြတဲ့ အကြောင်းနဲ့ ၃ ယောက်နဲ့ ၁၁ ယောက်ကို သွားကန် ခဲ့ကြသလိုပဲလို့ ပြောပါတယ်။ ဆက်လက်ပြီး သူ့ကစား သမား တွေရဲ့ ကစားပုံနဲ့ ပတ်သက်လို့လည်း စိတ်ပျက်မိတဲ့ အကြောင်း၊ တဘက်အသင်း ပိုကောင်းလို့ နိုင်တာကို လက်ခံ နိုင်ပေမယ့် အခုလို ပုံစံ ကစားခဲ့တာ ကိုတော့ တော်တော် ဒေါသထွက်မိတဲ့ အကြောင်း ပြောကြား သွားခဲ့ပါတယ်။

ဆက်လက်ပြီး မနှစ်ကလို မန်ချက်စတာ ယူနိုက်တက်ကို နောက်က ပြန်ပြီး မှီအောင် လိုက်နိုင်ပါတော့ မလားရယ်လို့ ဘီဘီစီ သတင်းထောက်က မေးလာ တာကိုတော့ သူ့ အနေနဲ့ အမြဲ အကောင်းမြင်ဖို့ ကြိုးစားကြောင်း၊ အခု အခြေအနေမှာလည်း အကောင်းဘက်က မြင်ချင်ပေမယ့် ခက်ခဲသွားပြီ လို့ပဲ ပြောချင်ကြောင်းနဲ့ သူ့အသင်း ဒီပုံစံ အတိုင်းသာ ဆက်ကစား လို့ကတော့ သိပ်မလွယ်တော့ဘူး လို့ ပြောသွား ခဲ့ပါတယ်။

ဒီပွဲရှုံးသွားခဲ့လို့ မန်စီးတီး အတွက် ချန်ပီယံ ဘွဲ့ကို ဆက်ထိန်းရေးမှာ တော်တော် ခက်ခဲသွား ခဲ့ပြီလား ဆိုတာက တနင်္ဂနွေ နေ့မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲအဖြေပေါ် မှာလည်း မူတည်ပါတယ်။

အဲဒီ တနင်္ဂနွေ နေ့မှာ မန်ချက်စတာ ယူနိုက်တက်က ဒီရာသီ ပရီးမီးယား လိဂ်မှာ ခြေစွမ်း ထက်နေတဲ့ အဲဗာတန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက မန်ယူကို ချန်ပီယံ ဆုနဲ့ ဝေးရအောင် ဒုက္ခ အကြီးအကျယ် ပေးသွားခဲ့ တာက အဲဗာတန် အသင်း ဖြစ်သလို၊ ဒီနှစ်လည်း ရာသီအစ ပွဲဦးထွက် ပွဲစဉ်မှာ အဲဗာတန်က ၁ ဂိုး ဂိုး မရှိနဲ့ နိုင်ထားလို့ လျှော့တွက်လို့ မရတာက သေချာပါတယ်။

အဲဒါအပြင် လာမယ့် သတင်းပတ် အတွင်း မန်ယူနိုက်တက် အတွက်က ရီးယဲ မဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲ ကန်ဖို့လည်း ရှိတော့ ဒီပွဲကို မန်ယူ ဘယ်လို လိုင်းအပ်နဲ့ ထွက်မလဲ ဆိုတာကလည်း စိတ်ဝင်စား စရာပါ။

အဲဒီ တနင်္ဂနွေ နေ့မှာ မန်ယူနဲ့ အဲဗာတန် ပွဲ မတိုင်ခင်မှာ ကစားခဲ့ကြတာကတော့ အခုတလော ဇယား အောက်ခြေက ရုန်းကန်နေရတဲ့ အက်စ္စတန် ဗီလာနဲ့ ဝက်စ်ဟမ်း ယူနိုက်တက် တို့ပွဲပါ။

ဂိုးသွင်းခြေ နည်းပြီး ပေးဂိုးတွေ လွယ်လွယ်နဲ့ ပေးနေရလို့ အက်စ္စတန်ဗီလာ ဝေဖန် ခံနေရ ပေမယ့် ဒီပွဲမှာတော့ အက်စ္စတန် ဗီလာက ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွား ခဲ့ပါတယ်။ တခါ ဝက်စ်ဟမ်း ရသွားတဲ့ ဂိုးကလည်း ဗီလာက ဝက်စ်ဝုဒ် ကိုယ့်ဂိုး ထဲကိုယ်ပြန် ထည့်ခဲ့တာ ဆိုတော့ ဒီပွဲမှာတော့ ၃ ဂိုး စလုံး ဗီလာ လူတွေချည်းပဲ သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲ နောက်မှာတော့ အများ စောင့်ကြည့် နေတဲ့ မန်ယူနဲ့ အဲဗာတန် တို့ပွဲပါ။ ရှေ့က ဆိုခဲ့သလို ရီးယဲလ် ပွဲကလည်း ရှိနေပြန်၊ တခါ အဲဗာတန်ကလည်း အသင်းကောင်း ဆိုတော့ မန်ယူ အဲဗာတန်ကို ဘယ်လို ကစားမလဲ ဆိုတာ စိတ်ဝင် စားစရာပါ။

