၂၀၁၄ ကမ္ဘာ့ဖလား အုပ်စု G အနေအထား

  • 6 ဇွန် 2014
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဓာတ်ပုံ မူပိုင် b
Image caption အုပ်စု G မှာ ဂျာမနီ၊ ပေါ်တူဂီ၊ အမေရိကန် ပြည်ထောင်စုနဲ့ ဂါနာ အသင်းတွေ ပါဝင်

၂၀၁၄ ကမ္ဘာ့ဖလား ရဲ့ အုပ်စု G မှာတော့ ဂျာမနီ၊ ပေါ်တူဂီ၊ အမေရိကန် ပြည်ထောင်စုနဲ့ ဂါနာ အသင်းတွေ ပါဝင်ကြပါတယ်။

ဂျာမနီ

ဓာတ်ပုံ မူပိုင် AFP
Image caption လက်ရှိ ကမ္ဘာ့ နံပါတ် ၂ ဂျာမနီအသင်း။

အရင်ဆုံး ဂျာမနီ အသင်းကို ကြည့်ရင် လက်ရှိ ကမ္ဘာ့ နံပါတ် ၂ အသင်း ဖြစ်ပါတယ်။ ၄-၂-၃-၁ အခြေခံပြီး ကစားပါတယ်။

သူတို့ အားအကောင်းဆုံး ကတော့ အလယ်တန်းပါ။ အိုဇေးလ်၊ တိုနီ ခရူးစ်၊ မာကိုရူးစ်၊ မာရီယို ဂတ်ဇာ၊လူးကပ်စ် ပိုဒေါ်လ် စကီး၊ အောန်ဒရေ ရှာလာလ်၊ တောမတ်စ် မူလာ၊ ဂျူလီယန် ဒရက်စလာ၊ ဘတ်စတီယန် ရွှိုင်းစတိုက်ဂါ တို့ ရှိနေတဲ့ အလယ်တန်း အားကို မှန်းလို့ ရနိုင်ပါတယ်။

အားနည်းချက် ဆိုလို့ အစဉ်အလာ အားကောင်းခဲ့တဲ့ ဂျာမန် နောက်တန်းဟာ ဒီတစ်ကြိမ်မှာ ခါတိုင်းလောက် မမာတာ တစ်ခုပဲ ရှိပါတယ်။

အဓိက ကစားသမားကတော့ နောက်တန်းရော အလယ်တန်းမှာပါ ကစားနိုင်တဲ့ အရင်က ဥရောပရဲ့ အကောင်းဆုံး ညာနောက်ခံလူ ဖီးလစ် လမ်း ဖြစ်ပြီး စောင့်ကြည့်ရမယ့် သူကတော့ လူငယ်ခြေတက် ဂျူလီယန် ဒရက်စလာ ပဲ ဖြစ်ပါတယ်။

နည်းပြ ကတော့ အသင်းကို ၂၀၀၆ ထဲက ကိုင်လာတဲ့ ယော့ကင်မ် လို ပါ။ သူဟာ နိုင်ပွဲ ၆၈ ရာခိုင်နှုန်း ရှိလို့ ဂျာမနီ အသင်းကို ကိုင်ခဲ့သမျှ နည်းပြတွေထဲမှာ အအောင်မြင်ဆုံးပါ။ ဒါပေမယ့် သူ့အသင်းဟာ ပြိုင်ပွဲကြီးတွေမှာ ခြေစွမ်းကောင်းပေမယ့် ဗိုလ်မစွဲနိုင်လို့ ဒီတစ်ကြိမ်မှာ ဂျာမနီ အစွမ်းပြဖို့ ဖိအားတော့ ရှိနေပါတယ်။

ဂျာမနီအသင်း ကမ္ဘာ့ဖလားကို နောက်ဆုံး ရခဲ့တာ ၁၉၉၀ ခုနှစ်က ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ကြိမ်မှာ တတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ပေါ်တူဂီ

ဓာတ်ပုံ မူပိုင် AP
Image caption ခရစ္စတီယာနို ရော်နယ်ဒို ပါဝင်တဲ့ ပေါ်တူဂီအသင်း။

ပေါ်တူဂီ အသင်းကို ကြည့်မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမား ခရစ္စတီယာနို ရော်နယ်ဒို ပါတဲ့ အသင်းဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့အဆင့် ၄ ပါ။ ဒီတစ်ကြိမ် ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ဆို သူတို့ ဝင်ပြိုင်တာ ၆ ကြိမ် ရှိပါပြီ။

နည်းပြကတော့ ပေါ်လို ဘဲန်တို ဖြစ်ပြီး ကစားသမားတွေရဲ့ လေးစားမှုကို ရတဲ့ အရည်အချင်းရှိ နည်းပြကောင်း တစ်ယောက် ဖြစ်ပါတယ်။

