ဒီနေ့ ဓနသဟာယမှာ ကမ္ဘာ့အမြန်ဆုံးလူသား ယူစိန် ဘော့တ် ယှဉ်ပြိုင်မယ်

  • 1 ဩဂုတ် 2014

သြဂုတ်လ ၁ ရက်နေ့ ဓနသဟာယ အားကစားပြိုင်ပွဲကြီးမှာ အဓိက လူတွေ အာရုံစိုက်ကြမှာကတော့ နာမည်ကျော် အပြေးသမား ယူစိန် ဘော့တ်ပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂလာ့စဂိုမှာ ကလေးငယ်တွေနဲ့အတူ တွေ့ရတဲ့ ယူစိန် ဘော့တ်

ယူစိန် ဘော့တ်ဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံးလူသားအဖြစ် စံချိန်တင်ထားတာပါ။ သူဟာ မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ အပြေးတွေမှာ ကမ္ဘာ့စံချိန် ၊ အိုလံပစ် စံချိန်တင်ထားတာ ဖြစ်ပါတယ်။ မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့်၊ မီတာ ၂၀၀ ကို ၁၉.၁၉ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်ချိုး ပြေးထားသူ ဖြစ်ပါတယ်။

ယူစိန် ဘော့တ်ဟာ ဓနသဟာယပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ပြိုင်တာ ဖြစ်ပြီး မီတာ ၄၀၀ လက်ဆင့်ကမ်း အပြေးမှာ တခြား ဂျမေကာ အသင်းသားတွေနဲ့အတူ ယှဉ်ပြိုင်မှာပါ။ ဒါပေမယ့် မီတာ ၁၀၀ နဲ့ ၂၀၀ ကိုတော့ ဝင်မပြိုင်ပါဘူး။

ဓာတ်ပုံ မူပိုင် AP
Image caption ဓနသဟာယ Netball အားကစားကိုလည်း သွားအားပေးခဲ့တဲ့ ယူစိန် ဘော့တ်

ဓနသဟာယပြိုင်ပွဲဟာ အိုလံပစ်လောက် မကြီးဘူး၊ ပျင်းဖို့ကောင်းတယ်လို့ သူပြောတဲ့အကြောင်း မီဒီယာတစ်ခုက ရေးလိုက်တဲ့အတွက် ယူစိန် ဘော့တ်နဲ့ပတ်သက်ပြီး ဓနသဟာယ လောကမှာ ဆွေးနွေးငြင်းခုံစရာတစ်ခုတောင် ဖြစ်သွားပါတယ်။

ဒါပေမယ့် ယူစိန် ဘော့တ်ကတော့ ဒီလို ပြောခဲ့တယ်ဆိုတာ မဟုတ်ကြောင်း ငြင်းဆိုလိုက်ပြီး ဓနသဟာယဟာ ထူးထူးခြားခြား ကောင်းမွန်တဲ့အကြောင်း သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

ကောင်းကင်ကို မျှားတစ်စင်း ပစ်လွှတ်မယ့် လေးသည်တော် ပုံစံ အမူအရာမျိုး လုပ်ပြပြီး အောင်ပွဲခံတတ်တဲ့ ယူစိန် ဘော့တစ်ယောက် ဒီပြိုင်ပွဲမှာရော သူ့အသင်းသားတွေနဲ့အတူ အောင်ပွဲခံနိုင်မလား စောင့်ကြည့်ရမှာပါ။