BBC navigation

နေပြည်တော် ဆီးဂိမ်းစ်နှင့် အားကစားပြိုင်ပွဲများ

နောက်ဆုံး ရေးသားချိန် 23 မတ်လ 2013 - 19:06 GMT

မြန်မာနိုင်ငံ နေပြည်တော်တွင် ဒီဇင်ဘာလ (၁၁) ရက်မှ (၂၂) ရက် အထိ ကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပမည့် အားကစား နည်းများ တရားဝင် ထွက်ရှိလာပြီ ဖြစ်သည်။

(၂၀၁၂)ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်တွင် နေပြည်တော်၌ ကျင်းပ ခဲ့သည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကောင်စီ အစည်း အဝေးမှ ဆုံးဖြတ်ခဲ့ ကြခြင်း ဖြစ်သည်။ ယင်း အစည်း အဝေး မှပင် ဆီးဂိမ်းစ် တံဆိပ် SEAGAMES LOGO ကို လည်း အသစ် သတ်မှတ် ခဲ့သည်။ ယခင် တံဆိပ် တွင် အရှေ့တောင် အာရှ (၇)နိုင်ငံကို ကိုယ်စား ပြုသည့် အဝိုင်းကွင်း ခုနှစ် ကွင်းဖြင့် ရေးဆွဲထား သော်လည်း ယခု အခါ ဆီးဂိမ်းစ်တွင် နိုင်ငံပေါင်း(၁၁)နိုင်ငံ ပါဝင် ယှဉ်ပြိုင် လာသော ကြောင့် အဝိုင်းကွင်း (၁၁)ကွင်း သို့ ပြောင်းလဲ သတ်မှတ် လိုက်ခြင်း ဖြစ်သည်။


တင်းနစ်နှင့် ကျွမ်းဘား
(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် အားကစား နည်းပေါင်း(၃၃)မျိုး ထည့်သွင်း ရန် အများ သဘောတူ ဆုံးဖြတ် ခဲ့သည့် အထဲတွင် ထူးဆန်း စွာပင် တင်းနစ်နှင့် ကျွမ်းဘား အားကစား နည်းများကို ဖယ်ရှားခဲ့ သဖြင့် ဂယက် ရိုက်မှုများ ရှိခဲ့သည်။

ကျွမ်းဘား အားကစား နည်းမှာ ယခု ကာလတွင် မြန်မာ ပြည်၌ ခေတ် မစားတော့ သော်လည်း အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲSEAP GAMES တွင် မြန်မာ နိုင်ငံ၌ ကျင်းပ သည့် (၅)ကြိမ်မြောက် SEAP GAMES ကျမှ စတင် ထည့်သွင်း ခဲ့သည့် အားကစား နည်းဖြစ်သည်။ (၆၉) ကျွန်းဆွယ် ကျွမ်းဘား ပြိုင်ပွဲ တွင် ကျွမ်းဘား အားကစား နည်း အားလုံးတွင် မြန်မာ နိုင်ငံက ရွှေတံဆိပ်များ ဆွတ်ခူး ခဲ့သည့် အားကစား နည်းဖြစ်သည်။ နေပြည်တော် ဆီးဂိမ်းစ်တွင် ပါဝင် ယှဉ်ပြိုင်ရန် အတွက် အိမ်နီး နားချင်း နိုင်ငံ တစ်နိုင်ငံသို့ ရက်ပေါင်း(၆၀)ကြာ သွားရောက် လေ့ကျင့် ထားခဲ့သည်။

တင်းနစ် အားကစား နည်းမှာ လည်း မြန်မာ နိုင်ငံ တွင် လေ့လာ လိုက်စားသူ များခဲ့ သည့် အားကစားနည်း ဖြစ်သည်။ ဂေါက်သီး ရိုက်ရင်း လမ်းလျှောက် စကား ပြောကြသည့် ဓလေ့ ထွန်းကား လာမှ တင်းနစ် ကစားနည်း မြန်မာ နိုင်ငံတွင် မှေးမှိန် သွားခြင်း ဖြစ်သည်။ တင်းနစ် အားကစား နည်းကလည်း (၆၉)ရန်ကုန် ကျွန်းဆွယ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူး ခဲ့သည်။ မောင်မောင်လေး(မြန်မာ)က ပြိုင်ဘက် တင်းနစ် သမားအား ပထမ ပွဲငယ် နှစ်ပွဲ ရှုံးနေရာမှ ကျန်သုံးပွဲ စလုံး အနိုင် ရကာ ရွှေတံဆိပ် ဆွတ်ခူးခြင်း ဖြစ်သည်။ ကမ္ဘာ့ အိုလံပစ် ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပပေး နေသည့် အားကစား နည်း နှစ်မျိုးလည်း ဖြစ်ကာ ကျွန်းဆွယ် ခေတ်တွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့ ဖူးသည့် အားကစား နည်းလည်း ဖြစ်သော တင်းနစ်နှင့် ကျွမ်းဘား ပြိုင်ပွဲများ ကို နေပြည်တော် ဆီးဂိမ်းစ်တွင် မထည့် ခြင်းမှာ ထူးဆန်း အံ့သြဖို့ ကောင်းသည် ဆိုခြင်းမှာ မြန်မာ နိုင်ငံက ဆီးဂိမ်းစ်တွင် ပါဝင် ယှဉ်ပြိုင်ပြီး ရွှေတံဆိပ် တစ်ကြိမ် တစ်ခါမှ မရဘူး သေးသော အားကစား နည်းများမှာ လာမည့် ဆီးဂိမ်းစ်တွင် ကျင်းပ ပေးမည် ဆိုခြင်း ကြောင့် ဖြစ်သည်။


