အလက်ပ်ပိုကို ဗုံးကြဲတာ ရပ်ဖို့ ကုလ အထူးကိုယ်စားလှယ် ရုရှားနဲ့ ဆီးရီးယား အစိုးရတွေကို ပန်ကြား

  • 6 အောက်တိုဘာ 2016
Image caption သူပုန်တွေကို ကိုယ်တိုင် လိုက်ပါ ပို့ဆောင် ပေးမယ်လို့ မစ္စတာ ဒီ မစ္စတူရာ ကမ်းလှမ်း

ဆီးရီးယားနိုင်ငံ အလက်ပ်ပို မြို့ အရှေ့ခြမ်း သူပုန် ထိန်းချုပ် နယ်မြေတွေမှာ ဗုံးကြဲ တာတွေ လုံးဝ ရပ်တန့်ဖို့ ကုလသမဂ္ဂရဲ့ ဆီးရီးယား ဆိုင်ရာ အထူး ကိုယ်စားလှယ် စတယ်ဖန် ဒီ မစ္စတူရာက ရုရှားနဲ့ ဆီးရီးယား အစိုးရတွေကို လှိုက်လှိုက်လှဲလှဲ ပန်ကြား ခဲ့ပါတယ်။

အဲဒီ့ နယ်မြေတွေမှာ အရပ်သား သုံးသိန်းကျော် စစ်ပွဲကြား ပိတ်မိ နေပါတယ်။

အယ်လ် နူစရာ အဖွဲ့ဝင်ဟောင်း ကိုးရာလောက် ရှိနေတာကို အကြောင်းပြပြီး အလက်ပ်ပို တမြို့လုံးကို ဖျက်စီးပြီး အရပ်သားတွေကို သတ်ဖြတ်နေမယ် ဆိုရင် ရုရှားနဲ့ ဆီးရီးယား အစိုးရတွေ အပေါ် သမိုင်းက အပြစ်ပေး ဒဏ်ခတ် လိမ့်မယ် ဆိုပြီး မစ္စတာ ဒီ မစ္စတူရာက ပြောခဲ့ပါတယ်။

အလက်ပ်ပို အရှေ့ခြမ်းကနေ သူပုန်တွေ ဘေးကင်းရန်ကင်း ထွက်သွား နိုင်အောင် သူကိုယ်တိုင် လိုက်ပါ ပို့ဆောင် ပေးမယ်လို့လည်း မစ္စတာ ဒီ မစ္စတူရာက ကမ်းလှမ်း ခဲ့ပါတယ်။

မစ္စတာ ဒီ မစ္စတူရာရဲ့ ကမ်းလှမ်းချက် ကို ရုရှား အစိုးရက စဉ်းစားမယ် ဆိုပြီး ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် က တုံ့ပြန် ပါတယ်။

ဆီးရီးယား နိုင်ငံမှာ အပစ်ရပ် သဘောတူမှု အသစ် ပြန်လည် ရရှိ နိုင်အောင် ကြိုးစား နေတဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ယန်း-မာ့ခ် အေရိုး လည်း မစ္စတာ လက်ဗ်ရော့ဗ် နဲ့ အတူ မော်စကို မြို့တော်မှာ ရှိနေပါတယ်။

အလက်ပ်ပို မှာ ဖြစ်ပျက်နေတာ တွေဟာ လုံးဝ သည်းညည်း ခံနိုင်ဖွယ်ရာ မရှိဘူး ဆိုပြီး မစ္စတာ အေရိုးက ပြောဆိုခဲ့ သလို၊ လူသားချင်း ဆိုင်ရာ စာနာ နားလည်တဲ့ အကူအညီတွေ အမြန်ဆုံး ရောက်ရှိနိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

ဒမတ်စ်ကတ်စ် မြို့တော်မှာ ရှိနေတဲ့ ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆတ် ကတော့ အလက်ပ်ပို က သူပုန်တွေ ဘက်က ဆီးရီးယား အစိုးရနဲ့ကြား နားလည် သဘောတူမှု မရယူပဲ အလက်ပ်ပို ကနေ ထွက်ခွာခွင့် ပေးမယ်ဆိုရင် ဘာ အဓိပ္ပာယ်မှာ မရှိဘူးလို့ ပြောနေပါတယ်။