BBC navigation

တပတ်အတွင်း အားကစား သတင်း

နောက်ဆုံး ရေးသားချိန် 24 ဖေဖေါ်ဝါရီလ 2013 - 21:34 GMT

မီဒီယာ ပလေးယား

မြန်မာ-မလေးရှား ခြေစမ်းပွဲ နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ သုံးသပ်ချက်များ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ryan_giggs

မန်ယူအတွက် ၉၉၉ ပွဲကစားပြီး ဖြစ်တဲ့ ရိုင်ယန်ဂစ္စ

အားထားရတဲ့ တိုက်စစ်မှူးကို မလေးရှားနဲ့ မကန်ခင် ကပ်ပြီး ထုတ်လိုက် တဲ့ မြန်မာ ဘောလုံး အသင်းနဲ့ မလေးရှား တို့ပွဲ သုံးသပ် ချက်တွေအပြင် တင်ဆက် နေကျ ပရီးမီးယား လိဂ်ပွဲတွေ အကြောင်း သုံးသပ်ချက် တွေကို တင်ဆက် ပေးသွားဖို့ ရှိပါတယ်။

အရင်ဆုံး မြန်မာ ဘောလုံးကို ကြည့်ရအောင်ပါ။

မြန်မာ နိုင်ငံမှာ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပမယ့် နှစ် ဆိုတော့ ကြိုတင်ပြင်ဆင် မှုတွေ လုပ်နေကြ ပါပြီ။ မြန်မာ ဘောလုံး အသင်းကလည်း မလေးရှား အသင်းနဲ့ ခြေစမ်း ခဲ့ပါတယ်။

မြန်မာ အသင်းကန်တဲ့ ပွဲဆိုတော့ မြန်မာ ဘောလုံး ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုက ရှိပြီးသားလို့ ပြောလို့ ရပါတယ်။

ဒါပေမယ့် ဒီတခါ တော့ ပွဲကစားမယ့် ရက်နဲ့ ကပ်ပြီး အားထားရတဲ့ တိုက်စစ်မှူး ကျော်ကိုကို ကို အသင်းကနေ စည်းကမ်း မလိုက်နာဘူး ဆိုပြီး ထုတ်လိုက်လို့ အရင် အခါတွေကထက် ပိုပြီး လူစိတ်ဝင်စား စရာ ဖြစ်သွားပါတယ်။ ပွဲကစားတော့ မြန်မာ အသင်း မရှုံး ခဲ့သလို တဂိုးမှလည်း မရှူး နိုင်ဘဲ သရေနဲ့ ကျေနပ်ခဲ့ရပါတယ်။ တိုက်စစ်အားများ လျော့သွား သလား ဆိုတာ စဉ်းစား စရာပါ။

အခုတော့ မြန်မာ ဘောလုံးကနေ ပရီးမီးယား လိဂ်ကို ကြည့်ပါမယ်။

ပရီးမီးယား လိဂ်ဟာ အခုဆို ပွဲစဉ် ၂၇ ကို ရောက်လာနေပါပြီ။

ချန်ပီယံ လုရေးထက် အောက်တန်းကို မဆင်းရရေးတွေက ပိုပြီး ခက်ခဲ လာနေပြီလို့ ပြောလို့ ရပါတယ်။

စနေနေ့ကတော့ အဲဒီလို အောက်တန်းမဆင်းရဖို့ အရေး ရုန်းကန် နေရတဲ့ အမှတ်ပေး ဇယား အောက်ဆုံးက ကျူပီအာ နဲ့ ပရီးမီးယား လိဂ်ကို ရှေ့ဆုံးက ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်တို့ တွေ့ခဲ့ကြပါတယ်။

ပွဲစကတည်းက မန်ယူဘက်က ဖိကစား နိုင်ခဲ့ပေမယ့် ကျူပီအာကတော့ အတန်းမဆင်းဖို့ ကြိုးစားပမ်းစား ကန်ပြတာမျိုး သိပ်မတွေ့ ခဲ့ရပါဘူး။ မန်ယူဘက်က ပထမပိုင်းမှာ ညာနောက်ခံလူ ရာဖာရဲလ်က အဝေးကနေ လှလှပပ ကန်သွင်း သွားခဲ့တဲ့ တလုံးနဲ့ ဒုတိယပိုင်းမှာ အမြဲစိမ်း ရိုင်ယန်ဂစ္စ က ထောင့်ဖြတ် တိတိကျကျ ကန်သွင်းခဲ့တဲ့ ၂ လုံး နဲ့ နိုင်သွား ခဲ့ပါတယ်။