၃၃ မျိုး
တြင်းကျေ၊ နဝင်းကျေ သတ်မှတ် ထားသည် လားတော့ မသိပါ။ စာရေးသူ ကတော့ တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဖွဲ့စည်း
ပေးသည့် အကြံပေး အဖွဲ့ကို သွား သတိရ မိသည်။ (၃၃)ဦး အကြံပေး အဖွဲ့ ဖြစ်သည်။ တိုက်ဆိုင် မှုပင် ဖြစ်ပါ လိမ့်မည်။

မြန်မာ နိုင်ငံတွင် ထည့်သွင်း ကျင်းပမည့် အားကစား နည်း(၃၃)မျိုး ကို အမျိုး အစား သုံးမျိုး ခွဲ၍ ရွေးချယ် သတ်မှတ် ထားသည်။ ပထမ အမျိုး အစားမှာ အားကစား ပြိုင်ပွဲကြီး တိုင်းတွင် မထည့် မနေ ထည့်သွင်း ကျင်းပ ရမည့် ပြေးခုန်ပစ်၊ ရေကူးနှင့် ဒိုင်ဗင် စသည့် အားကစားနည်း (၂)မျိုး၊ ဒုတိယ အမျိုး အစားမှာ ကမ္ဘာ့ အိုလံပစ်နှင့် အာရှ အားကစား ပွဲများတွင် ထည့်သွင်း ကျင်းပ သည့် မြားပစ်၊ ကြက်တောင်၊ ဘိလိယက်နှင့် စနူကာ၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ ကနူး(လှေ)၊ စက်ဘီး၊ မြင်းစီး၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေးဒို၊ အနောက်တိုင်း လှေ၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ရွက်လှေ၊ စားပွဲတင် တင်းနစ်၊ တိုက်ကွမ်ဒို၊ ဘော်လီ ဘော၊ အလေးမ၊ နပန်းနှင့်ဝူရှူး တို့ ဖြစ်သည်။ တတိယ အမျိုး အစားမှာ မီဒီယာ အချို့က အခြား အားကစား OTHER SPORTS ဟု သုံးသည့် ရိုးရာ အမည်ခံ အားကစား နည်းများ ဖြစ်သည့် ကာယ ဗလ၊ ရိုးရာလှေ၊ စစ်တုရင်၊ ပင်ကတ်ဆီ လတ်၊ ဗိုဗီနမ်၊ ပင်တတ်၊ မွေထိုင်းနှင့် ရှိုရင်ဂျီ ကမ်ပို စသည့် ထူးထူး ဆန်းဆန်း အားကစား နည်းများ ဖြစ်ကြသည်။


လက်အောက်ခံ
အားကစား နည်းများ သတ်မှတ် ရာတွင် စာရေးသူ လက်မခံ နိုင်သော အချက်များ အနက် ထိပ်ဆုံး ရောက်နေသည့် ပြဿနာမှာ မြန်မာ့ ရိုးရာ ခြင်းလုံး ပြိုင်ပွဲကို သူတို့ အခေါ် အခြား အားကစားနည်း(ဝါ) ရိုးရာ အားကစား နည်းအဖြစ် သီးသန့် သတ်မှတ် ပေးထားခြင်း မရှိဘဲ ပိုက်ကျော်ခြင်း လက်အောက်တွင် ထည့်ထား ခြင်းနှင့် မြန်မာ စစ်တုရင်(ထည့်ခဲ့လျှင်)ကို နိုင်ငံတကာ စစ်တုရင် (CHESS)အောက်တွင် ထားရှိ ခြင်းပင် ဖြစ်သည်။


