၂၀၁၄ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် အနေအထား

  • 12 ဇွန် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ရေပန်းစားနေတဲ့ ဘရာဇီးအသင်း။

ဒီနေ့ ဇွန် ၁၂ ရက်နေ့မှာ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲကြီး စပါပြီ။ ပွဲဦးထွက် အဖြစ် အုပ်စု A က အိမ်ရှင် ဘရာဇီးနဲ့ ခရိုအေးရှား အသင်းတို့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

အိမ်ရှင် ဘရာဇီး အသင်းက ပြီးခဲ့တဲ့ ၂၀၁၃ တိုက်ကြီးများ ဖလား ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ စပိန်ကို အနိုင်ကစားခဲ့တဲ့ Line up နဲ့ပဲ ပွဲထွက် လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

အဲဒီ အတိုင်းဆိုရင် အခုတလော ခြေစွမ်း သိပ်မပြနိုင်တဲ့ ကွင်းလယ် ဖန်တီးရှင် အော်စကာနဲ့ ပွဲထွက်ဖို့ ရှိပါတယ်။

ဒါပေမယ့် ဘရာဇီး မီဒီယာ တွေကတော့ နောက်ထပ် ကွင်းလယ် တိုက်စစ်သမား တဦးဖြစ်တဲ့ ဝီလီယံကို ပွဲထုတ် စေချင်နေကြပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ခရိုအေးရှား

ခရိုအေးရှားကတော့ ပွဲပယ် ပြစ်ဒဏ်ခံနေရတဲ့ တိုက်စစ်မှူး မာရီယို မန်ဇူးကစ်ချ် ပါမှာ မဟုတ်တာ သေချာပါတယ်။

ဒီတော့ နစ်ကီကာ ယာလ်လဗစ်ချ် နဲ့ ဘရာဇီးဖွား ခရိုအေးရှား နိုင်ငံသား အက်ဒွာဒို တို့ထဲက တစ်ဦးဦးကို ပွဲထုတ် လာနိုင်ပါတယ်။

ဘယ်နောက်ခံ နေရာမှာ ဒန်နီယလ် ပရန်းယစ်ချ် နာနေလို့ သူ့နေရာမှာ ဆီမီ ဗာဆလစ်ကို ဝင်ကစားနိုင်ဖို့ များပါတယ်။

ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဘယ်အိမ်ရှင် အသင်းမှ ပွဲဦးထွက်မှာ မရှုံးဖူးပါဘူး။ ဒါပေမယ့် အိမ်ရှင် ဘရာဇီးဟာ ပရိတ်သတ်တွေရဲ့ ဖိအားကြောင့် ပြီးခဲ့တဲ့ ဆာဗီးယား နဲ့ပွဲမှာ ခြေပျက်ခဲ့တာမျိုး ကြုံလာနိုင်မယ်လို့ ခရိုအေးရှားဘက်က မျှော်လင့် နေကြပါတယ်။

ဘာဆီလိုနာရဲ့ နေမာ နဲ့ ရီးယဲလ် မဒရစ်ရဲ့ မောဒရစ်ချ်တို့ တွေ့ကြတော့မှာပါ။ ဘယ်သူက သာသလဲ ဘယ်သူက မာသလဲ မကြာခင် အဖြေထွက် လာတော့မှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