အဲဒီ ပွဲမှာ ဂိုးသွင်းခဲ့တဲ့ ဂစ္စဟာ အသက် ၃၉ နှစ်ထဲ ရောက်နေပြီ ဖြစ်ပြီး ဒါဟာ သူ့ အဖို့ မန်ယူအသင်းမှာ ၉၉၉ ပွဲမြောက် ကစားတဲ့ ပွဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တုန်းက အဲဗာတန်ကို ဂိုးသွင်းခဲ့လို့ ပရီးမီးယား လိဂ် စထဲက ရာသီတိုင်း ဂိုးသွင်းနိုင်တဲ့ တဦးတည်းသော ကစားသမား စံချိန်ကို ဆက်ပြီး ထိန်းထား နိုင်ခဲ့သလို အခုပွဲပါ ထပ်သွင်းလိုက် ပြန်တော့ ပွဲစဉ် ၂ ပွဲဆက် သွင်းပြခဲ့တဲ့ အသက်အကြီးဆုံး ကစားသမားများ ဖြစ်သွား ရော့သလား ဆိုတာ စာအုပ်တွေ လှန်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

အဲဒီပွဲ နိုင်လိုက်လို့ မန်ယူဟာ ဇယားထိတ်မှာ နောက်က မန်စီးတီးကို ၁၅ မှတ် ဖြတ်လိုက်နိုင်ပါတယ်။ နောက်တနေ့မှာ တတိယ နေရာက ချဲလ်ဆီးနဲ့ ကန်ရမယ့် မန်စီးတီးကို အပို ဖိအား ပေးလိုက်သလို ဖြစ်သွား ခဲ့ပါတယ်။

ဒီဖိအားကို မန်စီးတီး ဘယ်လို တုန့်ပြန်နိုင်မလဲ။

မန်ချက်စတာ ယူနိုက်တက်က ရှေ့က ၁၅ မှတ် ဖြတ် ထားတဲ့ အချိန်မှာ မန်စီးတီး အသင်းကတော့ ချဲလ်ဆီးနဲ့ ပွဲကျပ် ကစားခဲ့ရပါတယ်။

ချဲလ်ဆီး အသင်းက ယူရိုပါလိဂ် ပူပူနွေးနွေး ကန်ထားရတော့ နည်းနည်း ပွဲပန်း တာမျိုးရှိနိုင်ပေမယ့် အသင်းကြီး တွေဆိုတာ ဒီလို ပွဲစဉ် ဇယား ကျပ်လာလည်း ခံနိုင်ရည် ရှိအောင်တော့ ပြင်ထား တတ်ကြတာမျိုး ဖြစ်ပါတယ်။

ရှေ့က မန်ချက်စတာ ယူနိုက်တက်ကို တယ်လီစကုပ်နဲ့ လိုက်မကြည့်ရအောင် လိုက်နိုင်ဖို့ လည်း လိုသလို နောက်က လိုက်နေတဲ့ ချဲလ်ဆီးကိုလည်း ဒီထက်ပိုပြီး နီးမလာအောင် လုပ်ရမယ့် ဖိအားက လည်း မန်စီးတီးမှာ ရှိနေခဲ့ပါတယ်။

ပွဲစထဲက တဘက်နဲ့ တဘက် ထိုးဖောက်ခဲ့ကြပေမယ့် ဂိုးတော့ မရခဲ့ကြဘဲ ပထမပိုင်းက ဂိုးမရှိ သရေပါ။

ချဲလ်ဆီး ရတဲ့ ပင်နယ်တီကို မန်စီးတီး ဂိုးသမားက ကာကွယ် နိုင်ခဲ့ပါတယ်။ ချဲလ်ဆီး က ရတဲ့ အခွင့်အရေးကို အမိအရ အသုံးမချ နိုင်ခဲ့ပေမယ့် မန်စီးတီးကတော့ ရတဲ့ အခွင့်အရေး တွေကို အသုံးချနိုင်ခဲ့ပြီး ၆၃ မိနစ်မှာ ယာယာ တိုရေက တလုံး နဲ့ ၈၅ မိနစ်မှာ တဲဗက်ဇ် က တလုံး သွင်းလို့ ပွဲအပြီး မှာ မန်စီးတီးက ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြီး ရှေ့က မန်ယူအသင်းနဲ့ ၁၂ မှတ် အကွာကို ပြန်ရောက် သွားခဲ့ပါတယ်။

