မြန်မာဘောလုံး ရွှေလား ဇီးရိုးလား

  • 12 ဒီဇင်ဘာ 2013

နေပြည်တော်ကို ဗဟိုပြု၍ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့တွင် အားကစား ပြိုင်ပွဲများ ကျင်းပမည် ဖြစ်သည်။ ငွေဆောင်နှင့် မန္တလေး တို့တွင် ရွက်လှေနှင့် အမျိုးသမီး ဘောလုံးပွဲများသာ ကျင်းပမည် ဖြစ်သည်။ ရန်ကုန်တွင်လည်း အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)နှင့် အခြား အားကစားနည်း သုံးလေးမျိုးသာ ကျင်းပမည် ဖြစ်သည်။

အားကစားနည်း(၂၀) ကျော်မှာ နေပြည်တော်တွင် ကျင်းပမည် ဖြစ်သည်။ ရန်ကုန်တွင် ကျင်းပမည့် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်များကို ဒီဇင်ဘာလ(၇)ရက်နေ့မှ စကာ ဒီဇင်ဘာလ (၁၆)ရက်အထိ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

အုပ်စု (ခ)တွင် မြန်မာနှင့် အတူ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ တီမောနှင့် ထိုင်းအသင်းတို့ ပါဝင်သည်။ မြန်မာယူ(၂၃)လက်ရွေးစင်ဘောလုံးအသင်းသည် ဒီဇင်ဘာ (၇)ရက်နေ့၌ ညပွဲအဖြစ် ကမ္ဘောဒီးယားအသင်းနှင့်လည်းကောင်း၊ ဒီဇင်ဘာ(၉)ရက်၌ တီမောအသင်း၊ ဒီဇင်ဘာ(၁၄) ရက်၌ အင်ဒိုနီးရှား အသင်းဖြင့် လည်းကောင်း ညနေ(၆:၄၅) မိနစ်တွင် ကစားရမည်ဖြစ်သည်။ ဒီဇင်ဘာလ(၁၆)ရက်တွင်မူ ညနေ(၄:၀၀)နာရီတွင် အင်ဒိုနီးရှားအသင်းဖြင့် အုပ်စု နောက်ဆုံးပွဲစဉ်ကစားရမည် ဖြစ်သည်။ နေပြည်တော် အုပ်စု(က)တွင် ပါ၀င်သည့် မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအိုနှင့် ဘရူနိုင်း အသင်းတို့သည် ဒီဇင်ဘာ(၈)ရက်မှ (၁၈)ရက်အထိ နေပြည်တော် ဇေယျာသီရိ အားကစား ပြိုင်ကွင်းတွင် ကစားရမည် ဖြစ်သည်။

အကြိုဗိုလ်လုပွဲ

အုပ်စု တစ်ခုစီမှ ပထမနှင့် ဒုတိယ ရသည့် အသင်းများသည် အကြို ဗိုလ်လုပွဲအဖြစ် ဇေယျသီရိ အားကစားပြိုင်ကွင်းမှာ ကစားကြရမည် ဖြစ်သည်။ ဒီဇင်ဘာ(၉)ရက်နေ့တွင် လေးသင်းစလုံး တစ်ပြိုင်တည်း ကစားကြရမည်။ ပထမပွဲအဖြစ် ညနေ(၄:၀၀)နာရီတွင် အုပ်စု(က)ပထမနှင့် အုပ်စု(ခ) ဒုတိယ ရသည့် အသင်းတို့ ကစားရမည်။ အုပ်စု(က) ဒုတိယနှင့် အုပ်စု(ခ) ပထမတို့က ည(၇:၃၀)တွင် ကစားကြရမည် ဖြစ်သည်။

ဗိုလ်လုပွဲ

အကြိုဗိုလ်လုပွဲတွင် နိုင်သည့် နှစ်သင်းက ဗိုလ်လုပွဲ အဖြစ် ဇေယျာသီရိကွင်းမှာပင် ဒီဇင်ဘာလ(၂၁)ရက် ည(၇:၃၀)တွင် ကစားရမည် ဖြစ်သည်။ တတိယ နေရာလုပွဲကို ယင်းနေ့ ယင်းကွင်းမှာပင် ညနေ(၄:၀၀)နာရီတွင် ကစားရမည် ဖြစ်သည်။

