BBC navigation

တပတ်အတွင်း အားကစားသတင်း

နောက်ဆုံး ရေးသားချိန် 17 ဖေဖေါ်ဝါရီလ 2013 - 21:08 GMT

မီဒီယာ ပလေးယား

အဖ်အေ ဖလား ပဉ္စမ အဆင့် ပွဲစဉ်များနဲ့ ချန်ပီယံလိဂ် ပွဲကြို သုံးသပ်ချက်များ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

arsenal

မထင်မှတ်တဲ့ အဖြေထွက်ခဲ့တဲ့ အာဆင်နယ်နဲ့ ဘလက်ဘန်း ရိုးဗားစ် ပွဲ

မထင်မှတ် တာတွေ ဖြစ်တတ်တဲ့ အဖ်အေ ဖလား ပွဲတွေမှာ ဒီတပတ်ရော အံ့ဩစရာတွေ ဖြစ်ခဲ့သေးလား ဆိုတာတွေ အပြင် လာမယ့် အင်္ဂါ နဲ့ ဗုဒ္ဓဟူး နေ့တွေမှာ ကစား ကြမယ့် ချန်ပီယံလိဂ် ပွဲကြို သုံးသပ်ချက် တွေကို တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။

အရင်ဆုံး စနေနေ့က ကန်ခဲ့ကြတဲ့ အဖ်အေ ဖလား ပဉ္စမ ဆင့် ပွဲစဉ် တွေကို ကြည့်ရအောင်ပါ။

စနေနေ့ကတော့ ၄ ပွဲ ကစား ခဲ့ကြပါတယ်။

လူတန် အသင်းနဲ့ မီးလ်ဝေါလ် တို့ပွဲမှာတော့ မီးဝေါလ် အသင်းက ၃ ဂိုး ပြတ်နဲ့ နိုင်သွား ခဲ့ပါတယ်။

တခါ အမ်ကေ ဒွန်းစ် အသင်းကိုလည်း ဘန်းစလေ အသင်း က ၃ ဂိုး ၁ ဂိုးနဲ့ နိုင်သွား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စတုတ္ထ အဆင့်မှာ နာမည်ကြီး လစ်ဗာပူးလ်ကို ကန်ထုတ်ခဲ့တဲ့ အိုးလ်ဒ်ဟမ်း အသလက်တစ် ကတော့ အခု ပဉ္စမ အဆင့်မှာ နောက်ထပ် လစ်ဗာပူးလ် မြို့က အသင်း တသင်းဖြစ်တဲ့ အဲဗာတန်နဲ့ ကစားခဲ့ရပါတယ်။

ပွဲစပြီး ၁၃ မိနစ်မှာ အိုးလ်ဟမ်က စသွင်း နိုင်ခဲ့ပေမယ့် အဲဗာတန်က ၂၄ မိနစ်နဲ့ ၄၈ မိနစ် တွေမှာ ပြန်သွင်းလို့ ပွဲချိန် ပြည့်ခါနီးအထိ ၂ ဂိုး ၁ ဂိုးနဲ့ဦးဆောင် နေခဲ့ပါတယ်။

ဒါပေမယ့် မိနစ် ၉၀ ကျမှ အိုးလ်ဟမ်အတွက် စမစ်သ် က ပြန်ချေလိုက်လို့ ၂ ဂိုးစီ သရေနဲ့ပဲ ပွဲပြီး သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်ကလို အံ့စရာ လုပ်မပြ နိုင်ခဲ့ပေမယ့် ဒီတပတ်မှာလည်း အနည်းနဲ့အများတော့ အံ့စရာ လုပ်ပြခဲ့တယ်လို့ ဆိုရမှာပါ။ အိုးဟမ်အသင်းမှာ လစ်ဗာပူးလ်ကို အနိုင်ကစား နိုင်အောင် ဦးဆောင် ပေးခဲ့တဲ့ နည်းပြ ပေါလ် ဒစ်ကော့ဗ် မရှိတော့ပဲ ယာယီနည်းပြ တိုနီ ဖီးလစ္စစကတ်ခ်က ဒီလောက် လုပ်ပေးနိုင်တာလဲ မဆိုးဘူးလို့တော့ ဆိုရမှာဖြစ်ပါတယ်။

