ဟာရီကိန်း မက်သယူးဒဏ် ဟေတီမှာ ဘယ်လောက် ပြင်းခဲ့လဲ ပိုမို သိမြင်လာ

  • 6 အောက်တိုဘာ 2016
Image caption လူနေအိမ်တွေ ပျက်စီးပြီး အစာရေစာ မရှိ ဖြစ်နေရ။

ဟေတီနိုင်ငံ ဟာရီကိန်း မက်သယူး ဒဏ် ခံခဲ့ရပြီး နှစ်ရက် အကြာမှာတော့ နိုင်ငံတွင်း ဘယ်လောက် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီး ခဲ့ရသလဲ ဆိုတာ တွေ သိရှိ လာရပါတယ်။

အထူးသဖြင့် ဟေတီ အနောက်တောင်ပိုင်းက ကျွန်းဆွယ်မှာ အဆိုးရွားဆုံး ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။

သေဆုံးသူ စာရင်းထဲမှာလည်း လူ အယောက် သုံးရာ ကျော် သွားပြီ ဖြစ်ပြီး၊ ရော့ချ်-အ-ဘာထော နဲ့ ဂျရမီ ဆိုတဲ့ မြို့တွေက မြို့ခံတွေ အများစု ဖြစ်ပါတယ်။

အဲဒီ့ အရပ်တွေမှာ မုန်တိုင်းဒဏ်ကြောင့် လူနေအိမ်တွေဟာ မီးခြစ်ဆံချောင်းတွေလို တစဆီ ပြန့်ကျဲ ပျက်စီး ခဲ့ရပြီး၊ ဒုက္ခသည်တွေဟာ အစာရေစာ မရှိ ဖြစ်နေ ကြရပါတယ်။

ဟာရီကိန်း မက်သယူး ဟာ အခုအခါ မှာတော့၊ ဘဟားမားကို ကျော်ဖြတ်ပြီး အမေရိကန် ပြည်ထောင်စု အရှေ့တောင်ဘက်ပိုင်းကို ဦးတည် ရွေ့လျား နေပါတယ်။

သမ္မတ အိုဘားမားက ဖလော်ရီဒါ နဲ့ တောင် ကာရိုလိုင်းနား ပြည်နယ်တွေ မှာ အရေးပေါ် အခြေ အနေ ကြေညာ ထားပါတယ်။

အခုလို သမ္မတ အမိန့်နဲ့ အရေးပေါ် အခြေအနေ ကြေညာ ခဲ့တဲ့ အတွက် အဲဒီ့ ပြည်နယ်တွေမှာ ဗဟို အစိုးရ အနေနဲ့ လိုအပ်တဲ့ ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့မှု တွေနဲ့ အတူ ၊ အကူအညီတွေ ပေးနိုင် မှာ ဖြစ်ပါတယ်။

ဖလော်ရီဒါ နဲ့ တောင် ကာရိုလိုင်းနား အပါအဝင် အရှေ့ဘက် ကမ်းရိုးတန်း တလွှား ပြည်နယ် ၄ ခုက သန်းနဲ့ချီတဲ့ လူတွေဟာ မုန်တိုင်းက လွတ်အောင် ပြေးနေကြလို့ ကားလမ်းမ တွေမှာ ယာဉ်တွေ ကြပ်ပိတ် နေပါတယ်။

တစ်နာရီကို မိုင် ၁၄ဝ နီးပါး တိုက်ခတ် နေတဲ့ ဟာရီကိန်း မက်သယူးကို ပြင်းအား အဆင့် ၄ သတ်မှတ် ထားရပြီ ဖြစ်ပါတယ်။

ကမ်းရိုးတန်းတွေမှာ ပင်လယ် ရေလှိုင်းဟာ အမြင့် ၁၆ ပေကျော် အထိ ရိုက်ခတ် နိုင်ပြီး လှိုင်းဒဏ် ကြောင့် လွင့်လာတဲ့ အပျက်အစီး အစအန တွေဟာ အဆောက်အဦတွေ ထဲထိ ထိုးဖောက် ဝင်ရောက် နိုင်တယ်လို့ အမေရိကန် ဟာရီကိန်း စင်တာက သတိပေး ထားပါတယ်။