အိမ်ရှင် ဘရာဇီး ဂျာမနီကို ဆီမီးမှာ ရှုံး

brazil ဓာတ်ပုံ မူပိုင် AP
Image caption ဂျာမန် အားပေးသူတွေရဲ့ အောင်ပွဲ

ကမ္ဘာ့ဖလား အကြို ဗိုလ်လုပွဲ မှာ ဂျာမနီက ဘရာဇီးကို ၇ ဂိုး ၁ ဂိုး နဲ့ အနိုင်ရ သွားပါတယ်။

အကြို ဗိုလ်လုပွဲ တပွဲအတွက် တော့ အံ့သြ လောက်စရာ ဂိုးအရေအတွက် ကွာခြားချက် ဖြစ်ပါတယ်။

ပွဲစပြီး ၁ဝ မိနစ် ကျော်ကျော်မှာ ကတည်းက ဂျာမနီက ဘရာဇီးလ်ကို တဂိုးစရှူး လိုက်ပါတယ်။

ဘရာဇီး အသင်း ဟာ ဒီပွဲမှာ အသင်း ခေါင်းဆောင် သီယာ ဂိုဆေးလ်ဗာ ပါဝင် ကစားခွင့် မရခဲ့ပါဘူး။

သူတို့အသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူး နေမာ လည်း အရင်ပွဲတုန်းက ဒဏ်ရာကြောင့် ပါဝင် ယှဉ်ပြိုင် နိုင်ခြင်း မရှိပါဘူး။

အဲသလို အချိန်မှာ ဂျာမနီရဲ့ ပထမဂိုးဟာ ဘရာဇီး အသင်းသား တွေရဲ့ စိတ်ဓာတ် ကိုပါ တိုက်စစ်ဆင် လိုက်သလို ဖြစ်သွားပုံ ရပါတယ်။

နောက်ထပ် ၁ဝ မိနစ်ကျော် အကြာ ပွဲစပြီး ၂၂ မိနစ်မှာ ဂျာမနီက နောက်တဂိုးသွင်း လိုက်ချိန် မှာတော့ ဘရာဇီး အသင်း ရဲ့ စိတ်ဓာတ်ဟာ လုံးဝ ပြိုဆင်း သွား သလို ကစားကွက် လည်း ဖရိုဖရဲ ဖြစ်သွားပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဂျာမနီက ၃ ဂိုးသွင်းပြီးချိန်မှာ ဖာနန်ဒင်ဟို

၂၂ မိနစ် ကနေ ၂၉ မိနစ် အထိ စုစုပေါင်း ၇ မိနစ် အတွင်း မှာတင် ဂျာမနီက လေးဂိုး ဆက်တိုက် သွင်းသွားပါတယ်။

ဘရာဇီး နောက်တန်းဟာ ဂျာမနီ ရှေ့တန်းက လုပ်သမျှကို ဘာမှ မကာကွယ် နိုင် သလို ဖြစ်နေခဲ့ပါတယ်။

ဘယ်သူမှ မျှော်လင့် ထင်မှတ် မထားတဲ့ ရလဒ် မျိုးပါ။

ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ငါးကြိမ် တိုင်တိုင် ဗိုလ်စွဲ ခဲ့ဖူးတဲ့ နာမည်ကြီး အသင်းကြီးတသင်း အတွက်တော့ ကိုယ့်အိမ်ကွင်းမှာ ဒီလို မရှုမလှ ရှုံးနိမ့် ရတာဟာ မျက်နှာပန်း မလှလောက်အောင် အရှက်ရတဲ့ ပွဲတပွဲလို့ ဆိုရ ပါလိမ့်မယ်။

ဒုတိယပိုင်း မှာတော့ ဘရာဇီးဟာ ပထမပိုင်းထက် တည်တည်ငြိမ်ငြိမ် ကစားနိုင် ခဲ့ပေမယ့် ဂျာမနီက နောက်ထပ် ၂ ဂိုးသွင်း ခဲ့ပါသေးတယ်။

ပွဲပြီးကာနီး မိနစ် ကိုးဆယ် ကျမှ ဘရာဇီးလ်ဟာ အရှက်ပြေ တဂိုးသာ ပြန်သွင်းနိုင်ခဲ့ပါတယ်။

ဘရာဇီး ပရိသတ် အများအပြား ဟာ ငိုတောင် ငိုကြပါတယ်။

ဘရာဇီး ကစားသမား တချို့ လည်း ပွဲအပြီးမှာ ငိုပွဲဆင် ကြပါတယ်။

ထူးခြားတာ တခု ကတော့ ဂျာမနီ တိုက်စစ်မှူး မီရိုဆလပ်ဗ် ကလို့ဆာဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ၁၆ ဂိုးမြောက် ဂိုးကို သွင်းနိုင် ခဲ့တဲ့ အတွက် ဂိုးအများဆုံးသွင်းသူ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