အမျိုးသမီး

အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို ဒီဇင်ဘာလ(၁၀)ရက်နေ့မှ စကာ မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားပြိုင်ဝင်းတွင် စတင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအပါအဝင် နိုင်ငံပေါင်း(၈)နိုင်ငံမှ အမျိုးသမီးဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင်ကြရန် စာရင်းပေးထားသည်။ ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးရာဇဝင်တွင် ပြိုင်ပွဲအများဆုံးဖြစ်သည်။

နှစ်အုပ်စု

ပြိုင်ပွဲဝင် အသင်း(၈)သင်းကို လေးသင်းတစ်အုပ်စု ဖြင့် (၂)အုပ်စု ဖွဲ့ထားသည်။ မြန်မာအမျိုးသမီးအသင်းမှာ အုပ်စု(က)တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နှင့် အုပ်စု အမှတ်ပေးပွဲများ ကစားရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းက ဒီဇင်ဘာလ(၁၀)ရက် နေ့တွင် ဖိလစ်ပိုင်(၆:၄၅ နာရီ)၊ (၁၃)ရက်တွင် အင်ဒိုနီးရှား (၆:၄၅ နာရီ)၊ (၁၅)ရက်တွင် ဗီယက်နမ်နှင့် (၆:၄၅)နာရီတွင် ကစားရမည်ဖြစ်သည်။

အကြိုဗိုလ်လုပွဲ

ဒီဇင်ဘာလ(၁၈)ရက်တွင် အကြိုဗိုလ်လုပွဲများအဖြစ် ညနေ(၄:၀၀)နာရီတွင် အုပ်စု(က)ပထမနှင့် အုပ်စု(ခ)ဒုတိယ၊ ည(၇:၃၀)နာရီတွင် အုပ်စု(ခ)ပထမနှင့် အုပ်စု(က)ဒုတိယ အသင်းတို့ ကစားရမည်ဖြစ်သည်။

တတိယ

အကြိုဗိုလ်လုပွဲတွင် ရှုံးနိမ့်သည့် နှစ်သင်းက တတိယ ကြေးတံဆိပ်လုပွဲအဖြစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ ညနေ(၄:၀၀)နာရီတွင် ကစားရမည်ဖြစ်သည်။

ဗိုလ်လုပွဲ

အကြိုဗိုလ်လုပွဲတွင် အနိုင်ရရှိသည့် အသင်း နှစ်သင်းက ဗိုလ်လုပွဲအဖြစ် ဒီဇင်ဘာလ(၁၈)ရက် ညနေ(၇:၃၀)နာရီတွင် ကစားရမည်ဖြစ်သည်။

ထူးခြားချက်

အမျိုးသမီးဘောလုံးပွဲတွင် ထူးခြားချက်များ တွေ့ရသည်။ (၂၀၁၁)အင်ဒိုနီးရှားဆီးဂိမ်းစ်တွင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ထည့်သွင်းခြင်းမရှိခဲ့သော အင်ဒိုနီးရှားနိုင်ငံက နေပြည်တော် ဆီးဂိမ်းစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လာခြင်း၊ ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဝင်မပြိုင်သော ဖိလစ်ပိုင်နိုင်ငံက အမျိုးသမီးဘောလုံးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် တီမောနိုင်ငံက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းပင် ဖြစ်သည်။

