ဇွန် ၁၃ ရက် ကမ္ဘာ့ဖလား သတင်း

  • 13 ဇွန် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘရာဇီးကို ပင်နယ်တီ ပေးစဉ်။

မနေ့က ကန်ခဲ့တဲ့ ပွဲမှာ ဘရာဇီးနဲ့ ခရိုအေးရှားပွဲမှာ ဘရာဇီးကို အငြင်းပွားဖွယ် ပင်နယ်တီ ပေးခဲ့တဲ့ ဒိုင်လူကြီးဟာ ကမ္ဘာ့ဖလား ဒိုင်မလုပ်သင့်ဘူးလို့ ခရိုအေးရှား နောက်ခံလူ Dejan Lovren က ပြောပါတယ်။

ဒီနေ့ ဇွန် ၁၃ ရက်မှာ ၃ ပွဲ ကစားဖို့ ရှိပါတယ်။

မက္ကဆီကိုနဲ့ ကင်မရွန်း

ပထမပွဲအဖြစ် အုပ်စု A က အသင်းတွေ ဖြစ်တဲ့ မက္ကဆီကိုနဲ့ ကင်မရွန်းတို့ ကစားဖို့ ရှိနေပါတယ်။

မက္ကဆီကိုဟာ ကမ္ဘာ့ဖလားမှာ တခြား အသင်းတွေထက် ရှုံးပွဲ ပိုများတဲ့ အသင်းဖြစ်ပြီး အားလုံးပေါင်း ၂၄ ပွဲ ရှုံးထားပါတယ်။

ကင်မရွန်းကတော့ ကမ္ဘာ့ဖလားမှာ ၁၃ ပွဲ ကစားခဲ့ရာမှာ ၂၀၀၂ ခုနှစ်က ဆော်ဒီအာရေဗျကို ၁ ဂိုး ဂိုးမရှိနဲ့ ၁ ပွဲသာ နိုင်ဖူးပြီး ၄ ပွဲ သရေ နဲ့ ၈ ပွဲ ရှုံးထားပါတယ်။

စပိန်နဲ့ နယ်သာလန်

နောက်တစ်ပွဲ အဖြစ် အုပ်စု B က အသင်းတွေဖြစ်တဲ့ စပိန်နဲ့ နယ်သာလန် အသင်းတွေ ကစားကြမှာပါ။

သူတို့ ၂ သင်းဟာ ပြီးခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာလည်း တွေ့ခဲ့ကြပါသေးတယ်။

စပိန်ကတော့ သူတို့ရဲ့ ဘောလုံး ပိုင်ဆိုင်မှု ဦးစားပေးတဲ့ ကစားဟန်အတိုင်း ဆက်ကစားသွားမယ်လို့ အလယ်တန်းလူ ရှာဗီး က ပြောပါတယ်။ စပိန်ဟာ နောက်ဆုံးကစားထားတဲ့ ကမ္ဘာ့ဖလား ပွဲ ၆ ပွဲဆက် နိုင်ထားပြီး အဲဒီထဲက ၄ ပွဲဟာ ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တာ ဖြစ်ပါတယ်။

စပိန်ကို အသက်ကြီးနေပြီ လို့ ပြောကြပေမယ့် သူတို့အသင်းဟာ အလယ်တန်း အားကောင်းဆဲပါ။ ဒီနေ့ပွဲမှာ တိုက်စစ်မှူး ဒီယေဂို ကော်စတာ ပွဲထွက်မလား စောင့်ကြည့်ရမှာပါ။

နယ်သာလန်ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၇ ကြိမ်မှာ အကြိမ်တိုင်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ နည်းပြကြီး လူဝီဗန်ဂါးလ် က အသင်းကို ပုံစံပြောင်းထားပြီ ဖြစ်လို့ နယ်သာလန်ဟာ အနိုင်မခံ အရှုံးမပေး ကစားတဲ့ အသင်းဖြစ်နေပါပြီ။

ဩစတေးလျနဲ့ ချီလီ

နောက်ဆုံးပွဲကတော့ အုပ်စု B ကပဲ ဩစတေးလျနဲ့ ချီလီတို့ ဖြစ်ပြီး ဩစတေးလျ အသင်း ကမ္ဘာ့ဖလားမှာ ပထမဆုံး ရခဲ့တဲ့ ရမှတ်ဟာ ၁၉၇၄ ခုနှစ်က ချီလီနဲ့ ဂိုးမရှိ သရေကျတဲ့ ပွဲမှာ ရခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