ကျွန်းဆွယ်၊ ဆီးဂိမ်းစ်နှင့် ဘောလုံး

  • 11 နိုဝင်ဘာ 2013

''မျှော်လင့်တုန်း ကြော့ဆုံးလာပါပြီ'' ဆိုသလိုပဲ (၂၀၁၃)နေပြည်တော် အရှေ့တောင်အာရှ အားကစားပွဲမှာ ထည့်သွင်းကျင်းပရန် လျာထားသည့် အားကစားနည်း (၃၃)မျိုး အနက် ဘောလုံးအားကစားနည်းသည် ပထမဆုံးကျင်းပမည့် အားကစားနည်းအဖြစ် စတင်ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

နိုဝင်ဘာလ(၆)ရက်တွင် နေပြည်တော်၌ ပါဝင်ယှဉ်ပြိုင်ကြမည့် အသင်းများ အုပ်စုခွဲခြင်း၊ ကစားမည့်ရက် သတ်မှတ် အတည်ပြုခြင်းများ ပြုလုပ်ခဲ့သည်။ နေပြည်တော်တွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပွဲ ဘောလုံးပွဲတွင် ယခင်က ပါဝင်ယှဉ်ပြိုင်မည်ဟု ထင်မှတ်ထားသည့် ဖိလစ်ပိုင် နိုင်ငံက ယခုအခါတွင်တော့ ဘောလုံးပြိုင်ပွဲ အားလုံးမှ နုတ်ထွက်သွားသည်ဟု သိရသည်။

မြန်မာနိုင်ငံ အရှေ့တောင်အာရှ အားကစား ပွဲတော် ကျင်းပရေး ကော်မတီက အမျိုးသား ယူ(၂၃)ဘောလုံးပြိုင်ပွဲတွင် အာဆီယံ နိုင်ငံစုံ(၁၁)နိုင်ငံ စလုံးပါဝင် ယှဉ်ပြိုင်မည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံဘက်မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦး ကမူ ကျွန်တော်တို့ ဘောလုံးမှာ မပြိုင်ပါဘူးလို့ ကြိုတင်ပြောထားတာပါဟု ဖြေရှင်းသည်။ ဖိလစ်ပိုင်နိုင်ငံ မပြိုင်တော့သဖြင့် ပါဝင်ယှဉ်ပြိုင်မည့် ကျန်(၁၀)နိုင်ငံကို အုပ်စု(၂)စု ဖွဲ့သည်။

အုပ်စု(က)တွင် လက်ရှိချန်ပီယံ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအိုနှင့် ဘရူနိုင်း နိုင်ငံ လက်ရွေးစဉ် ဘောလုံးအသင်းများ ပါ၀င်သည်။ မြန်မာယူ(၂၃)လက်ရွေးစင် ဘောလုံးအသင်း ပါဝင်သည့် အုပ်စု(ခ)တွင် (၂၀၁၁)ဆီးဂိမ်းစ်တွင် အိမ်ရှင်ဖြစ်ပြီး ဒုတိယရသည့် အင်ဒိုနီးရှား၊ အုပ်စုမှာပင် ရှုံးနိမ့်ခဲ့ကြသည့် ထိုင်း၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမော နိုင်ငံ လက်ရွေးစင် ဘောလုံးအသင်းတို့ ပါဝင်ကြသည်။ ပွဲစဉ်များကို ရန်ကုန် သုဝဏ္ဏ အားကစားပြိုင်ဝင်းတွင် ဒီဇင်ဘာလ(၅)ရက်ကျမှ စတင်မည်ဟု သိရသည်။

ပွဲကြီးပွဲကောင်းများ

ဘောလုံးပွဲများမှာ ပွဲကြီးပွဲကောင်းများ ဖြစ်ဖွယ်ရှိသည်။ မြန်မာ၊ ထိုင်းနှင့် အင်ဒိုနီးရှားအသင်းတို့မှာ အကြိုဗိုလ်လုပွဲ ရောက်ရှိနိုင်ရေး အတွက် ပြိုင်ဆိုင်ကြရမည့် အဓိက သုံးသင်း ဖြစ်သည်။ သုံးသင်းအနက် တစ်သင်းမှာ အုပ်စုမှ လှည့်ပြန်ရမည့် အသင်းဖြစ်သော်လည်း ကျန်သုံးသင်းကို အဟန့်အတား ဖြစ်စေနိုင်သည်။ ငါးသင်းပတ်လည် ကစားရမည်ဖြစ်ရာ အသင်းတစ်သင်းလျှင် (၄)ပွဲကစားကြရမည် ဖြစ်သည်။ ပွဲစဉ်တိုင်းသည် အသင်းများအတွက် အရေးကြီးသည်။ ခြေချော်၍မရ၊ လက်ချော်၍မရပါ။ စိတ် ကူးဆုံးဖြတ်ချက် ချော်၍ မရပါ။ စာရွက်များပေါ်မှ ရလဒ်များ အရမူ အုပ်စု(က)တွင်လည်း မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ် သုံးသင်းအနက် လာအို ဒုက္ခပေးသည်ကို ခံရသည့် အသင်း အကြို ဗိုလ်လုပွဲနှင့် လွဲနိုင်သည်။