မြန်မာနှင့် ဆီးဂိမ်းဘောလုံး

ကျွန်းဆွယ်ပြိုင်ပွဲတွင် (၅)ကြိမ်ဆက်တိုက် ရွှေတံဆိပ် ဆွတ်ခူးခဲ့သော မြန်မာဘောလုံးအသင်းမှာ (၁၉၇၇)ခုနှစ်မှ စတင်ခဲ့သည့် ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲမှသည် (၂၀၁၁)ဂျာကာတာ ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲ အထိ တစ်ကြိမ်မှ ရွှေတံဆိပ် မဆွတ်ခူးနိုင်ခဲ့ပါ။ သိုဖြစ်၍ မြန်မာနိုင်ငံအတွက်(၂၀၁၃)ခုနှစ် ဆီးဂိမ်းစ်တွင် မြန်မာယူ(၂၃)ဘောလုံးအသင်း အောင်မြင်ရေး၊ ရွှေတံဆိပ်ရ ရှိရေးမှာ အသက်တမျှ အရေးကြီးလှပါသည်။ အစစအရာရာ ပံ့ပိုးကူညီမှုနှင့် ကြိုတင်ပြင်ဆင်မှုတို့မှာ မည်သည့်ခေတ်၊ မည်သည့်အချိန်များနှင့် မတူအောင် အထူးပင် ကောင်းမွန် များပြားလျက် ရှိပါသည်။ (၂၀၁၁)ဂျာကာတာ ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲတွင် တတိယနေရာလုပွဲ၌ ဗီယက်နမ်အသင်းကို (၄-၁)ဂိုးဖြင့်နိုင်သည့်ခြေစွမ်းကို ကိုယ်တွေ့ မျက်မြင်ကြည့်ခဲ့ရပြီးနောက် (၂၀၁၃)မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းစ်တွင် မကြားရသည်မှာ ကြာပြီဖြစ်သော 'မြန်မာနိုင်ပြီ' သီချင်းကို ကြားရတော့အံ့ဟု ယုံကြည်ခဲ့မိပါသည်။ သို့ရာတွင် ဆီးဂိမ်းမှအပြန်တွင်မူ မြန်မာယူ(၂၃)အ သင်းအပေါ် ယုံကြည်အားထားမှုများ (၂၀၁၁)တုန်းကလောက် မရှိတော့သည်ကတော့ အမှန်ပင်ဖြစ်ပါသည်။