အဲဒီ စနေန့က ပရိတ်သတ် တွေအတွက် ရသ ပေးနိုင်တဲ့ ပွဲကတော့ အာဆင်နယ် ကွင်းမှာ ကန်ခဲ့ကြတဲ့ အာဆင်နယ်နဲ့ ဘလက်ဘန်း ရိုးဗားစ် တို့ရဲ့ ပွဲပါ။

အာဆင်နယ် ကွင်းမှာလည်းဖြစ်ပြန် လူအင်အားလည်း တောင့်တောင့် တင်းတင်းနဲ့ ပွဲထွက်လာပြန်တော့ ဒီတပွဲအာဆင်နယ်တော့ အေးအေးဆေးဆေး ပဲလို့ ထင်ထား ခဲ့ကြတာပါ။

ပွဲစထဲက အာဆင်နယ်က အကြိမ်ကြိမ် ထိုးဖောက် ခဲ့ပါတယ်။ ဒါပေမယ့် ဘလက်ဘန်း အသင်းက ဂိုးသမားက ဂျိတ်ခ် ကီန်း ကောင်းလွန်း နေတာကြောင့် ပထမပိုင်း ပြီးသည် အထိ ဂိုးမရ ခဲ့ပါဘူး။

ဒုတိယပိုင်း ပြန်စတော့လည်း အာဆင်နယ် ဖိကစား ပါတယ်။ အကြိမ်ကြိမ် ထိုးစစ်ဆင်ပါတယ်။

ခြေမပေါ်တဲ့ ဂျာဗီညို နေရာမှာ ဝိုးလ်ကော့တ်၊ ရော်ဆစ်ကီ နေရာမှာ ဝေ့လ်ရှိုင်းယား၊ အောက်စလိတ် ချိန်ဘာလိန် နေရာမှာ ကာဇိုလာတို့ပါ ဝင်လာပြီး ဘလက်ဘန်း ဂိုးကို ထိုးစစ်ဆင်ကြ ပေမယ့် ဂိုးကတော့ မရခဲ့ပါဘူး။

ဒါပေမယ့် ကွင်းရဲ့ တဘက်ခြမ်းမှာ ရှားရှားပါးပါး ဘလက်ဘန်းက ရတဲ့ အခွင့်အရေးကို မလွတ်တမ်း အသုံးချပြီး ၇၂ မိနစ်မှာ ကာဇင်းမ် ရစ်ချတ်စ် ကဘလက်ဘန်း အသင်းအတွက် သွင်းယူ သွားခဲ့ပါတယ်။

အာဆင်နယ် ခြေပနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးသည်အထိ ဘလက်ဘန်းက တောင့်ခံသွားခဲ့လို့ ပွဲအပြီးမှာ မထင်မှတ်ထားတဲ့ ရလဒ်အဖြစ် ဘလက်ဘန် အသင်းက အာဆင်နယ်အသင်းကို အနိုင်ယူလို့ ကွာတား ဖိုင်နယ်ကို တက်သွား ခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အာဆင်နယ် နည်းပြကြီး အာဆင် ဗင်းဂါးကတော့ ပွဲနဲ့ပတ်သက်လို့-

သူတော်တော် ရင်နာမိတဲ့အကြောင်း ဘာကြောင့် ရှုံး ခဲ့ရတယ် ဆိုတာ အဖြေရှာလို့တောင် မရကြောင်း၊ တဘက်အသင်းက တကြိမ်လောက်သာ ထိုးစစ်ဆင် နိုင်ခဲ့တာ ဖြစ်ကြောင်းနဲ့ ကိုယ့်ဘက်က မှားတာနဲ့ ရှုံးရတဲ့ ပွဲမျိုးထဲက တပွဲလို့ ပြောရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ပရိတ်သတ်တွေက ပွဲအပြီး သူ့အသင်းကို လှောင်ခဲ့ကြတဲ့ အပေါ်မှာတော့ ဒီလို ပွဲမျိုးကနေ ပရိတ်သတ် လက်ခုတ်သံ ရဖို့ သူမမျှော်လင့်ဘူးလို့ ဆိုပါတယ်။

ဒီတပတ် ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်နဲ့ ကန်ရမယ့် ပွဲအတွက် ကစားသမား တွေကို စိတ်ဓာတ် မြှင့်တင် ပေးဖို့ကတော့ အခက်အခဲ ရှိမှာ မဟုတ်ပါဘူးလို့ ပြောသွား ခဲ့ပါတယ်။