ဘောလုံးနှင့် ဆီးဂိမ်းစ် အရှေ့တောင်အာရှ အားကစားပွဲ ဘောလုံးပြိုင်ပွဲကို မှတ်တမ်းတင်လျှင် အပိုင်း သုံးပိုင်းခွဲပြီး မှတ်တမ်းတင်သင့်သည်။ ပထမပိုင်းမှာ (၁၉၅၉)ခုနှစ်မှ စတင်ပြီး (၁၉၇၅)ခုနှစ်တွင် စခန်းသိမ်းသည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ဖြစ်သည်။ ဒုတိယပိုင်းမှာ (၁၉၇၇)မှ (၁၉၉၉)ခုနှစ် အပိုင်း ဖြစ်သည်။ (၁၉၅၉)ခုနှစ်၊ (၁၉၇၅)ကျွန်းဆွယ်အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲများတွင် အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံများ ဖြစ်ကြသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ တောင်ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သာ ပါ၀င်ယှဉ်ပြိုင်ကြသည်။ (၁၉၅၉)ခုနှစ်မှ(၁၉၇၅)ခုနှစ်များအတွင်း ကျင်းပခဲ့သည့် ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ဘောလုံးပွဲများတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းက အအောင်မြင်ဆုံး ဖြစ်သည်။ မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် စတုတ္ထ တစ်ကြိမ်၊ တတိယ တစ်ကြိမ်၊ ဒုတိယ တစ်ကြိမ်၊ ပူးတွဲပထမ(ထိုင်းနှင့်)တစ်ကြိမ် လွတ်လွတ်ကျွတ်ကျွတ် ပထမ(၅)ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။ ကျွန်းဆွယ်ခေတ် မြန်မာဘောလုံး အသင်း၏ အောင်မြင်မှုမျိုးကို မည်သည့်ကျွန်းဆွယ်နိုင်ငံများမှ ရရှိခြင်း မရှိခဲ့ပါ။

ဒုတိယပိုင်း အရှေ့တောင်အာရှ အားကစားပွဲ ဘောလုံးပြိုင်ပွဲ၏ဒုတိယပိုင်းမှာ (၁၉၇၇)ခုနှစ်မှ (၁၉၉၉)ခုနှစ်အထိဖြစ်သည်။ ထိုနှစ်များအတွင်း မြန်မာလက်ရွေးစင် အသင်းကြီးမှာ တစ်ကြိမ်တစ်ခါမှ အောင်မြင်မှု မရခဲ့ပါ။ အမြင့်ဆုံးမှာ ငွေတံဆိပ်ဆု ရခြင်းသာ ဖြစ်သည်။ ၁၉၇၇ ခုနှစ် ဆီးဂိမ်းစ် စတင်ရာတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းနိုင်ငံတို့က မူလ ကျွန်းဆွယ်နိုင်ငံများ ဖြစ်သည့် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ နေရာတွင် အစားထိုး ဝင်လာခဲ့သည်။ ပထမဆုံးအကြိမ် ကျင်းပသည့် ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် အကြိုဗိုလ်လုပွဲ ရောက်သော်လည်း အိမ်ရှင် မလေးရှားအသင်းကို ၉ ဂိုး ၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။ ၁၉၇၇ မှ ၁၉၉၉ ခုနှစ်များ အတွင်း ကျင်းပခဲ့သည့် ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲများတွင် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်း ဘောလုံးအသင်းများသာ ပထမ ရခဲ့ကြသည်။ ယင်းသုံးနိုင်ငံအနက် ထိုင်း ဘောလုံးအသင်းမှာ အအောင်မြင်ဆုံး ဖြစ်သည်။ ပထမဆက်တိုက် (၃)ကြိမ် (၈၁၊ ၈၃၊ ၈၅)၊ (၄)ကြိမ်ဆက် တိုက် (၄)ကြိမ် (၉၃၊ ၉၅၊ ၉၇၊ ၉၉) ရွှေတံဆိပ်ရသည်။ ယင်းဒုတိယပိုင်းတွင် မလေးရှား(၃)ကြိမ် (၇၇၊ ၇၉၊ ၈၉)နှင့် အင်ဒိုနီးရှား (၂)ကြိမ် (၈၇၊ ၉၁)သာရရှိခဲ့သည်။ သို့သော် ကျွန်းဆွယ်ပြိုင်ပွဲခေတ်က မြန်မာအသင်း တင်ထားခဲ့သည့် ဆုတံဆိပ် ငါးကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့သည့် စံချိန်ကိုမူ မည်သည့် နိုင်ငံကမှ ချိုးနိုင်ခြင်း မရှိတော့ပါ။

တတိယပိုင်း မလေးရှားနိုင်ငံ၌ (၂၀ဝ၁)ခုနှစ်တွင် ကျင်းပသည့် ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲဝင် အသင်းများ၏အသက်ကို အသက်(၂၃)နှစ်အောက် (ယူ-၂၃)ဟူ၍ ကန့်သတ်လိုက်သည်။ ယူ(၂၃)ဆိုသော ဘောလုံးသမားများဖြင့် ဖွဲ့စည်းထားသော အသင်းများ ပြိုင်ပွဲတွင် မြန်မာယူ(၂၃)ဘောလုံးအသင်းများ အောင်မြင်ခြင်း မရှိသေးပါ။ ငွေတံဆိပ်နှင့် ကြေးတံဆိပ် ဆွတ်ခူးနိုင်ခြင်း မရှိသေးပါ။

မျှော်တလင့်လင့် လာမည့် ဒီဇင်ဘာလ(၂)၇က်နေ့တွင် ဇေယျာသီရိ အားကစားပြိုင်ဝင်းနှင့် ဒီဇင်ဘာလ(၅)ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားပြိုင်ဝင်းတွင် စတင် ကျင်းပမည့် ဘောလုံးပြိုင်ပွဲများကို မြန်မာဘောလုံး ဝါသနာရှင်များကတော့ စောင့်မျှော်နေကြပါပြီ။

ဒီသတင်းနဲ့ပတ်သက်သမျှ