၂၀၁၄ ကမ္ဘာ့ဖလား အုပ်စု E အနေအထား

  • 5 ဇွန် 2014
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဓာတ်ပုံ မူပိုင် b
Image caption အုပ်စု E မှာ ဆွဇ်ဇာလန်၊ အီကွေဒေါ၊ ပြင်သစ်နဲ့ ဟွန်ဒူရပ်စ် အသင်းတွေ ပါဝင်

ကမ္ဘာ့ဖလား ရဲ့ အုပ်စု E မှာ ဆွဇ်ဇာလန်၊ အီကွေဒေါ၊ ပြင်သစ်နဲ့ ဟွန်ဒူရပ်စ် အသင်းတွေ ပါဝင်ကြပါတယ်။

ဆွဇ်ဇာလန်

ဓာတ်ပုံ မူပိုင် Getty
Image caption ကမ္ဘာ့အဆင့် ၈ ဆွစ်ဇာလန်အသင်း

အဲဒီထဲက ဆွဇ်ဇာလန်ကို ကြည့်မယ်ဆိုရင် ကမ္ဘာ့အဆင့် ၈ ဖြစ်ပါတယ်။ နည်းပြကတော့ အတွေ့အကြုံများလှတဲ့ နည်းပြကြီး အော့တ်မာ ဟဇ်ဖဲလ်ဒ် ပါ။

ခံစစ်ကို အသားပေး ကစားတဲ့ အသင်းဖြစ်ပါတယ်။ နောက်တန်း ၄ ယောက်ကို ရှေ့က အလယ်လူ ၂ ယောက်ကပါ ရံပေးထားပါတယ်။

အဲဒီလို ခံစစ်အသားပေးလို့ ဝေဖန်မှုတွေ ရှိလာတဲ့အတွက် အခုတော့ အရင် ၄-၄-၂ ကို ဖန်တီးမှု ကောင်းတဲ့ ကစားသမားတွေနဲ့ တွဲပြီး ၄-၂-၃-၁ ပုံစံနဲ့ ကစားလာတာကို တွေ့ရပါတယ်။

စောင့်ကြည့်ရမယ့် ကစားသမား တွေကတော့ ဂရန်နစ် ရှာကာ၊ ဇာဒန် ရှာကီရီ နဲ့ လူငယ် ခြေတက် တိုက်စစ်မှူး ဟဲရစ္စ ဆဖာရိုဗစ်ချ် တို့ပဲ ဖြစ်ပါတယ်။

ပြင်သစ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ္ဘာ့အဆင့် ၁၆ ပြင်သစ် အသင်း

ပြင်သစ်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ၄ ခုကို ကြည့်ရင် ၂ ကြိမ်မှာ ဗိုလ်လုပွဲအထိ တက်ပြီး ကျန် ၂ ကြိမ်မှာတော့ တစ်ပွဲမှ မနိုင်ဘဲ ပြန်လာခဲ့ရပါတယ်။

ဒီတော့ ဒီတစ်ကြိမ် ပြင်သစ် ဘာဖြစ်နိုင်မလဲ စောင့်ကြည့်ရမှာပါ။

ပြင်သစ်ဟာ လက်ရှိ ကမ္ဘာ့ အဆင့် ၁၆ ပါ။ နည်းပြကတော့ ၁၉၉၈ က ပြင်သစ် အသင်း ကမ္ဘာ့ဖလား ဗိုလ်စွဲတုန်းက အသင်းခေါင်းဆောင် အဖြစ် ကစား ခဲ့တဲ့ ဒီဒီယေ ဒေးရှောင့်ပ် ဖြစ်ပါတယ်။

စောင့်ကြည့်ရမယ့် သူကတော့ ဂျူဗင်တပ်စ် အသင်းက အလယ်တန်းလူ ပေါလ် ပေါ့ဂ်ဘာ ဖြစ်ပါတယ်။ သူဟာ ဥရောပ မှာ အကောင်းဆုံး အလယ်တန်း သမားတွေထဲက တစ်ယောက်လို့တောင် ဆိုကြပါတယ်။

ပြင်သစ် အသင်းဟာ ပြိုင်ခဲ့သမျှ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ဥရောပ မြေပေါ်မှာ ကစားရင် ပိုပြီး ခြေစွမ်းပြနိုင်ပါတယ်။ ဥရောပ မြေမှာ မဟုတ်ရင်တော့ ရှုံးထွက် အဆင့်ကို တခါသာ ရောက်ခဲ့ဖူးပါတယ်။ အဲဒါကတော့ ၁၉၈၆ မက္ကဆီကို ကမ္ဘာ့ဖလားမှာ အကြိုဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အီကွေဒေါ

ဓာတ်ပုံ မူပိုင် Reuters
Image caption အီကွေဒေါအသင်း

အီကွေဒေါ အသင်းဟာ လက်ရှိ ကမ္ဘာ့အဆင့် ၂၈ ပါ။ နည်းပြကတော့ ကိုလံဘီယာ က ရိန်နယ်ဒို ရူဒါ ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဟွန်ဒူရပ်စ် အသင်းကို နည်းပြပေးခဲ့သူ ဖြစ်ပါတယ်။

အီကွေဒေါ အသင်းဟာ တိုက်စစ် အားကောင်းတဲ့ အသင်း ဖြစ်ပေမယ့် ကမ္ဘာ့အဆင့် နောက်ခံလူတွေ မရှိလို့ နောက်တန်း သိပ်မကောင်းဘူးလို့ ဆိုကြပါတယ်။

ခြေစစ်ပွဲတွေမှာ အဝေးကွင်း ကန်သမျှ တစ်ပွဲမှ နိုင်အောင် မကန်နိုင်ခဲ့ပါဘူး။

စောင့်ကြည့်ရမယ့် ကစား သမားကတော့ မက္ကဆီကိုမှာ ကစားနေတဲ့ ဘယ်တောင်ပံ ကစားသမား ဂျက်ဖာဆင် မွန်တဲရို ဖြစ်ပြီး သူဟာ ခြေတွေ့ပြီ ဆိုရင် ဘယ်သူမှ ကပ်လို့ မရအောင် ကောင်းမွန်တဲ့ ကစားသမားလို့ ဆိုကြပါတယ်။

ဟွန်ဒူရပ်စ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ္ဘာ့အဆင့် ၃၀ ဟွန်ဒူရပ်စ် အသင်း

ဟွန်ဒူရပ်စ် အသင်းကို ကြည့်ရင်တော့ ကမ္ဘာ့အဆင့် ၃၀ ပါ။ သူတို့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက် ခြေစစ်ပွဲအောင်ခဲ့တာ ဖြစ်ပါတယ်။ အရင် ၁၉၈၂ နဲ့ ၂၀၁၀ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်တုန်းကတော့ နိုင်ပွဲ မရခဲ့ဘဲ အိမ်ပြန်ခဲ့ရပါတယ်။

နည်းပြက ကိုလံဘီယာ က လူဝိစ် ဖာနန်ဒို ဆွာရက်ဇ် ဖြစ်ပါတယ်။ သူက ပြီးခဲ့တဲ့ ၂၀၀၆ ပြိုင်ပွဲမှာ အက်ကွေဒေါကို နည်းပြ လုပ်ခဲ့လို့ ကမ္ဘာ့ဖလား အတွေ့အကြုံ ရှိသူဖြစ်ပါတယ်။ စောင့်ကြည့်ရမယ့် ကစား သမားတွေကတော့ ကာလို ကော့စ်လီ နဲ့ ဂျယ်ရီ ဘန်းဂ်စတန် တို့ပဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