ကမ္ဘာ့ဖလားက နာမည်ကျော် နံပတ် (၁၀) များ

  • 4 ဇူလိုင် 2014
World Cup No. (10) ဓာတ်ပုံ မူပိုင် Other
Image caption လီယွန်နယ် မက်ဆီလည်း နံပတ် (၁၀) ဝတ်သူပါပဲ။

ကမ္ဘာ့ဖလား ပြိုင်ပွဲတိုင်း လိုလိုမှာ နံပါတ် ၁၀ ဝတ်ကစားသူတွေ အစွမ်းပြလေ့ ရှိကြပါတယ်။ အဲဒီထဲမှာ ပီလီနဲ့ မာရာဒိုနာတို့ကတော့ ထိပ်ဆုံးပါ။

တချိန်က နာမည်ကျော်တွေ ဖြစ်တဲ့ ဇီကို၊ ပလာတီးနီး၊ ဂူးလစ်၊ ဗဲလ်ဒါရာမာ၊ မတ်သေးယပ်စ်၊ လင်နစ်ကာ ၊ ဘက်ဂျီယို၊ ဂျော်ဂျီ ဟာဂျီ ၊ဇီဒန်း ၊ ဒဲလ်ပီယဲရိုး တို့ ဆိုလည်း နံပါတ် ၁၀ ဝတ်ကြသူတွေပါ။ အခုနောက်ပိုင်း မှာတော့လည်း ရုဒ်ဗန်နစ္စတယ်ရွိုင်းတို့ ဝိန်းရူနီတို့ စသဖြင့်ရှိကြပါတယ်။

တကယ်တော့ နံပါတ် ၁၀ ဝတ်သူတွေဟာ အသင်းမှာ ရှေ့ဆုံးကနေ အတင်းထိုးဖောက် ဂိုးသွင်းရတဲ့ နံပါတ် ၉ ကို ဆင်ပေးတဲ့ အလုပ်နဲ့ ပြန်အန်ထွက်ရင် ကောက်စား စသဖြင့် နောက်ချန် တိုက်စစ်မှူး အလုပ်လုပ်ကြရတာပါ။ တခါတလေဆို ကွင်းလည် ဖန်တီးရှင် နေရာမျိုးကတောင် ကစားကြသူတွေ ရှိပါတယ်။ ဒါပေမယ့် ပြိုင်ပွဲတိုင်း လိုလိုမှာ အဲဒီ နံပါတ် ၁၀ တွေက ဂိုးတွေ တော်တော်ရတတ်ကြပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလား

ဒီတကြိမ် ကမ္ဘာ့ဖလားဟာ နံပါတ် ၁၀ ဝတ်ကစားတဲ့ ကစားသမားတွေ တော်တော် အစွမ်းပြတဲ့ ပြိုင်ပွဲပါ။ ဘရာဇီးက နေမာ ၊ အာဂျင်တီးနားက မက်ဆီ ၊ ပြင်သစ်က ကာရင် ဘဲန်ဇီမာ၊ ကိုလံဘီယာ က ဂျိမ်းစ် ရော့ဒရီးဂတ်စ် ၊ ကော်စတာ ရီကာက ဘရိုင်ယန် ရူဝိစ် တို့ သူတို့အသင်းတွေ အတွက် ပြိုင်ပွဲစထဲက တောက်လျှောက် ခြေစွမ်းပြလာ နေခဲ့တာပါ။ ခြေစွမ်း အရင်လို မပြနိုင်ပေမယ့် သူ့အသင်းကို ကယ်ခဲ့တဲ့ ဟော်လန်အသင်းက စနိုက်ဒါ လည်း နံပါတ် ၁၀ ပါပဲ။

ဒီနေ့တော့ ဒီ နံပါတ် ၁၀ ဝတ် ကစားသူ တွေထဲက ၃ ဦး ကစားကြဦးမှာပါ။ အဲဒီ ထဲက နေမာနဲ့ ရော့ဒရီးဂတ်စ် တို့ ၂ ဦးက ထိတ်တိုက် တွေ့ကြမှာပါ။ သူတို့ပွဲပြီးရင်တော့ ဘဲန်ဇီမာ က ဂျာမနီနဲ့ ကစားရမှာပါ။

