ဇွန် ၂၄ ရက် အုပ်စုပွဲစဉ်တွေ အနေအထား

  • 24 ဇွန် 2014
ဓာတ်ပုံ မူပိုင် GETTY IMAGES
Image caption ဥရုဂွေးအတွက် အားထားရတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်

ဒီနေ့ ကစားမယ့် အုပ်စုပွဲစဉ် ၄ ပွဲ အနက် ပထမ ပွဲစဉ်တွေကတော့ အုပ်စု D ရဲ့ နောက်ဆုံး ပွဲစဉ်တွေ ဖြစ်ပြီး ကော့စတာရီကာနဲ့ အင်္ဂလန်၊ အီတလီနဲ့ ဥရုဂွေး တို့ တစ်ချိန်တည်း ကစားကြမှာ ဖြစ်ပါတယ်။

ကော့စတာရီကာနဲ့ ကစားမယ့် အင်္ဂလန် အသင်းမှာ တိုက်စစ်မှူး ဝိန်းရူနီကို ချန်ထားပြီး ဖေးလ်ဂျုံးစ်၊ ခရစ္စ စမောလင်းနဲ့ လုခ်ရှောတို့လို လူငယ် ကစားသမားတွေကို ထည့်မယ်လို့ ဆိုပါတယ်။

ကော့စတာရီကာကတော့ ၁ မှတ်ရရင်တောင် အုပ်စုဗိုလ် ဖြစ်မှာမို့ အရန်ကစားသမားတွေကို ထည့်ကန်မယ့် သဘော ရှိပါတယ်။

တစ်ချိန်တည်း ကစားမယ့် အီတလီနဲ့ ဥရုဂွေးတို့ ပွဲကတော့ အုပ်စုက ကျွတ်ဖို့ လုကြရမယ့် ပွဲ ဖြစ်ပြီး အီတလီမှာ ဒဏ်ရာ ရနေတဲ့ ဒန်ယဲလ် ဒရော့စီ ကစားနိုင်မှာ မဟုတ်ပါဘူး။

ဥရုဂွေးကတော့ အင်္ဂလန်ကို အနိုင်ကစားခဲ့တဲ့ line-up နဲ့ပဲ ပွဲထွက်လာဖို့ များပါတယ်။

နောက်ပွဲစဉ်တွေကတော့ အုပ်စု C ရဲ့ နောက်ဆုံး ပွဲစဉ်တွေဖြစ်ပြီး ဂရိနဲ့ အိုင်ဗရီကို့စ်၊ ဂျပန်နဲ့ ကိုလံဘီယာတို့ တစ်ချိန်တည်း ကစားကြမှာ ဖြစ်ပါတယ်။

ဂရိနဲ့ အိုင်ဗရီကို့စ် တို့ပွဲမှာ ဂရိက ဝါရင့် ကစားသမား ကာရာဂူးနက်စ် ဝင်ကစားနိုင်ပါတယ်။

အိုင်ဗရီကို့စ်မှာ ပွဲပယ် ခံထားရတဲ့ ဒီဒီရေ ဇာခိုရာ မကစား နိုင်ပါဘူး။

ဂျပန်နဲ့ ကိုလံဘီယာ တို့ပွဲမှာတော့ ကွင်းလယ် ဖန်တီးရှင် ရာစုဟီတို အန်ဒိုနဲ့ ကာဂါဝါတို့ ပွဲထွက် လာနိုင်ပါတယ်။ ဂျပန်က ဒီပွဲ နိုင်မှ အုပ်စုက တက်ဖို့ မျှော်လင့် နိုင်မှာပါ။

ကိုလံဘီယာကတော့ အုပ်စု ကျွတ်ပြီး ဖြစ်လို့ အဓိက ကစားသမား တချို့ကို အနားပေးထားနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