တတိယ လုပွဲနဲ့ ဗိုလ်လုပွဲ အကြို မြင်ကွင်း

  • 11 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် GETTY IMAGES
Image caption ဗိုလ်စွဲမယ့်သူ အာဂျင်တီးနားလား ဂျာမနီလား

၂၀၁၄ ကမ္ဘာ့ဖလားရဲ့ တတိယနေရာ လုပွဲကို စနေနေ့မှာ အိမ်ရှင် ဘရာဇီးနဲ့ နယ်သာလန်တို့ ယှဉ်ပြိုင် ကစားကြရမှာ ဖြစ်ပါတယ်။

နယ်သာလန် အသင်းရဲ့ နည်းပြ လူဝီ ဗန်ဟောလ် ကတော့ အဲဒီ တတိယ လုပွဲကို မကျင်းပသင့်ကြောင်း ပြောပါတယ်။

ဒီပြိုင်ပွဲမှာ ကမ္ဘာ့ဖလား ရနိုင်ဖို့သာ အဓိက ကျတဲ့ အကြောင်း သူက ပြောတာပါ။

ဗိုလ်လုပွဲ

တနင်္ဂနွေနေ့ ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာတော့ အာဂျင်တီးနားနဲ့ ဂျာမနီတို့ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

အိမ်ရှင် ဘရာဇီးရဲ့ မဟာပြိုင်ဘက်ကြီး အာဂျင်တီးနားနဲ့ ကစားရမယ့် ဂျာမနီ အသင်းဟာ ဘရာဇီး ပရိတ်သတ်တွေကို သူတို့အသင်းဘက်က အားပေးကြဖို့ ဆော်သြလိုက်ပါတယ်။

ဆီမီးဖိုင်နယ်မှာ ဘရာဇီးကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစား ခဲ့ပေမယ့် အဲဒီပွဲအပြီး အိမ်ရှင် ပရိတ်သတ်တွေရဲ့ ဂျာမနီ အသင်းအပေါ် သြဘာပေးခဲ့တဲ့ တုန့်ပြန်မှုနဲ့ ပတ်သက်လို့လည်း ဂျာမန် နည်းပြ ယော့ကင်မ်လဖ်က ချီးကျူးလိုက်ပါတယ်။

ဘရာဇီး လက်ရွေးစင် နေမာကတော့ သူ့ရဲ့ ဘာစီလိုနာ ကစားဖော် မက်ဆီနဲ့ မာစ်ချာရားနိုး တို့ရဲ့ အာဂျင်တီးနားကိုပဲ အားပေးမယ်လို့ ပြောပါတယ်။

ဒီ ဗိုလ်လုပွဲမှာ ဂျာမနီ နိုင်ခဲ့ရင်တော့ သူတို့အတွက် ၄ ကြိမ်မြောက် ဖလား ဆွတ်ခူးနိုင်မှာ ဖြစ်ပြီး အာဂျင်တီးနား နိုင်ရင်တော့ ၃ ကြိမ်မြောက် ရတာ ဖြစ်မှာပါ။

ဂျာမနီ နောက်ဆုံး ကမ္ဘာ့ဖလား ရခဲ့တာကတော့ ၁၉၉၀ ခုနှစ်က ဖြစ်ပြီး အဲဒီတုန်းက ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ၁ ဂိုး ဂိုးမ ရှိနဲ့ နိုင်ပြီး ရခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