၂၀၁၄ ကမ္ဘာ့ဖလား အုပ်စု C အနေအထား

  • 3 ဇွန် 2014
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဓာတ်ပုံ မူပိုင် b
Image caption အုပ်စု C မှာ ကိုလံဘီယာ၊ အိုင်ဗရီကို့စ်၊ ဂရိစ်နဲ့ ဂျပန် တို့ ပါဝင်

ဇွန်လ ၁၂ ရက်နေ့မှာ စတင် ကစားမယ့် ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသင်းပေါင်း ၃၂ သင်း ပါဝင် ယှဉ်ပြိုင်မှာဖြစ်ပြီး ၄ သင်းကို တစ်အုပ်စုစီနဲ့ ၈ အုပ်စု ခွဲထားရာမှာ အုပ်စု C မှာ တိုက်တိုက်ဆိုင်ဆိုင် တိုက်ကြီး ၄ ခုက တစ်သင်းစီ ဖြစ်တဲ့ ကိုလံဘီယာ၊ အိုင်ဗရီကို့စ်၊ ဂရိစ်နဲ့ ဂျပန် တို့ ပါဝင်ပါတယ်။

ကိုလံဘီယာ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ္ဘာ့အဆင့် ၅ သတ်မှတ်ခံထားရတဲ့ ကိုလံဘီယာ အသင်း

ကိုလံဘီယာ အသင်းဟာ လက်ရှိ ကမ္ဘာ့ အဆင့် ၅ သတ်မှတ်ခံထားရပါတယ်။။ မန်နေဂျာ ပက်ကာမန်း ဟာ အသင်းကို ၄-၄-၂၊ ၄-၂-၂-၂၊ ၄-၃-၃-၁ စသဖြင့် ပုံစံ မျိုးစုံ ပြောင်းပြီး ကစားတတ်အောင် လေ့ကျင့် ပေးထားပါတယ်။

အသင်းရဲ့ အဓိက ကစားသမားကို ကြည့်ရင်တော့ ရာဒါမဲလ် ဖာလ်ကာအိုပါ။ ဥရောပ တိုက်ကို ပြောင်းပြီး ကစားခဲ့တဲ့ အချိန်ကစလို့ ပွဲပေါင်း ၁၉၃ ပွဲမှာ ၁၅၁ ဂိုး သွင်းယူ နိုင်တာကို ကြည့်ရင် သူ့ရဲ့ အစွမ်းကို မှန်းလို့ ရနိုင်ပါတယ်။ ဒါပေမယ့် သူက နာနေလို့ ကမ္ဘာ့ဖလားမှာ ပါဝင် ကစားနိုင်တော့မှာ မဟုတ်လို့ ကိုလံဘီယာအတွက် အတော်လေး နစ်နာသွားပါတယ်။

ဒါပေမယ့် သူတို့အသင်းမှာ ဂျိမ်းစ် ရော့ဒရီးဂတ်စ်လို လူငယ် ခြေတက်တွေလည်း ရှိသလို တောင်အမေရိက တိုက်မှာ ကျင်းပမယ့် ပွဲဖြစ်နေတော့ သူတို့အသင်း ခြေစွမ်းပြနိုင်ဖို့ အလားအလာ ကောင်းပါတယ်။

ဂရိ

ဓာတ်ပုံ မူပိုင် AP
Image caption ဒီအုပ်စုရဲ့ ဖျက်မြင်း ဖြစ်လာနိုင်တဲ့ ဂရိအသင်း

အုပ်စု C ရဲ့ ဖျက်မြင်း တစ်သင်းကို ပြပါ ဆိုရင်တော့ ဂရိ အသင်းကို ပြရမှာပါ။

သူတို့ဟာ၂၀၀၄ က မထင်မှတ်ဘဲ အသင်းကြီးတွေကို အနိုင်ကစားပြီး ဥရောပ ချန်ပီယံ ဖြစ်ခဲ့ဖူးတော့ ဒီတစ်ကြိမ်လည်း ဒီလို လုပ်မပြနိုင်ဘူး မပြောနိုင်ပါဘူး။

နည်းပြကတော့ ဖာနန်ဒို ဆန်းတို့စ် ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အရင် နည်းပြ အော်တို ရေးဟာဂယ် ရဲ့ နှစ်ရှည်လများ ပုံစံသွင်းထားတဲ့ အသင်းရဲ့ ခံစစ်အသားပေး ကစားပုံကို ပြောင်းလို့ မရနိုင်သေးဘူးလို့ ဆိုပါတယ်။