အားကစားနည်းအချို့
လာမည့် ဒီဇင်ဘာလ(၁၁)ရက်မှ (၂၂)ရက် အထိ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်နှင့် ငွေဆောင် ပင်လယ် ကမ်းခြေ တို့တွင် ကျင်းပမည့် ဆီးဂိမ်းစ် အားကစား နည်း(၃၃) မျိုး တွင် မြန်မာ နိုင်ငံ၌ ယခင်က လုံးဝ မရှိ သေးသော အားကစား နည်း(၆)မျိုးခန့် ပါဝင် နေသည်။ ယင်း အားကစား နည်းတို့မှာ အခြား အား ကစား နည်း(ဝါ)ရိုးရာ အားကစား နည်း အုပ်စုတွင် ပါဝင်သည့် ပင်ကတ်ဆီလတ် PENCAK SILAT ၊ ဗိုဗီနမ် VOVINAM ၊ ပင်တတ် PETAQUE နှင့် ရှိုရင်ဂျီကမ်ပို SHORINJIKEMPO တို့မှာ မြန်မာ နိုင်ငံတွင် တစ်ကြိမ် တစ်ခါမှ ပြိုင်ပွဲ အဖြစ် ကျင်းပ ခဲ့ခြင်း မရှိသေးပါ။ အချို့ အားကစား နည်းကို ပြည်ပ နိုင်ငံ များတွင် ကျင်းပသည့် ဆီးဂိမ်းစ်များတွင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ဖူး သော်လည်း ရွှေတံဆိပ် လုံးဝ(လုံးဝ)ရရှိ ခဲ့ဖူးခြင်း မရှိပါ။ ဖေဖော်ဝါရီ စတုတ္ထပတ်တွင် နေပြည်တော်၌ ဆီးဂိမ်းစ် အကြို အားကစား ပြိုင်ပွဲ တစ်ရပ် ကျင်းပ ခဲ့သည်။ ယင်း အားကစား ပြိုင်ပွဲတွင် ရှိုရင်ဂျီကမ်ပို၊ ဗိုဗီနမ်၊ ပင်တတ် စသည့် အားကစား နည်းများနှင့် အတူ မြင်းစီး ပြိုင်ပွဲကို ထည့်သွင်း ကျင်းပခြင်း မရှိသည်ကို တွေ့ရသည်။ အကြို ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ယင်း အားကစား နည်းများ ထည့်သွင်း ကျင်းပ ပေးခြင်း မပြုသည်မှာ မှန်သည်။ ယင်း အားကစား နည်းများကို မြန်မာ ပြည်သူ များသိခြင်း၊ မြင်ဖူးခြင်း၊ လေ့လာ လိုက်စားခြင်း လုံးဝ မရှိပါ။ ဗိုဗီနမ် ဆိုသည်မှာ ဗီယက်နမ် လက်သိုင်းဟု ဆိုသည်။ ဗီယက်နမ် လက်သိုင်း နေရာတွင် မြန်မာ ဗန်တို သိုင်းကို အစားထိုး ထည့်သွင်း ကျင်းပ နိုင်ပါသည်။ မြန်မာ ရိုးရာ သိုင်းပညာ ဗန်တိုကို လျစ်လျူ ရှုထားကြပြီး တိုင်းတစ်ပါး၏ ရိုးရာ သိုင်းပညာကို ထည့်သွင်း ကျင်းပ ပေးသည်မှာ ဆန်းကြယ် လွန်းလှသည်။


