ယူရို ၂၀၁၆ အုပ်စု C သုံးသပ်ချက်

  • 10 ဇွန် 2016
Lewandoski ဓာတ်ပုံ မူပိုင် reuters
Image caption ပြိုင်ဖက်တွေ သတိထားရမယ့် ပိုလန်တိုက်စစ်မှူး လီဝန်ဒိုးစကီး

အုပ်စု C မှာ ယူရိုပြိုင်ပွဲရဲ့ ပူးတွဲ အအောင်မြင်ဆုံးနဲ့ လက်ရှိ ကမ္ဘာ့ချန်ပီ ယံ ဂျာမနီ၊ နောက် ယူကရိန်း၊ ပိုလန်နဲ့ မြောက်အိုင်ယာလန်တို့ ပါဝင်ပါတယ်။ ဒီအုပ်စုမှာလည်း ဂျာမနီဟာ ပြိုင်ဖက် သုံးသင်းစလုံးထက် အတွေ့ကြုံ၊ ကစားသမား ဖွဲ့စည်းမှု၊ ခြေစွမ်း၊ အောင်မြင်မှုတွေ အားလုံးသာနေပါတယ်။

ယူကရိန်းက ၂၀၁၂ အိမ်ရှင်လုပ်တုန်းကပဲ ဒီပြိုင်ပွဲမှာ ပါဖူးပြီး ပိုလန်က ၂၀၀၈နဲ့ ၂၀၁၂မှာ နှစ်ကြိမ်၊ မြောက်အိုင်ယာလန်ကတော့ ဒီနှစ်မှာမှ ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်လာတဲ့အသင်း ဖြစ်ပါတယ်။

ဒီအုပ်စုမှာ ဂျာမနီက အခက်အခဲမရှိဘဲ အုပ်စုပထမရဖို့ရှိပါတယ် ။ ပိုလန်နဲ့ ယူကရိန်းတို့ကတော့ ဒုတိယနဲ့ အကောင်းဆုံး တတိယနေရာကို လုရဖို့ရှိပါတယ်။

စောင့်ကြည့်ရမယ့် သူတွေ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြိုင်ပွဲကြီးတွေမှာ ခြေစွမ်းပြတတ်တဲ့ သောမတ်မူလာ

အုပ်စု C မှာတော့ ကမ္ဘာ့ချန်ပီယံ ဂျာမနီအသင်းရဲ့ တိုက်စစ်မှူး သောမတ်မူလာ၊ မူလာရဲ့ ပိုလန်က ဘိုင်ယန်အသင်းဖော် ရောဘတ်လီဝန်ဒေါ်စကီးတို့က စောင့်ကြည့်ရမယ့်သူတွေပါ။

ဘိုင်ယန်မြူးနစ်အသင်း တစ်သင်းထဲမှာ တိုက်စစ်ပိုင်းကနေ ဂိုးတွေ တစ်ဒိုင်းဒိုင်းသွင်းပေးနေ တဲ့ တိုက်စစ်မှူးနှစ်ဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ မူလာက ၃၂ ဂိုး၊ လီဝန်ဒေါ်စကီးက ၄၂ဂိုး သွင်းထား ပါတယ်။ မူလာက ဂျာမနီ လက်ရွေးစင်အသင်းနဲ့ ပြိုင်ပွဲကြီးတွေမှာ ပိုပြီး ခြေစွမ်းပြလေ့ ရှိတဲ့သူပါ။ ၂၀၁ဝနဲ့ ၂၀၁၄ ကမ္ဘာ့ဖလား နှစ်ခုမှာ ၁ဝဂိုး သွင်းထားပါတယ်။ နိုင်ငံတကာပွဲ ၇၁ပွဲမှာ ၃၂ဂိုး သွင်းထားတယ်။

လီဝန်ဒေါ်စကီးက ဒီနှစ် ယူရိုခြေစစ်ပွဲတွေမှာ ၁၃ဂိုး အထိ သွင်းပြီး သမိုင်းတစ်လျောက် ခြေစစ်ပွဲတွေမှာ ပူးတွဲဂိုးအများဆုံး သွင်းထားနိုင်တဲ့သူ ဖြစ်ပါတယ်။ နိုင်ငံတကာပွဲ ၇၆ပွဲ မှာလည်း ၃၄ဂိုး သွင်းထားတယ်။

ဒီအုပ်စုမှာ မူလာနဲ့ လီဝန်ဒေါ်စကီးတို့ ထိပ် တိုက် ဆုံတွေ့မယ့် ဂျာမနီနဲ့ ပိုလန်တို့ရဲ့ အုပ်စု ဒုတိယပွဲက အကောင်းဆုံး ပွဲတစ်ပွဲဖြစ်လာ နိုင်ပါတယ်။