အမျိုးသမီးတွေ အပေါ် စော်ကားမော်ကား ပြောခဲ့တာတွေ အတွက် ရှက်ရွံ့မိတယ်လို့ ထရမ့် ပြော

  • 10 အောက်တိုဘာ 2016
Image caption လက်ဆွဲ မနှုတ်ဆက်ခဲ့တဲ့ သမ္မတလောင်း နှစ်ဦး

အမေရိကန် သမ္မတလောင်း နှစ်ဦးရဲ့ ဒုတိယ အကြိမ် မျက်နှာချင်းဆိုင် စကား စစ်ထိုးပွဲ ပြုလုပ် ခဲ့တာမှာ အမျိုးသမီးတွေ အပေါ် စော်ကားတဲ့ စကားတွေ ပြောခဲ့မိလို့ ရှက်မိကြောင်း ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့် ကပြောဆို ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်က လူရှေ့သူရှေ့ မဟုတ်ပဲ ဒီလို စကားမျိုးတွေ ပြောဆို ခဲ့မိပြီး အဲဒီ စကားတွေ အတွက် သူ့ အနေနဲ့ ဂုဏ် မယူပါဘူး ဆိုပြီးတော့ မစ္စတာ ထရမ့် က ပရိသတ်ရဲ့ အမေးကို တုံ့ပြန် ခဲ့ပါတယ်။

သူ ပြောဆို မိတာတွေ အတွက် ရှက်ရွံ့ မိတယ်လို့ မစ္စတာ ထရမ့်က ပြောခဲ့သလို သူ့ အနေနဲ့ အမျိုးသမီးတွေ အပေါ် လေးစား တန်ဖိုး ထားသလို အမျိုးသမီးထု ကလည်း သူ့ကို လေးစား ကြတယ်လို့ မစ္စတာ ထရမ့်က ဆိုပါတယ်။

အဲဒီ့ နောက်မှာတော့ မစ္စတာ ထရမ့်က နိုင်ငံရေး သမိုင်းမှာ ဘီလ် ကလင်တန်လောက် အမျိုးသမီးတွေ အပေါ် ကျူးလွန် စော်ကားဖူးသူ မရှိဘူးလို့ ပြိုင်ဘက် ဟီလာရီ ကလင်တန် ကို ခင်ပွန်းသည် သမ္မတဟောင်း ကလင်တန် နဲ့ ပတ်သက်ပြီး မစ္စတာ ထရမ့်က တန်ပြန် တိုက်ခိုက် ပြောဆို ခဲ့ပါတယ်။

မစ္စစ် ကလင်တန် ကတော့ 'သူတို့ အောက်တန်းကျကျ တိုက်ခိုက်ချိန်မှာ ကိုယ့်ဘက်က အထက်တန်း ကျနေ ပြရမယ်' ဆိုပြီး လက်ရှိ သမ္မတ ကတော် မီရှဲ အိုဘားမားရဲ့ စကားကို ကိုးကား ပြောဆို ခဲ့တာမှာ ပရိသတ်က လက်ခုပ်လက်ဝါးတီး အားပေး ခဲ့ပါတယ်။

မစ္စစ်ကလင်တန် နိုင်ငံခြားရေး ဝန်ကြီးဘဝက အစိုးရ ရုံး ကိစ္စတွေ မှာ ကိုယ်ပိုင် အီးမေးလ် အသုံး ပြုခဲ့တာနဲ့ ပတ်သက်ပြီး မစ္စတာ ထရမ့်က ပြောဆို ခဲ့တာမှာ သူသာ သမ္မတ ဖြစ်လာရင် မစ္စစ် ကလင်တန်ရဲ့ အီးမေးလ် ကိစ္စကို အထူး စုံစမ်းဖို့ နိုင်ငံတော် ရှေ့နေချုပ်ကို အမိန့် ပေးမယ်လို့ ဆိုပါတယ်။

မစ္စစ် ကလင်တန် ကတော့ အမေရိကန်ရဲ့ ဥပဒေ ရေးရာမှာ ဒေါ်နယ်ထရမ့်လို စိတ်ခက်ထန်သူ တစ်ဦး တာဝန်ယူ ကိုင်တွယ် မနေတဲ့ အချက်ဟာ အင်မတန် ဝမ်းသာစရာ ကောင်းလှ တယ်လို့ တုံ့ပြန် ခဲ့ပါတယ်။

အီးမေးလ် ကိစ္စနဲ့ ပတ်သက်လို့ မစ္စစ် ကလင်တန် က သူ့ အနေနဲ့ အမှားအယွင်း ပြုလုပ် မိခဲ့ကြောင်း တောင်းပန် စကား ပြောခဲ့ပေမယ့် သူ့ရဲ့ အပြုအမူကြောင့် တိုင်းပြည်ရဲ့ ဘယ်လို ထိပ်တန်း လျှို့ဝှက်ချက်မျိုးမှ မသက်ဆိုင်သူတွေဆီ ရောက်မသွား ခဲ့ဘူးလို့ ခုခံ ကာကွယ် ခဲ့ပါတယ်။