အတင်းစကား
မြန်မာ အားကစား ခေါင်းဆောင်များက မြန်မာ့ ရိုးရာ ခြင်းလုံး အားကစား နည်းတစ်မျိုး ထဲကိုပင် ဆီပက်တာကရော(ခေါ်) ပိုက်ကျော်ခြင်း အားကစား နည်းနှင့် တွဲ၍ ကျင်းပရန် လျာထား ခြင်းကို ပင်လျှင် ပြိုင်ဘက် နိုင်ငံ အချို့က ပုံကြီး ချဲ့ကာ မြန်မာ နိုင်ငံက ရိုးရာ အားကစား နည်းတွေ ထည့်ကာ ရွှေတံ ဆိပ်တွေ သိမ်းကြုံး ရယူဖို့ ပြင်ဆင် နေပြီဟု အတင်း စကား ပြောကြား နေပါသည်။ မြန်မာ့ ရိုးရာ ခြင်းလုံး အသိုင်း အဝိုင်း ကမူ ရိုးရာ ခြင်းလုံး ပြိုင်ပွဲတွင် အမျိုးသား ရွှေတံဆိပ်(၄)ဆု၊ အမျိုး သမီး ရွှေတံဆိပ်(၄)ဆု ချီးမြှင့် ရာတွင် မြန်မာ နိုင်ငံက(၃+၃)သာ ရမည်ဟု ခန့်မှန်း ထားသည်။ ဂျာနယ် တစ်စောင်တွင် ပါသည့် သတင်း အရ ဆိုလျှင် မြန်မာ့ ရိုးရာ ခြင်းလုံး အနိုင် ရရှိရေး အတွက် မြန်မာ ကျပ်ငွေ သန်းပေါင်း(၇၀ဝ၀)သုံးထားသည် ဟုလည်း သိလိုက် ရသည်။ ရွှေတံဆိပ်(၆)ခု သာရ မည်ဆိုလျှင် ရွှေတံဆိပ် တစ်ဆု လျှင် မြန်မာ ကျပ်ငွေသန်း(၁၀ဝ၀)ကျော် တန်နေသည့် သဘော ဖြစ်နေ သည်။ ဤနည်းဖြင့် သာ တွက်လျှင်(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်မှ ရွှေတံဆိပ်(၁၀ဝ)ရယူ မည်ဟု ပြောနေ ကြရာ စုစုပေါင်း ဆုတံဆိပ်(၁၀ဝ)အတွက် မြန်မာ ကျပ်ငွေ သန်းထောင်ပေါင်း တစ်ရာ ကုန်ကျမည် ဖြစ်သည်။ ရွှေတံဆိပ် ဆုဈေးက ကြီးလွန်း အားကြီးသည်။


မသိရသေး
နေပြည်တော် အပါ အဝင် မြို့ကြီး လေးမြို့တွင် အားကစား နည်း(၃၃)မျိုး ကျင်းပမည် ဆိုသော်လည်း မည်သည့် အားကစား နည်းတွင် ပွဲငယ်ပေါင်း မည်မျှ ထည့်သွင်း ကျင်းပမည် ဆိုသည်ကို ထုတ်ဖော် ကြေညာခြင်း မရှိသေးပါ။ ဆီးဂိမ်းစ် အကြို အားကစား ပြိုင်ပွဲတွင် အားကစားနည်း(၂၂) မျိုး ကျင်းပ ရာ၌ (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်တွင် မထည့်ဟု တရားဝင် ကြေညာ ထားသည့် တင်းနစ် ပြိုင်ပွဲ ထည့်သွင်း ကျင်းပ သွားသည်ကို တွေ့ရသည်။ ယင်း ပြိုင်ပွဲမှာ ပြည်နယ်နှင့် တိုင်း အားကစား သဘောမျိုး ကျင်းပ ခဲ့ခြင်း ဖြစ်ရာ ကမ္ဘာ့ အိုလံပစ် အားကစား နည်းမှ ရပ်ဆိုင်း တော့မည်ဟု သတင်း ထွက်နေသည့် အနောက် တိုင်း နပန်း ပြိုင်ပွဲ တွင် ပြိုင်ပွဲဝင် တိုင်းနှင့် ပြည်နယ်များ စာရင်းကို သိရလျှင် ကောင်းမည် ထင်ပါသည်။ အားကစား ပြိုင်ဝင်းနှင့် အားကစား ရုံများ မှာ လည်း ယခင်က (၂၀၁၃) ခုနှစ် ဆန်းမှာ အသင့်ပြီးစီး နေရမည် ဆိုသော်လည်း ယခု အခါတွင်မူ(၂၀၁၃) ခုနှစ် မေလ ထဲတွင် ပြီးစီး ဖွယ်ရှိသည်။ မေလထဲတွင် မပြီး ခဲ့လျှင် မိုးရာသီနှင့် တိုးပြီး ဆောက်လုပ်ရေး လုပ်ငန်းများ ကြန့်ကြာ နိုင်သည်။(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအား ကစားပွဲ တော် ကျင်းပရေး အတွက် ကြိုတင် ပြင်ဆင် မှုများ လုပ်နေ ကြရာတွင် ဖွင့်ပွဲ၊ ပိတ်ပွဲ ကော်မတီက ရှေ့ဆုံးမှ ပြေးနေသည်။ အားကစား ပြိုင်ပွဲ တစ်ပွဲတွင် အရေး အကြီးဆုံး ဖြစ်သည့် အားကစား သမားများ ယှဉ်ပြိုင် ရေးကမူ လေ့ကျင့် နေကြဆဲ ဖြစ်ပါသည်။ မည်သူတွေ အရွေးခံ ရပြီး မည်သူတွေ ပြိုင်ကြမည် ဆိုခြင်း ကိုမူ မသိရ သေးပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။