ရွှေဖိနပ်ချိန်ကြသူတွေ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption နေမာ နဲ့ ရော့ဒရီးဂတ်စ်

လောလောဆယ် ဂိုးသွင်း ဘုရင် ရွှေဖိနပ်ကို ချိန်နေသူတွေထဲမှာလည်း ဒီနေ့ ကစားမယ့် နေမာနဲ့ ရော့ဒရီးဂတ်စ်တို့က ထိပ်က ပြေးနေကြတာပါ။ နေမာက ၄ ဂိုး သွင်းထားပါတယ်။ ရော့ဒရီးဂတ်စ်ကတော့ နေမာထက်တောင် ၁ လုံး ပိုပါ သေးတယ်။

အဲဒီတော့ ဒီနေ့ ကန်ကြမယ့် ပွဲမှာ သူတို့ ထဲက နိုင်တဲ့သူက ဒီပြိုင်ပွဲက ရွှေဖိနပ်နဲ့ တော်တော် နီးစပ်နိုင်မှာပါ။ အဲဒီတော့ ဘယ်သူက အခွင့်အလမ်း ပိုသာမလဲ။

နေမာကတော့ အိမ်ရှင် အသင်းကဆိုတော့ ပရိတ်သတ် အားက သူ့မှာ ရှိပါတယ်။ ဒါပေမယ့် အဲဒါကလည်း ဖိအားတမျိုး ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ သူက ဘရာဇီးအသင်း ဂိုး ရဖို့အတွက် အဓိက ကစားသမား ဖြစ်နေတော့ ကိုလံဘီယာ နောက်တန်းက သူ့ကို အသေကပ် ကစားမှာပါ။

ဒါပေမယ့်လည်း နေမာဟာ ကျဉ်းထဲကျပ်ထဲမှာလည်း ကစားနိုင်သူတဦးဖြစ်တော့ သူတလှမ်းစာ လွတ်တာနဲ့ အဲဒီအလုံး ဂိုး ဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့်လည်း သူဟာ ဘရာဇီးအတွက် ၅၃ ပွဲမှာ ၃၅ ဂိုး သွင်းပေး ထားနိုင်ခဲ့တာပါ။ ဘယ်အသင်းမဆို ဘရာဇီးနဲ့ ကန်ရင် တတ်နိုင်သမျှ ပိတ်ကစားကြမှာပါ။ ဒီကြားထဲက ဒါလောက် သွင်းထားတာကို ကြည့်ရင် သူဘယ်လောက် ခြေစွမ်းထက်သလဲ မှန်းနိုင်ပါတယ်။

တခုပဲ စဉ်းစားရမှာက ချီလီနဲ့ ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာတွေကနေ သူ ရှင်းရှင်း သက်သာပြီလား။ ဘယ်လောက် ကြံ့ခိုင်နေသလဲ ဆိုတာပဲ ဖြစ်ပါတယ်။ တကယ့် ကြံ့ခိုင်မှု ပြည့်နေမယ် ဆိုရင်တော့ ဒီပွဲမှာ နေမာက သူဟာ ဘယ်လောက် ကောင်းတဲ့ နံပါတ် ၁၀ လည်း ဆိုတာ ပြသသွားမှာပါ။

အထူးသဖြင့်တော့ ခြေစွမ်းတွေ ပြ အသက်လည်း မတိမ်းမယိမ်း ဂျိမ်းစ် ရော့ဒရီးဂတ်စ် နဲ့ ပြိုင်ရမှာ ဆိုတော့ ပိုပြီး ကြိုးစား နိုင်ပါတယ်။

ဂျိမ်းစ် ရော့ဒရီးဂတ်စ်ကတော့ ကိုလံဘီယာ အသင်းမှာ ဝင်ကစားတာ အခုမှ ၂၆ ပွဲပဲ ရှိပါတယ်။ အခုကမ္ဘာ့ဖလား မှာ သွင်းတဲ့ ဂိုး တွေအပါအဝင် ၁၀ ဂိုး သွင်းပေးထားပါတယ်။

