ဆီးရီးယားအရေး အမေရိကန်နဲ့ ရုရှား ဆွေးနွေးပွဲ ပြန်စမယ်

  • 12 အောက်တိုဘာ 2016
Image caption အလက်ပ်ပိုကို လေကြောင်း တိုက်ခိုက်တာတွေ ပြန်လုပ်တာ နှစ်ရက် ရှိနေပြီ

ဆီးရီးယား နိုင်ငံထဲ သွေးမြေကျနေတဲ့ ဖြစ်ရပ်တွေကို ရပ်တန့် နိုင်ဖို့ အရေး တွေ့ဆုံ စကားပြော တွေ ပြန်လုပ်မယ် ဆိုပြီး အမေရိကန်နဲ့ ရုရှားတို့က ကြေညာပါတယ်။

ဆီးရီးယားထဲ နောက်ဆုံး ရယူထားတဲ့ အပစ်ရပ် သဘောတူမှု ကျိုးပျက် ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ အစွမ်းကုန် တိုးမြင့် လာခဲ့ပြီးအမေရိကန်က ရုရှားနဲ့ အကြား ညှိနှိုင်းမှု အားလုံးကို ရပ်ဆိုင်းထားတာ ၉ ရက် ရှိနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အခု အခါမှာတော့ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွစ်ဇာလန်မှာ အခု လာမယ့် စနေကျရင် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံပွဲကို ဒေသတွင်း အဓိက အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ တူရကီနဲ့ အီရန်တို့လည်း တက်ရောက်လာဖို့ မျှော်လင့် ရပါတယ်။

ဆွစ်ဇာလန် နိုင်ငံ ခရီးစဉ်နဲ့ အတူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ လန်ဒန် မြို့ကိုလည်း ရောက်လာဖို့ ရှိနေပြီး ဆီးရီးယား အကြပ်အတည်း ပြဿနာကို ယူကေ အစိုးရနဲ့ အကြား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီ အချိန်မှာပဲ၊ ဆီးရီးနိုင်ငံ အလက်ပ်ပိုမြို့ အရှေ့ဘက်ခြမ်း သူပုန် ထိန်းချုပ် နယ်မြေတွေ မှာတော့ လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန် ဆက်လက် ဖြစ်ပေါ် နေပြီး အနည်း လူ ၂၅ ယောက် ထပ်မံ သေဆုံး သွားတယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက် နေသူတွေက ပြောပါတယ်။

အရပ်သားတွေ ရှိရာ နေရာတွေကို ဗုဒ္ဓဟူးနေ့က ပစ်မှတ်ထား တိုက်ခိုက်မှု ၂၅ ကြိမ် ရှိခဲ့တယ် ဆိုပြီး အရပ်သား ကာကွယ်ရေး အဖွဲ့ ဆိုပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ ပရဟိတ ဖွဲ့ထား ကြသူတွေက ပြောပါတယ်။

အသေအပျောက် အများဆုံး ဖြစ်ခဲ့တဲ့ နေရာကတော့ ဖာဒူ့စ် ဆိုတဲ့ အရပ်က လူစည်ကားရာ စျေးတန်းမှာ လေကြောင်း တိုက်ခိုက် ခံခဲ့ရတဲ့ အတွက် အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အနည်းဆုံး ၁၅ ယောက် သေဆုံး ခဲ့တယ် ဆိုတဲ့ သတင်းတွေ ရရှိ ထားပါတယ်။

အလက်ပ်ပိုကို ဆီးရီးယား အစိုးရနဲ့ ရုရှားတို့ လေကြောင်း တိုက်ခိုက်တာတွေ အကြီးအကျယ် ပြန်လည် လုပ်ဆောင် လာတာ နှစ်ရက် ရှိနေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