လိုင်းအပ်ကတော့ တောင့်တောင့် တင်းတင်း ပဲလို့ ဆိုရာမှာပါ။ ရူနီနဲ့ ဗင်ပါစီ တိုက်စစ်ကို ဦးဆောင်သလို အလယ်တန်းမှာတော့ အတွေ့အကြုံ ရှိတဲ့ ရိုင်ယန် ဂစ္စနဲ့ အဖျက်ကောင်းတဲ့ ဖေးလ် ဂျုံးစ် တို့ကို ထည့်ထားပါတယ်။ နောက်တန်းမှာတော့ ဖာဒီနန် မပါပဲ အဲဗန်းစ် နဲ့ ဗစ်ဒစ်ချ်ကို တွဲထား ပါတယ်။

အဲဗာတန်ကလည်း ကစားနိုင်ပါ့မလားလို့ စိုးရိမ်နေကြတဲ့ ဖလေးနီကို ထည့်ထားပါတယ်။ ပွဲက ပွဲကောင်း ဖြစ်ခဲ့ပါတယ်။ နှစ်ဘက် အပြန်အလှန် ထိုးဖောက် ကြရင်း ပထမပိုင်း ၁၃ မိနစ်မှာ ရိုင်ယန်ဂစ္စ က ဦးဆောင် ဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။ ဒီဂိုး သွင်းလိုက်လို့ ဂစ္စဟာ ပရီးမီးယား လိဂ် စတဲ့ ၉၂ ဘောလုံး ရာသီက စပြီး ရာသီတိုင်းမှာ ဂိုးသွင်း နိုင်တဲ့ တဦးတည်းသော ဘောလုံးသမား စံချိန်ကို ဆက်ထိန်း ထား နိုင်သွား ပါတယ်။

အဲဗာတန်ကလည်း ချေပနိုင်ဖို့ အတင်းကို တက်ကစားပါတယ်။ မန်ယူ ကွင်းထဲအထိ တက်ကို ဖိထားတာပါ။ ဒါပေမယ့် ဂိုးကတော့ မရခဲ့ပဲ ပထမပိုင်း ပြီးခါနီးမှာပဲ ဗန်ပါစီက မန်ယူ အတွက် နောက်တလုံး ထပ်ပြီး သွင်းသွားလို့ ပထမပိုင်း အပြီးမှာ ၂ ဂိုး အသာနဲ့ ဦးဆောင် နေပါတယ်။

ဒုတိယပိုင်း ပြန်စတော့လည်း ၂ ဘက် အပြန်အလှန် တိုက်စစ်ဆင် ကစားကြပါတယ်။ ဒါပေမယ့် ဘယ်အသင်းမှ ဂိုးမသွင်း နိုင်ခဲ့ကြဘဲ ၂ ဂိုး ဂိုးမရှိနဲ့ မန်ချက်စတာ ယူနိုက်တက် အနိုင်နဲ့ပဲ ပွဲပြီး သွားခဲ့ပါတယ်။

ဒီပွဲ နိုင်လိုက်တဲ့ အတွက် မန်ချက်စတာ ယူနိုက်တက်ဟာ ဇယားထိတ်မှာ နောက်က မန်စီးတီးကို ၁၂ မှတ် ဖြတ်ထား လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီပွဲမှာ မန်ယူ တသင်းလုံး ခြေစွမ်းပြနိုင် ခဲ့ကြပေမယ့် ပွဲစဆုံး ခြေမကျဘဲ ပြသွားတာ ကတော့ အမြဲစိမ်း ကစားသမား ရိုင်ယန်ဂစ္စ ဖြစ်ကြောင်းပါ။

အခု တပတ် ကန်ခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်က ၆၅ မှတ်နဲ့ဦးဆောင် နေပြီး သူ့နောက်မှာ မန်ချက်စတာ စီးတီးက ၅၃ မှတ်နဲ့ ဒုတိယ ချဲလ်ဆီးက ၄၉ မှတ်နဲ့ တတိယ အသီးသီး ရှိနေကြပါတယ်။

အခုလာမယ့် သတင်းပတ် ထဲမှာတော့ ချန်ပီယံ လိဂ် ပွဲစဉ်တွေလည်း ပြန်စပြီ ဖြစ်ပါတယ်။ ဗလင်စီယာနဲ့ ပါရီစန်ယာမန်း ၊ ဆဲလ်တစ် နဲ့ ယူဗင်းတပ်စ်၊ ရီးယဲလ်မဒရစ်နဲ့ မန်ယူ၊ ရှာတာဒေါ့ညက်နဲ့ ဘိုရပ်စ်ရှား ဒေါ့တ်မန် တို့ တွေ့ကြမှာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ် တွေထဲက စိတ်ဝင်စား စရာ အကောင်းဆုံး ပွဲကတော့ ရီးယဲလ် မဒရစ်ရဲ့ ကွင်းမှာ ကန်ကြမယ့် ရီးယဲလ် နဲ့ မန်ယူတို့ ရဲ့ ပွဲဖြစ်ပါတယ်။ အစဉ်အလာ အရ ရီးယဲလ်က အသာရ နေပေမယ့်လည်း ပွဲကောင်း တပွဲ ဖြစ်လာနိုင်လို့ မလွတ်တမ်း စောင့်ကြည့်ကြဖို့ ပြောရင်း အားကစား သတင်းတွေကို ဒီမှာ အဆုံးသတ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။