ဒီကမ္ဘာ့ဖလားမှာတော့ သူဟာ လောလောဆယ်မှာ ၅ ဂိုး သွင်းထားတဲ့ ဂိုးသွင်း ဘုရင်လောင်း ကလေးပါ။ ကိုလံဘီယာမှာ အဓိက နံပါတ် ၉ တိုက်စစ်မှူး ဖာလ်ကာအို မကစား နိုင်ထဲက အားလုံးက သူ့ပဲ အားထား နေကြတာပါ။ သူကလည်း အားထား တဲ့ အတိုင်းပဲ လုပ်ပြ နိုင်ပါတယ်။

အဝေးကပဲ မြေမကျ ကန်သွင်းရမလား အနီးကပဲ ဂိုးသမားပေါ် ကျော်ပြီး သွင်းမလား အကုန်ရတဲ့ ကစားသမား ပါ။

နောက်ပြီး ကိုလံဘီယာရဲ့ ကောင်းကွက် တခုက အသင်းလိုက် ကစားကွက်ရော ကစားအားရော ကောင်းနေတာပါ။ ရော့ဒရီးဂတ်စ်က သူများ သွင်းဖို့ ဆင်ပေး နေသလို တခြား သူတွေကလည်း သူ့ကို ပြန်ခင်း ပေး နိုင်ကြတော့ အခုပွဲ ဂျိမ်းစ် ရော့ဒရီးဂတ်စ် ဂိုး ထပ်မရနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

ဒီတော့ သူတို့ထဲက နိုင်လို့ နောက်တဆင့်ထပ်တက် နောက်တပွဲပိုကန်ရသူက ရွှေဖိနပ်ကို ပိုပြီး ချိန်နိုင်မှာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘင်ဇီးမားလည်း ခြေစွမ်းပြနေ

ဒါပေယ့်လည်း သူတို့ နောက်ပွဲမှာ ကစားမယ့် ဘဲန်ဇီမားကလည်း ၃ ဂိုးသွင်းထားသူ ဖြစ်ပြန်တော့ သူလည်း ရွှေဖိနပ်ကို စိတ်ကူးယဉ်နေဦးမှာပါ။ နောက်ပြီး သူနဲ့ ယှဉ်ပြိုင်မယ့် သူကတော့ နံပါတ် ၁၀ မဝတ်ပေမယ့် ၄ ဂိုး သွင်းထားသူ ဂျာမနီရဲ့ မူလာလည်း ရှိနေပါသေးတယ်။

ဒါပေမယ့် နံပါတ် ၁၀ ထဲက တကယ် ရွှေဖိနပ် ရနိုင်သူ နောက်တယောက်လည်း ရှိနေပါသေးတယ်။ မနက်ဖန် ဘယ်လ်ဂျီယံနဲ့ ကန်မယ့် အာဂျင်တီးနား ရဲ့ လီယွန်နယ် မက်ဆီပါ။ လောလောဆယ်မှာ (ပေါ်တူဂီက စီရော်နယ်ဒိုပြီးရင်) ကမ္ဘာပေါ်မှာ ဒုတိယ အကောင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ် ခံထားရပေမယ့် သူသာ ခြေတွေ့ပြီဆိုရင် ဂိုးပေါက်ရှေ့ ဘတ်စကားကြီး ပိတ်ရပ်ထားရင်တောင် ဘောလုံးနဲ့ ပိုက်ကို မိတ်ဆက် ပေးနိုင်တဲ့ အထိ စွမ်းတဲ့ ကစားသမား ပါ။

အဲဒီတော့ ဒီတကြိမ် ကမ္ဘာ့ဖလားရဲ့ ဂိုး သွင်းဘုရင် ဖြစ်နိုင်သူ ရဲ့ ကျောနံပါတ်ဟာ နံပါတ် ၁၀ ပဲ ဖြစ်ဖို့ များတယ်လို့ ဆိုရတော့မှာပါ။