ဒီ တနင်္ဂနွေ နေ့မှာတော့ အဖ်အေ ဖလား ပွဲစဉ် တွေအဖြစ်က ၃ ပွဲ နဲ့ ရှားရှားပါးပါး ပရီးမီးယားလိဂ်က တပွဲကစား ခဲ့ကြပါတယ်။

စတုတ္ထ ဆင့် ပွဲစဉ် ပထမတကြိမ်မှာ သရေကျခဲ့လို့ ပြန်ကန်ရတဲ့ ပွဲအဖြစ် ချဲလ်ဆီးနဲ့ ဘရန့်ဖို့ဒ်တို့ တွေခဲ့ကြရာမှာတော့ ဒီတခါ ချဲလ်ဆီးက ပြတ်ပြတ်သားသား ၄ ဂိုး ပြတ်နဲ့ နိုင်ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီးအတွက် လမ်းပတ်က တလုံးသွင်းသွား ပြန်လို့ ချဲလ်ဆီး အတွက် အဖ်အေ ဖလား ပြိုင်ပွဲ တွေမှာ ၂၆ လုံးနဲ့ ဂိုးအများဆုံး သွင်းနိုင်တဲ့ ဘောလုံး သမား ဖြစ်သွား ခဲ့သလို ချဲလ်ဆီး အတွက် သွင်းဂိုး ၂၀၀ ပြည့်ဖို့ ၁ လုံးပဲ လိုတော့ပြီး သွင်းဂိုးအများဆုံး စံချိန်ကို မှီဖို့ ၃ လုံး အလိုအထိ ရောက်လာပြီ ဖြစ်ပါတယ်။

တခါအားကျမခံ မန်စီးတီးကလဲ လိဒ်စ် ယူနိုက်တက်ကို ၄ ဂိုး ပြတ်နဲ့ပဲ အနိုင်ယူပြလိုက်ပါတယ်။

အဲဒီ ပွဲတွေ နောက်မှာ ကစား ခဲ့တဲ့ ဟတ်ဒါးစ်ဖီးလ်ဒ်နဲ့ ဝစ်ဂန် အသင်းတို့ ပွဲမှာလည်း ဝစ်ဂန်ကလည်း ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ပြန်တော့ ဂိုးတွေ တလှေကြီး မြင်လိုက် ရပါတယ်။

ဒါပေမယ့် ပရီးမီးယား လိဂ်ပွဲစဉ် ၂၇ အဖြစ် ကစားကြတဲ့ လစ်ဗာပူးလ်နဲ့ ဆွမ်ဆီး စီးတီးတို့ပွဲမှာတော့ လစ်ဗာပူးလ်က အဖ်အေဖလား ပွဲတွေက သွင်းဂိုးထက် ပိုသွင်းပြပြီး ၅ ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူ ပြလိုက် ပါတယ်။

ဒီလာမယ့် အင်္ဂါနဲ့ ဗုဒ္ဓဟူး နေ့တွေမှာတော့ ချန်ပီယံလိဂ်က ရှုံးထွက်ပွဲတွေ ကစားကြဖို့ ရှိပါတယ်။

အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ် တို့ ပွဲကတော့ စိတ်ဝင်စား စရာ ကောင်းသလို သူ့နောက် တနေ့မှာ ကစားကြမယ့် အေစီမီလန်နဲ့ ဘာစီလိုနာတို့ ပွဲကလည်း ကြည့်ကောင်းမှာ မလွဲပါ။

အဲဒီ ၂ ပွဲအပြင် ပေါ်တိုကွင်းမှာ ကစားကြမယ့် ပေါ်တိုနဲ့ မာလာဂါ နောက် နာမည်ကျော် အလယ်တန်း သမား ဟော်လန်က ရှနိုက်ဒါနဲ့ အားဖြည့်ထားတဲ့ ဂါလာတာ ဆာရေးနဲ့ ရှော်ကာ ၀၄ အသင်းတွေလည်း ကန်ကြဦးမှာဖြစ်တဲ့ အကြောင်း ပြောရင်း အားကစား သတင်းတွေကို ဒီမှာပဲ အဆုံးသတ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။