သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တပတ်အတွင်း အားကစား သတင်း

  • 6 အောက်တိုဘာ 2013
Image caption ယန်နူဇိုင်းဟာ နောက်တက်မယ့် ဂျော့(ချ)ဘက်စ် များလား

ဘောလုံး လောက မှာတော့ ဆယ်ကျော်သက် အရွယ် ဘောလုံး သမားလေး တယောက်ကို အသင်းကြီးတွေရော နိုင်ငံကြီးတွေပါ မျက်စိကျ နေကြပါပြီ။ သူဘယ်သူလဲ ဆိုတော့ Adnan Januzaj ပါ။

Adnan Januzaj ကို အင်္ဂလန် အပါအဝင် နိုင်ငံတော်တော်များများက သူတို့ လက်ရွေးစင်အ သင်းတွေမှာ ကိုယ်စားပြု ကစား စေချင် နေကြတာပါ။ သူဟာ ဘယ်လ်ဂျီယံ နိုင်ငံက ဆိုပေမယ့် ကိုဆိုဗို လူမျိုးပါ။

သူ့အကြောင်း ပြောရရင်တော့ သူ့ကို ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ ဘယ်လ်ဂျီယံ နိုင်ငံက ဘရပ်ဆဲလ် မြို့မှာ မွေးဖွား ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံက အဲန်းဒါးလက် အသင်းက သူ ၁၀ နှစ် သား အရွယ်မှာ ခေါ်ယူ လေ့ကျင့် ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ သူ ၆ နှစ် ကြာပြီး ၂၀၁၁ အရောက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ရဲ့ ခြေစွမ်းကို သတိထားမိလို့ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ်။

မန်ယူ လူငယ်အသင်းတွေမှာ ခြေစွမ်းတွေ တောက်လျှောက် ပြလာ နိုင်တဲ့အတွက် ပြီးခဲ့တဲ့ ရာသီက သူ့ကို အရင် မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂတ်ဆင်က ကျောနံပါတ် ပေးပြီး သူနောက်ဆုံး ကိုင်ခဲ့တဲ့ ဝက်စ်ဘရောမ်း အသင်းနဲ့ ပွဲမှာ အရံလူအဖြစ် ထည့်သွင်း ခဲ့ပေမယ့် ကစားခွင့်တော့ မရခဲ့ပါဘူး။

ဒီဘောလုံးရာသီ အဖွင့် ကွန်မြူနတီ ဒိုင်းလုပွဲ အဖြစ် ဝစ်ဂန်နဲ့ ကစား ခဲ့တဲ့ ပွဲကတော့ သူ့အတွက် မန်ယူပထမ အသင်းနဲ့ ပွဲဦးထွက် ပွဲဖြစ်ပြီး အမှတ်ပေး လိဂ် ပွဲအဖြစ်တော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက် Crystal Palace ကို ၂ ဂိုး ဂိုး မရှိနဲ့ နိုင်တဲ့ ပွဲမှာ စခဲ့တာ ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ကလည်း လွန်ခဲ့တဲ့ နှစ် ၅၀ က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ဘောလုံးသမား George Best ပွဲဦးထွက် ကစားခဲ့တဲ့ နေ့လည်း ဖြစ်ပါတယ်။

သူဟာ မန်ယူနဲ့ စာချုပ်က နောက်နှစ် နွေရာသီမှာ ကုန်မှာ ဖြစ်လို့ မန်ယူကလည်းစာချုပ် သက်တမ်း တိုးချင်နေသလို မန်စီးတီး၊ ယူဗဲန်တပ်စ် စတဲ့ ဥရောပ အသင်းကြီးတွေကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြပါတယ်။

လက်ရွေးစင် အဖြစ်နဲ့ကတော့ သူဟာ ဘယ်လ်ဂျီယံ ၊ အလ်ဘေးနီးယားနဲ့ တူရကီ အသင်းတွေထဲက ကြိုက်တဲ့ အသင်းမှာ ဝင် ကစားလို့ ရနေတယ်လို့သိရပါတယ်။

သူနဲ့ ဖေဖော်ဝါရီ ၅ ရက် မွေးနေ့ တူတဲ့ ကစား သမားတွေ အထဲမှာ နာမည်ကျော် တွေဖြစ်ကြတဲ့ Real Madrid အသင်းက Cristiano Ronaldo၊ Barcelona အသင်းက Brazilian တိုက်စစ်မှူး Neymar၊ အရင်Barcelona က တိုက်စစ်သမားကြီး Gheorghe Hagi နဲ့ မန်ယူ နဲ့ မန်စီးတီး တို့မှာ ကစား ခဲ့တဲ့ Carlos Tevez တို့ အပြင် အရင်က အီတလီ အသင်းရဲ့ နာမည်ကျော် Cesare Maldini တို့ ပါဝင် ကြပါတယ်။

အခုတပတ် အားကစား သတင်းတွေထဲမှာ သူပါဝင် ခြေစွမ်း ပြခဲ့တဲ့ ဆန်းဒါးလန်းနဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲ သုံးသပ် ချက်တွေကို တင်ဆက် ပေးသွားမယ့် အပြင် လာမယ့် ကမ္ဘာ့ ဖလား ဥရောပ ဇုန် ခြေစစ်ပွဲတွေထဲက အင်္ဂလန် နဲ့ မွန်တီနီဂရိုး ပွဲကြို သုံးသပ်ချက် တွေကိုပါ ကိုဇေယျာက အားကစား ကလောင်ရှင်ကြီးတွေကို ဆက်သွယ် မေးမြန်းပြီး တင်ဆက် ပေးထားပါတယ်။