နေပြည်တော် ဆီးဂိမ်းစ်အပြီး ကိုရီးယားလူမျိုး ဘောလုံးနည်းပြဆရာ ပတ်ဆောင်ဟွာ၏ လက်ထက်တွင် ကစားခဲ့သမျှ ပွဲတိုင်းတွင် မြန်မာယူ(၂၃)လက်ရွေးစင်အသင်း ကစားခဲ့သမျှ ပွဲတိုင်းမှာ အရှုံးရလဒ်က များနေပါသည်။ ဆီးဂိမ်းစ်မတိုင်မီ နှစ်လအတွင်း ပြည်တွင်းပြည်ပ ခြေစမ်းပွဲများကလည်း များလွန်းအားကြီးနေသည်။ ဘောလုံးပွဲစတင်ရန် (၁၅)ရက်ကျော်ကျော်အချိန်အတွင်း ခြေစမ်းပွဲ(၃)ပွဲထပ်ကစားမည်ဆိုသည့်သတင်းကတော့ အံ့ဩစရာကောင်းလှသည်။ ပြီးတော့ နည်းပြဆရာကလည်း ပွဲကစားဖို့နီးနေသည့် အချိန်အထိ မြန်မာဘောလုံးသမားများ ကြံ့ခိုင်မှု မပြည့်သေးဟူသည့် ဓာတ်ပြားဟောင်းကြီး ဖွင့်နေဆဲပင်ဖြစ်သည်။ မြန်မာဘောလုံးသမားများအတွက် ကြံ့ခိုင်ရေး နည်းပြဆရာတစ်ဦးကို ပွဲနီးမှ ငှားထားပေးရသည်။ ပတ်ဆောင်ဟွာ စိတ်ကြိုက် ကိုရီးယားလူမျိုး ကြံ့ခိုင်ရေး နည်းပြဆရာတစ်ဦးအပြင် ဂိုးနည်းပြဆရာပါ ထပ်မံ ငှားရမ်း အားဖြည့်ပေးထားသည်။ ကိုရီးယားလူမျိုး ဘောလုံးနည်းပြဆရာ ပတ်ဆောင်ဟွာ၏လက်သုံးစကားမှာ မြန်မာ့ဘောလုံးသမားများ ကြံ့ခိုင်ရေး အားနည်းသည်ဟူ၍ပင် ဖြစ်သည်။ ပတ်ဆောင်ဟွာက နောက်ထပ် အယ်လ်ဘမ်တစ်ချပ် အသစ် ထုတ်ပြန်သည်။ တော်တော်တော့ ကြောက်စရာကောင်းသည်။ အယ်လ်ဘမ်အသစ်၏ခေါင်းစီးကတော့ 'အုပ်စုအဆင့်ဆိုတာ အသေးအဖွဲကိစ္စ' ဟူသတည်း ။ သူ့စကားအရ အုပ်စုမှာ တွေ့တဲ့အသင်းတွေဖြစ်တဲ့ အင်ဒိုနီးရှားတို့၊ ထိုင်းအသင်းတို့ကို အလေးအနက် မထားသည့်သဘော သက်ရောက်နေသည်။ မြန်မာ့လက်ရွေးစင် ယူ (၂၃) အသင်းသည် အုပ်စုတွင်း၌ လေးပွဲ စတင် ကစားရမည်ဖြစ်သည်။ အုပ်စုမှ ကျွတ်လျှင် အကြိုဗိုလ်လုပွဲတစ်ပွဲ ကစားရမည်ဖြစ်သည်။ အကြိုဗိုလ်လုပွဲနိုင်မှ ဗိုလ်လုပွဲ ကစားရမည်ဖြစ်သည်။ သို့ဖြစ်၍ အုပ်စုပွဲများတွင် မရှုံးရပါ၊ သရေပင်ကျ၍ မရပါ၊ အထူးသဖြင့် ပွဲဦးထွက်တွေ့မည့် ကမ္ဘောဒီးယားနှင့်ပွဲမှာ အထူးအရေးကြီးသည်။ ရှုံး၍မရပါ၊ သရေကျ၍ မရပါ၊ အနိုင်ကစားရပါမည်။ ကမ္ဘောဒီးယားအသင်းနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ (၂၀၁၁)ခုနှစ်နောက်ပိုင်းတွင် မကြုံဖူးပါ။ ယခင်ကတော့ ကမ္ဘောဒီးယားအသင်းကို နိုင်ဖူးသည်၊ သရေကျဖူးသည်၊ ရှုံးဖူးသည်။ အရေးမထားဘဲ ပေါ့ပေါ့ဆဆ ကစားလျှင်တော့ ခက်ခက်ခဲခဲကစားရနိုင်သည်။ ခမာနိုင်ငံခေတ်တုန်းကတော့ ခမာအသင်း ခြေစွမ်းထက်သည်ကို ပတ်ဆောင်ဟွာ သိမည်မထင်ပါ။ လှေဦးလည်လျှင် ပြန်တည့်မတ်ဖို့ ခက်ပါသည်။ မြန်မာလက်ရွေးစင် ဘောလုံးအသင်း ဆီးဂိမ်းစ်တွင် ရွှေတံဆိပ်ရယူချင်သပ ဆိုရင် ပွဲတိုင်းပွဲတိုင်းကို ဗိုလ်လုပွဲသဖွယ် သဘောထား ကစားရပါမည် အုပ်စု ပထမနှင့် ဒုတိယ ရမှသာ အကြိုဗိုလ်လုပွဲ တက်နိုင်သည်ကိုတော့ ကိုရီးယား နည်းပြဆရာကြီး သိဖို့ကောင်းသည်။ အုပ်စုပွဲများမှာ အသေးအဖွဲပါ ဆိုသည့် စိတ်ဓာတ်မျိုး နည်းပြဆရာမှာ မရှိသင့်ပါ။ အုပ်စုပွဲများမှာ အသေးအဖွဲလား၊ အခက်အခဲလား ဆိုသည်ကို သိကြဖို့ မဝေးတော့ပါ။ မြန်မာပြည်သူ တစ်ရပ်လုံးက စောင့်ကြည့်ကြမှာ သေချာပါသည်။