ရီပတ်ဘလစ်ကင် ထိပ်တန်း ခေါင်းဆောင်က ထရမ့်ကို ဆက် မထောက်ခံ နိုင်ဘူးလို့ ပြော

  • 10 အောက်တိုဘာ 2016
Image caption လွှတ်တော် နှစ်ရပ်စလုံး ဒီမိုကရက်တွေ လက်ထဲ ရောက် မသွားဖို့ပဲ လုပ်ဆောင်တော့မယ်

ရီပတ်ဘလစ်ကင် ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ပေါလ်ရိုင်ယန်က သူ့အနေနဲ့ အခုအချိန်က စလို့ ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့် နဲ့ ပတ်သက်ပြီး ခုခံ ကာကွယ် ပြောဆိုတာမျိုး၊ ရွေးကောက်ပွဲ အနိုင်ရဖို့ စည်းရုံး လှုံဆော် ပေးတာမျိုးတွေ ပြုလုပ်မှာ မဟုတ်တော့ဘူးလို့ ပြောဆို လာပါတယ်။

ဟီလာရီ ကလင်တန် စိတ်ကြိုက် လုပ်ချင်တာတွေ လုပ်လို့ မရအောင်နဲ့ လွှတ်တော် နှစ်ရပ်စလုံး ဒီမိုကရက်တွေ လက်ထဲ ရောက်မသွားဖို့ အရေးတွေကိုပဲ ရည်မှန်းချက်ထား လုပ်ဆောင် တော့မယ် ဆိုပြီးတော့လည်း မစ္စတာ ရိုင်ယန်က ရီပတ်ပလစ်ကင် အမတ်တွေကို ပြောခဲ့ ပါတယ်။

အောက်လွှတ်တော် ဥက္ကဌရဲ့ အခုလို ပြောဆိုလာမှု အပေါ် မစ္စတာ ထရမ့်က မစ္စတာ ရိုင်ယန် အနေနဲ့ သူ့ကို တိုက်ခိုက်နေမယ့် အစား ဘတ်ဂျက် အသုံး စားရိတ်တွေကို စာရင်းကိုက်အောင် ကြိုးစားတာမျိုး၊ တရားမဝင် လူဝင်ရောက်မှု ပြဿနာကို ဖြေရှင်းတာမျိုး တွေ လုပ်ဆောင် နေသင့်တယ်လို့ တုံ့ပြန် ခဲ့ပါတယ်။

အမေရိကန် သမ္မတလောင်း နှစ်ဦး ရုပ်မြင်သံကြားပေါ် ဒုတိယ အကြိမ် ခါးခါးသည်းသည်း စကား စစ်ထိုး ခဲ့ကြ အပြီး နောက်တစ်ရက်မှာပဲ အခုလို အခြေအနေတွေ ပေါ်ထွန်း လာတာ ဖြစ်ပါတယ်။