အဓိက ကစားသမားကတော့ ခရစ္စတီယာနို ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းမှာ တကယ့် ရှေ့တန်း တိုက်စစ်မှူး သိပ်အကောင်းစားတွေ မပါလို့ ဂိုးသွင်းနိုင်ဖို့လည်း ရော်နယ်ဒိုကိုပဲ အားကိုးနေရပါတယ်။

ရော်နယ်ဒို ကိုယ်တိုင်ကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ခြေစွမ်း သိပ်မပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် နည်းပြ ဘဲန်တို က ရော်နယ်ဒိုကို ကလပ်အသင်း ခြေစွမ်းကို နိုင်ငံအသင်းမှာပါ ပြနိုင်အောင် လုပ်ပေး နိုင်ခဲ့ပြီဖြစ်လို့ ဒီတကြိမ်တော့ ခြေစွမ်းပြပြီး ပေါ်တူဂီအတွက် ယူဆေဘီယိုရဲ့ ၉ ဂိုး သွင်းပေးခဲ့တဲ့ စံချိန်ကို ချိုးနိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

အမေရိကန် ပြည်ထောင်စု

ဓာတ်ပုံ မူပိုင် Reuters
Image caption လက်ရှိ ကမ္ဘာ့အဆင့် ၁၃ အမေရိကန် အသင်း။

ဒီအုပ်စုမှာ ဂျာမနီကို မထင်မှတ်ဘဲ ဒုက္ခပေးနိုင်တဲ့ အသင်းကတော့ ၁၉၉၀ က ဂျာမနီကို ကမ္ဘာ့ဖလား ယူပေးခဲ့တဲ့ တိုက်စစ်မှူး ယာဂင် ကလင်းစမန်း နည်းပြလုပ်နေတဲ့ အမေရိကန် ပြည်ထောင်စု အသင်းပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း ၁၆ ပွဲ အနိုင် ကစားထားပြီး အဲဒီအထဲမှာ ဂျာမနီလည်း ပါပါတယ်။ အဓိက ကစားသမားကတော့ အတွေ့အကြုံရင့် အသင်းခေါင်းဆောင် ကလင့် ဒမ်ဆီ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့ အဆင့်က နံပါတ် ၁၃ ဖြစ်ပါတယ်။ ဒီတကြိမ်ပါနဲ့ ဆိုရင် အမေရိကန်တွေ ကမ္ဘာ့ဖလားမှာ ၇ ကြိမ်ဆက် ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး စုစုပေါင်း ၁၀ ကြိမ် ရှိပြီဖြစ်လို့ အတွေ့အကြုံ မသေးတဲ့ အသင်းပါ။

ဂါနာ

ဓာတ်ပုံ မူပိုင် Reuters
Image caption မိုက်ကယ် အက်ဆီယန် ပါဝင်တဲ့ ဂါနာအသင်း။

အာဖရိက ဇုန်က ဝင်လာတဲ့ ဂါနာ အသင်းကလည်း ဒီတစ်ကြိမ်နဲ့ဆို ၃ ကြိမ်ဆက် ဝင်တာ ဖြစ်လို့ အတွေ့အကြုံ မသေးတဲ့ အသင်းပါ။

လက်ရှိ ကမ္ဘာ့ အဆင့် ၃၇ ဖြစ်ပြီး နည်းပြကတော့ ဂျိမ်းစ် ကွဲစီ အပီယား ဖြစ်ပါတယ်။ သူဟာ ဂါနာ လူမျိုး နည်းပြတွေထဲက ပထမဆုံး နိုင်ငံအသင်းကို ကမ္ဘာ့ဖလားကို ပို့ပေးနိုင်သူလည်း ဖြစ်ပါတယ်။

အဓိက ကစားသမားကတော့ မိုက်ကယ် အက်စီယန်း ဖြစ်ပြီး တိုက်စစ်မှူးနဲ့ ဂိုးသမား နေရာတွေက လွဲလို့ နေရာအစုံမှာ ဝင်ကစား နိုင်သူလို့တောင် ချဲလ်ဆီး နည်းပြ မော်ရင်ညိုက ပြောပါတယ်။

ဂါနာဟာ အာဖရိကတိုက်က ခြေစစ်ပွဲ အောင်လာတဲ့ အသင်းတွေထဲမှာ ၂၅ ဂိုး သွင်းပြီး သွင်းဂိုး အများဆုံး အသင်း ဖြစ်ပေမယ့် ဒီအုပ်စုက ကျွတ်ဖို့ကတော့ တော်တော်ကို ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