စောင့်ကြည့်ရမယ့် ကစားသမားကတော့ အိုလံပီယာကော့စ် ရဲ့ တိုက်စစ်မှူး ကော့တပ်စ် မီထရို ဂလူ ဖြစ်ပါတယ်။ လက်ရှိ ဂရိ အသင်းရဲ့ ကမ္ဘာ့ အဆင့်ကတော့ ၁၀ မှာ ရှိနေပါတယ်။

အိုင်ဗရီကို့စ်

ဓာတ်ပုံ မူပိုင် AP
Image caption ဒရော့ဘာနဲ့ ယာယာတိုရေး တို့ရဲ့ အိုင်ဗရီကို့စ်အသင်း

အိုင်ဗရီကို့စ် အသင်းကတော့ နာမည်ကြီးတွေ ပါတဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့် သူတို့အသင်း ခြေစွမ်း ထက်ခဲ့တဲ့ အချိန်က ကစားသမားတွေဟာ အကျပိုင်းကို ရောက်သွားကြပါပြီ။

တိုက်စစ်မှူး ဒရော့ဘာ ဆိုရင် ဒီတစ်ကြိမ်ဟာ သူ့အတွက် နောက်ဆုံး ပြိုင်ပွဲကြီးတောင် ဖြစ်မယ့် သဘောပါ။

သူတို့အတွက် အဓိက ကစားသမားကို ပြပါဆိုရင်တော့ ပရီးမီးယားလိဂ် မန်ချက်စတာ စီးတီး အသင်း အလယ်တန်းက အဖျက်၊ အပို့၊ ဂိုးသွင်း စွယ်စုံရတဲ့ ယာယာ တိုရေပဲ ဖြစ်ပါတယ်။

နည်းပြကတော့ ဆာဘရီ လာမူချီ ဖြစ်ပါတယ်။

အိုင်ဗရီကို့စ်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ရှုံးပွဲမရှိ ကစားပြီး တက်လာ နိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး လက်ရှိ ကမ္ဘာ့အဆင့် ၂၁ ဖြစ်ပါတယ်။

ဂျပန်

ဓာတ်ပုံ မူပိုင် Reuters
Image caption အာရှ ချန်ပီယံ ဂျပန်အသင်း

ဂရိအသင်းလို အုပ်စု C မှာ ဖျက်မြင်း ဖြစ်လာနိုင်တဲ့ မထင်မှတ်ဘဲ ခြေစွမ်းပြနိုင်မယ့် အသင်းကတော့ အာရှ ချန်ပီယံ ဂျပန်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် တိုက်ကြီးများ ဖလားမှာ ၃ ပွဲ ရှုံးခဲ့ပေမယ့် နောက်ပိုင်း နယ်သာလန်ကို သရေ၊ ဘယ်လ်ဂျီယံကို အနိုင် ကစားပြထားလို့ သူတို့ ခြေတွေ့ပြီဆိုရင် တော်ရုံတန်ရုံ အနိုင်ကစားဖို့ မလွယ်တဲ့ အသင်းပါ။

ဂျပန်အသင်းဟာ လက်ရှိ ကမ္ဘာ့ အဆင့်မှာ ၄၇ ဖြစ်ပါတယ်။ နည်းပြ အဲလ်ဘတ်တို ဇက်ခါရိုနီ ဟာ အတွေ့အကြုံရင့် နည်းပြ တစ်ဦးဖြစ်ပြီး ဂျပန်အသင်းရဲ့ စိတ်ဓာတ်ကောင်းနဲ့ ကစားပုံထဲကို ဥရောပ စတိုင်တွေနဲ့ ပေါင်းစပ် ပေးထားပါတယ်။

ဂျပန်အတွက် အဓိက ကစားသမားတွေကတော့ ပလေးမိတ်ကာ ကာဇူကဲ ဟွန်ဒါနဲ့ ရှင်ဂျီ ၂ ယောက် ဖြစ်ကြတဲ့ ကာဂါဝါနဲ့ အိုကာဇာကီ တို့ ဖြစ်ကြပါတယ်။

ဒီတစ်ကြိမ် ကမ္ဘာ့ဖလားဟာ ၁၉၉၈ မှာ ပွဲဦးထွက်ခဲ့တဲ့ သူတို့အသင်းအတွက် ၅ ကြိမ်ဆက် ဖြစ်လို့ အတွေ့အကြုံလည်း ပြည့်ဝနေပြီလို့ ပြောနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