၂၀၁၄ ကမ္ဘာ့ဖလား အုပ်စု D အနေအထား

  • 4 ဇွန် 2014
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဓာတ်ပုံ မူပိုင် b
Image caption အုပ်စု D မှာ အီတလီ၊ အင်္ဂလန်၊ ဥရုဂွေးနဲ့ ကော့စတာရီကာ တို့ ပါဝင်

အုပ်စု D မှာ ပါဝင်တဲ့ ၄ သင်းကတော့ အီတလီ၊ အင်္ဂလန်၊ ဥရုဂွေးနဲ့ ကော့စတာရီကာ တို့ပဲ ဖြစ်ပါတယ်။ အင်အား တောင့်တင်းတဲ့ အသင်း ၃ သင်း ပါနေလို့ အုပ်စု ကျပ်တယ်လို့ ဆိုနိုင်ပါတယ်။

ဥရုဂွေး

ဒီအုပ်စုမှာ အတောင့်တင်းဆုံးဖြစ်တဲ့ ဥရုဂွေး အသင်းက ကမ္ဘာ့အဆင့် ၆ ဖြစ်ပါတယ်။ နည်းပြက သြစကာ တာဘရဇ် ဖြစ်ပြီး ကစားပုံ ၄-၄-၂ ကို အခြေခံပါတယ်။

တိုက်စစ်မှူး ကာဗာနီက တိုက်စစ်ကို ဦးဆောင်ပြီး ဆွာရဇ်က နောက်ချန် တိုက်စစ်မှူး ဖြစ်ပါတယ်။ သူတို့ ၂ ယောက်စလုံးက စောင့်ကြည့်ရမယ့် ကစားသမားတွေပါ။

နောက် လူငယ်ထဲက စောင့်ကြည့်သင့်တဲ့ ကစားသမားကတော့ အလယ်တန်းလူ နစ်ကိုးလပ်စ် လိုဒီယဲလို ဖြစ်ပါတယ်။

အားနည်းချက် ဆိုလို့ အသက်ကြီးလာလို့ အရင်ကလောက် မလုံခြုံတော့တဲ့ နောက်တန်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဥရုဂွေးဟာ ကမ္ဘာ့ဖလားကို ၁၉၃၀ မှာ ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်ခဲ့ပြီး နှစ် ၂၀ အကြာမှာ ဒုတိယ အကြိမ် ထပ်မံ ရရှိခဲ့ဖူးတဲ့ အသင်းဖြစ်သလို၊ ဒီကမ္ဘာ့ဖလားက တောင်အမေရိက တိုက်မှာ ကျင်းပမယ့် ပွဲ ဖြစ်တာကြောင့် သူတို့ကို လျှော့တွက်လို့ မရတာ သေချာပါတယ်။

အီတလီ

ကမ္ဘာ့ဖလား ၄ ကြိမ်ရဖူးတဲ့ အီတလီကတော့ လောလောဆယ် ကမ္ဘာ့အဆင့် ၉ သတ်မှတ်ခံထားရပါတယ်။ နည်းပြ စီဆဲရီ ပရမ် ဒဲလီ ဟာ နည်းဗျူဟာပိုင်းမှာ အင်မတန် ပါးနပ်တဲ့ နည်းပြလို့ ဆိုကြပါတယ်။

သူတို့ အသင်းမှာ စောင့်ကြည့်ရမယ့် လူကတော့ တိုက်စစ်မှူး ဘာလိုတဲလီ ဖြစ်ပါတယ်။ သူ ဂိုးသွင်းတဲ့ ပွဲတိုင်းမှာ အီတလီဟာ အရှုံးနဲ့ မတွေ့ရသေးပါဘူး။

အလယ်တန်း နဲ့ နောက်တန်းကလည်း အင်အား တောင့်တင်းပါတယ်။

အီတလီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မှတ်တမ်းမှာ ဥရောပ အသင်းတွေထဲမှာ အအောင်မြင်ဆုံး အသင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ ပြိုင်ပွဲ ၁၉ ကြိမ်မှာ ဆီမီးဖိုင်နယ်ကို ၈ ကြိမ် တက်ခဲ့ပါတယ်။ ၄ ကြိမ် ချန်ပီယံ ဖြစ်ပြီး ဒုတိယ ၂ ကြိမ် ရထားတဲ့ အသင်းပါ။

