ဇွန် ၂၆ ရက် အုပ်စုပွဲစဉ်တွေ အနေအထား

  • 26 ဇွန် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ပေါ်တူဂီ အုပ်စုတက်ဖို့ မသေချာ

ဒီနေ့ ကစားမယ့် အုပ်စုပွဲစဉ် ၄ ပွဲအနက် ပထမ ၂ ပွဲကတော့ အုပ်စု G ရဲ့ နောက်ဆုံးပွဲစဉ်တွေ ဖြစ်တဲ့ ပေါ်တူဂီနဲ့ ဂါနာ၊ အမေရိကန် ပြည်ထောင်စုနဲ့ ဂျာမနီတို့ တစ်ချိန်တည်း ကစားကြမှာ ဖြစ်ပါတယ်။

ပေါ်တူဂီနဲ့ ဂါနာတို့ ပွဲမှာ ပေါ်တူဂီဘက်က နောက်တန်းလူ ပေပေ ပြန်ကစားနိုင်ပါပြီ။

ဂါနာ ကတော့ ပွဲပယ်ခံထားရတဲ့ မွန်တာရီ နေရာမှာ အက်ဆီယန် ဝင်ကစား နိုင်ပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ဂျာမနီတို့ ပွဲမှာတော့ အမေရိကန် အတွက် တိုက်စစ်မှူး အာတီဒေါ်လ် ဒဏ်ရာကြောင့် မကစားနိုင်ပေမယ့် နည်းပြ ကလင်းစမန်းက အုပ်စု ကျွတ်ဖို့ မျှော်လင့်နေပါတယ်။

ဂျာမနီမှာတော့ ဂျာရုမ်း ဘိုတန်းနဲ့ ဆမ်မီ ကဒေရာတို့ ဂါနာနဲ့ ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာတွေက သက်သာလာပြီ ဖြစ်ပြီး သောမတ်စ်မူလာလည်း ကစားနိုင်ဖို့ များပါတယ်။

နောက်ပွဲစဉ် ၂ ပွဲကတော့ အုပ်စု H ရဲ့ နောက်ဆုံး ပွဲတွေ ဖြစ်တဲ့ အယ်လ်ဂျီးရီးယားနဲ့ ရုရှား၊ တောင်ကိုရီးယားနဲ့ ဘလ်ဂျီယံတို့ တစ်ချိန်တည်း ကစားကြမှာ ဖြစ်ပါတယ်။

အယ်လ်ဂျီးရီးယားနဲ့ ရုရှား တို့ပွဲမှာတော့ အဲလ်ဂျီးရီးယားက တောင်ကိုရီးယား အသင်းနဲ့ ပွဲမှာ ကစားခဲ့တဲ့ လိုင်းအပ်နဲ့ပဲ ဆက်ကစား နိုင်ပါတယ်။

ရုရှား အသင်းမှာတော့ ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်မှူး ကိုကိုရင် နေရာမှာ ကာဇာကော့ဗ် ဝင်ကစား နိုင်ပါတယ်။

တောင်ကိုရီးယားနဲ့ ဘလ်ဂျီယံ တို့ပွဲမှာတော့ အဲလ်ဂျီးရီးယား အသင်းကို ၄ ဂိုး ပေးခဲ့ရတဲ့ နောက်တန်းကို နည်းပြ ဟောင်မြောင်ဘိုက အပြောင်းအလဲတွေ လုပ်လာနိုင်ပါတယ်။

ဘဲလ်ဂျီယံကတော့ အုပ်စု ကျွတ်ပြီး ဖြစ်လို့ အရန်လူတွေကို ပွဲထုတ် ကစားလာနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