တနင်္ဂနွေ နေ့က ကစားခဲ့တဲ့ နောက်ထပ် ပရီးမီးယား လိဂ် ပွဲတပွဲကတော့ နယူးကာဆယ် ယူနိုက်တက်နဲ့ ဆောက်သမ်တန်တို့ ဖြစ်ပြီး နယူးကာဆယ်က ခြေစွမ်းပြလို့ ၄ ဂိုး ၂ ဂိုး နဲ့ နိုင်သွား ခဲ့ပါတယ်။

တခါ တနင်္ဂနွေ နေ့မှာ ကစား ခဲ့ကြတဲ့နောက် တပွဲကတော့ အင်္ဂလိပ် ဘောလုံး လောကမှာ နှစ် ၅၀ လောက် အတွင်း ပထမဆုံး အကြိမ်အဖြစ် အောက်ဆုံး တန်းကနေ ဗိုလ်လုပွဲကြီး တခုကို တက်လာတဲ့ ဘရဒ်ဖို့ဒ် စီးတီးနဲ့ ဟိုးထိတ်ဆုံးက ဆွမ်စီး စီးတီးတို့ တွေ့ခဲ့ကြတဲ့ လိဂ်ဖလား ဗိုလ်လုပွဲ ဖြစ်ပါတယ်။

ဒီရာသီမှာ ဘရဒ်ဖို့ဒ်ဟာ အသင်းကြီးတွေကို ဖြုတ်ပြီး မှ ဗိုလ်လုပွဲ အထိ ထိုက်ထိုက်တန်တန် တက်လာ ခဲ့ပေမဲ့ ဆွမ်စီး ကတော့ ဒီတခါမှာ ဒီလို အဖြစ်မျိုး မကြုံရအောင် ကစားပြခဲ့ပါတယ်။

ဘရဒ်ဖို့ကို ပထမပိုင်းမှာ ၂ ဂိုး အသာနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၄၇ မိနစ် မှာ တဂိုး ထပ်သွင်း နိုင်လို့ ၃ ဂိုး နဲ့ ဦးဆောင် နေစဉ်မှာ ဘရဒ်ဖို့ ဂိုးသမား အထုတ်ခံခဲ့ ရလို့ ဒီ ၃ ဂိုးကို ဘရဒ်ဖို့ ပြန်မချေ နိုင်တော့တဲ့ အပြင် ပင်နယ်တီဂိုးနဲ့ ပွဲပြီးခါနီး နောက်ထပ် ၁ ဂိုးပါပေးလိုက် ရပြန်လို့ ပွဲအပြီးမှာ ဆွမ်စီးက ၅ ဂိုးပြတ်နဲ့ နိုင်လို့ ဖလားပိုင်သွား နိုင်ခဲ့ပါတယ်။

အခု ပွဲစဉ် ၂၇ အပြီးမှာ ပရီးမီးယား လိဂ်ကို မန်ချက်စတာ ယူနိုက်တက်က ၆၈ မှတ် နဲ့ ဦးဆောင်နေပြီး သူ့နောက်မှာ မန်စီးတီးက ၅၆ မှတ်၊ ချဲလ်ဆီးက ၄၉ မှတ်နဲ့ ဒုတိယနဲ့ တတိယ နေရာတွေမှာ ရှိနေကြပါတယ်။

တနင်္လာည မှာတော့ ဝက်စ်ဟမ်း ယူနိုက်တက် အသင်းနဲ့ တော့တင်ဟမ် ဟော့စပါးစ်တို့ ရဲ့ လန်ဒန် ဒါဘီ ပွဲကြီးပွဲကောင်း ရှိနေသလို နောက်တပတ် တနင်္ဂနွေ မှာတော့ တော့တင်ဟမ်နဲ့ အာဆင်နယ်တို့ တွေ့ကြမယ့် တကယ့် ဒါဘီ ပွဲကြီးပွဲကောင်းကိုလည်း ကြည့်ကြရဦးမှာ ဖြစ်ကြောင်း ပြောရင်း အားကစား သတင်းတွေကို ဒီမှာ အဆုံး သတ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။