ဒါပေမယ့် ၂၀၁၀ ပြိုင်ပွဲတုန်းကတော့ နိုင်ပွဲမရဘဲ အိမ်ပြန်သွားခဲ့ရပါတယ်။

အင်္ဂလန်

အုပ်စု D ထဲမှာ ပါတဲ့ နောက်ထပ် အားကောင်းတဲ့ အသင်းကတော့ အင်္ဂလန်ပဲ ဖြစ်ပါတယ်။

ခြေစစ်ပွဲတွေမှာ ရှုံးပွဲ မရှိ ကစားပြီး တက်ခဲ့ပေမယ့် သူတို့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ အသင်းတွေက သိပ်မတောင့်တင်းတဲ့ အသင်းတွေများပါတယ်။

ဒါကြောင့်လည်း ဒီတစ်ကြိမ် အင်္ဂလန်ကို သိပ်ပြီး မမှန်းထားကြပါဘူး။ လက်ရှိ ကမ္ဘာ့အဆင့်မှာတော့ အင်္ဂလန်ဟာ နံပါတ် ၁၁ ဖြစ်ပါတယ်။

နည်းပြကတော့ အတွေ့အကြုံရင့်တဲ့ နည်းပြကြီး ရွိုင်း ဟော့ဂျ်ဆင် ဖြစ်ပါတယ်။ သူဟာ အရင်က ဆွဇ်ဇာလန်၊ ဖင်လန် နဲ့ ယူအေအီး အသင်းတွေကို နည်းပြ လုပ်ပေး ခဲ့ဖူးပါတယ်။ ဆွဇ်ဇာလန် အသင်းကို ၁၉၉၄ ကမ္ဘာ့ဖလားမှာ နောက်ဆုံး ၁၆ သင်း အဆင့်ထိ ရောက်အောင် ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။

အင်္ဂလန် အတွက် စောင့်ကြည့်ရမယ့် ကစားသမားကတော့ အများသိကြတဲ့ ဝိန်းရူနီပါ။ ခြေစစ်ပွဲ ၆ ပွဲမှာ ၇ ဂိုး သွင်း ထားနိုင်သူပါ။ ဒါပေမယ့် အရင် ကမ္ဘာ့ဖလား ပြိုင်ပွဲ ၂ ကြိမ်မှာတော့ ရူနီ ခြေစွမ်း သိပ်မပြ နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ် ဘယ်လောက် ခရီးရောက်မလဲ စောင့်ကြည့်ရမှာပါ။

အင်္ဂလန်ဟာ ၁၉၆၆ က ကမ္ဘာ့ဖလား ရခဲ့ပြီးတဲ့နောက် ၁၉၉၀ မှာ ဆီမီးဖိုင်နယ် တစ်ကြိမ်ပဲ ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ဂျာမနီကို ဂိုးပြတ် ရှုံးခဲ့ရတာကို ကြည့်ရင် အင်္ဂလန်ဟာ အသင်းကောင်းတွေနဲ့ တွေ့ရင် ပြာတတ်တယ် ဆိုတာ ပြနေပါတယ်။

နောက်ပြောစရာ ရှိတာက အင်္ဂလန် အသင်းဟာ ပင်နယ်တီ ကံမကောင်းတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ကော်စတာရီကာ

သူတို့ အုပ်စုထဲက နောက်တစ်သင်းကတော့ ကော်စတာရီကာပဲ ဖြစ်ပါတယ်။ အလယ်အမေရိက အသင်းဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ ရေမြေ အနေအထားက သူတို့ဘက် ပါတယ်လို့ ပြောနိုင်ပါတယ်။

ကမ္ဘာ့အဆင့် သတ်မှတ်ချက်ကတော့ ၃၄ ပါ။ နည်းပြက ကိုလံဘီယာက ဟိုဟေး လူဝီစ် ပင်တို ဖြစ်ပါတယ် ။ သူက အသင်းကို ကျစ်လစ်အောင် ဖွဲ့စည်း ပေးထားပါတယ်။ ခြေစစ်ပွဲ ၁၀ ပွဲမှာ ပွဲထွက် ၈ ယောက်လောက်ကို ပုံသေ ထားပြီး ကစား ခဲ့တာပါ။

စောင့်ကြည့်ရမယ့် သူကတော့ သူတို့အသင်းရဲ့ ဂိုးသမား ကီလာ နားဗတ်စ် ပဲ ဖြစ်ပါတယ်။ သူဟာ ခြေစစ်ပွဲ ၁၄ ပွဲမှာ ၇ ပွဲပဲ ဂိုးပေးခဲ့ရတာကြောင့် ကလပ်အသင်းကြီး တချို့က မျက်စိကျ နေကြပါတယ်။

၁၉၉၀၊ ၂၀၀၂ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ကစားခဲ့ပြီး ဖြစ်တာကြောင့် ကမ္ဘာ့ဖလား အတွေ့အကြုံ ရှိပြီးသား အသင်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